အကောက်ခွန်သဘောတူညီချက်အပြီးသတ်တော့မည့် အမေရိကန်နှင့် အင်ဒိုနီးရှား

Powered by Drupal

           အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ခွင့်ပြုချက်များရရှိပြီးနောက် နှစ်နိုင်ငံသည်အပြန်အလှန်အကောက်ခွန်သဘောတူညီချက်ကို အပြီးသတ်လျှက်ရှိကြောင်း စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က အောက်တိုဘာလ ၈ ရက်နေ့က ပြောကြားခဲ့ပါသည်။ Hartarto ကသဘောတူညီချက် ဥပဒေ မူကြမ်းရေးဆွဲသည့်လမ်းကြောင်းပေါ်တွင်ရှိနေပြီး လျှင်မြန်စွာပြီးမြောက်ရန်မျှော်လင့်ကြောင်းနှင့် ထိုအဆင့်ကို မကြာမီပြီးမြောက်ရန်မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။ အကောက်ခွန် ကင်းလွတ်ခွင့်များသည် အဓိကအားဖြင့် အင်ဒိုနီးရှားကထုတ်လုပ်နိုင်ပြီး အမေရိကန်က မထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများအပေါ်တွင်ဖြစ်ကြောင်း သိရပါသည်။ ဥပမာအနေဖြင့် ဆိုပါက စားအုန်းဆီ၊ ကိုကိုး နှင့် ချောကလတ်တို့သည် အကောက်ခွန် သုည ရာခိုင်နှုန်း ဖြစ်ကြောင်း သိရပါသည်။ ကနဦးအနေဖြင့် အမေရိကန်သည် အင်ဒိုနီးရှားကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၃၂ ရာခိုင်နှုန်းချမှတ်ခဲ့သော်လည်း သမ္မတ ၂ ဦးအကြားဖုန်းပြောဆိုခြင်းပါဝင်သော ညှိနှိုင်း ဆွေးနွေးမှုများပြီးနောက် နှုန်းထားသည် ၁၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရပါသည်။ Hartarto သည်အကောက်ခွန် လျှော့ချရေးညှိနှိုင်းဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ ကိုဦးဆောင်ကာ အမေရိကန်သို့သွားရောက်ခဲ့ကြောင်း သိရပါသည်။ သဘောတူညီချက်တစ်စိတ် တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားသည် အမေရိကန်ထံမှစွမ်းအင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံနှင့် ဘိုးရင်းလေယာဉ်အစီး ၅၀ ဝယ်ယူရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ သမ္မတ Prabowo ကဆုံးဖြတ်ချက်အားလုံးသည် ဂရုတစိုက် သုံးသပ်ရပြီး နိုင်ငံတော် စီးပွားရေး မူဝါဒများတွင် အင်ဒိုနီးရှားလုပ်သားများကို ကာကွယ်ရန်ဦးစားပေးရကြောင်း ပြောကြားခဲ့ပါသည်။ ထိုသဘောတူညီချက်သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာ မရေရာမှုများကြားတွင် အင်ဒိုနီးရှားနှင့် အမေရိကန်ကြား ကုန်သွယ်ရေး ဆက်ဆံမှုအား ကောင်းရန် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။

   DOCA (ရန်ကုန်)