Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့နယ်၏ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်နှင့် စတုတ္ထအပတ်၏ စက်သုံးဆီ ဈေးနှုန်းအခြေအနေ

      မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအားနေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါ သည်။ မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးနေပြီး လိုအပ်သလောက်ရောင်းချပေးနေကြောင်း သိရှိရပါသည်။

     ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစက်သုံးဆီဈေးနှုန်းများမှာ          92(၁)လီတာလျှင်ကျပ်(၃၀၁၅)၊ 95(၁)လီတာလျှင် ကျပ်(၃၀၉၀)၊ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင်  ကျပ် (၂၆၉၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင်ကျပ်(၃၂၉၀) ဖြစ်ပြီး စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ 92(၁)လီတာလျှင်  ကျပ်(၃၀၄၀) ၊ 95(၁)လီတာလျှင် ကျပ် (၃၁၀၀)၊ ဒီဇယ် (ရိုးရိုး)(၁)   လီတာလျှင် ကျပ်(၂၇၀၀)၊ ဒီဇယ် (ပရီမီယံ) (၁) လီတာလျှင် ကျပ် (၃၂၉၅) တို့ဖြစ်၍ ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက 92(၁) လီတာလျှင် ကျပ် (၂၅)၊ 95(၁) လီတာလျှင် ကျပ်(၁၀)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ်(၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာ လျှင် ကျပ်(၅) တို့ဈေးနှုန်း အနည်းငယ်မြင့် တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ညောင်ဦးမြို့နယ်တွင် ဆောင်နှမ်းများစတင်စိုက်ပျိုး

            ညောင်ဦးမြို့နယ်တွင် စက်တင်ဘာလ(၂၀)ရက်နေ့တွင် မိုးရွာသွန်းမှုများရှိခဲ့၍ ဆောင်းနှမ်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

          ဆောင်းနှမ်းကို စက်တင်ဘာလတွင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုး သောမျိုးများမှာ နှမ်းလျှင်၊ နှမ်းဖြူ၊ ဂေါ်ရာနှင့်နှမ်းနက်မျိုးများ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်နှင့် ပက်ကြဲစနစ် နှစ်မျိုးလုံးကို စိုက်ပျိုးကြပြီး တစ်ဧကကုန်ကျမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်(၄၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့်(၇)တင်းခန့်ထွက်ရှိပါသည် ဈေးနှုန်းအနေဖြင့် နှမ်းနက်ပေါ်စအချိန်တွင် တစ်တင်း လျှင်(၂၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကတောင်သူအကျိုးအမြတ်အနေဖြင့် (၁၀) သိန်းကျော်ခန့် ရရှိကြောင်း၊ ယခုနှစ်တွင် ဈေးကွက်ဝယ်လိုအားကောင်းသော နှမ်းနက်မျိုးများ စိုက်ပျိုး လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ နှမ်းများသန့်စင်ပြီး မြို့ပေါ်ပွဲရုံများသို့ ကိုယ်တိုင် တိုက်ရိုက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေးသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA (မန္တလေး)       

                                                                            

မကွေးမြို့ပေါ်ရှိဈေးများ၌ အာလူးဈေးနှုန်းမြင့်တက်

       မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ယင်းချောင်းတလျောက်ရှိ ကျေးရွာများနှင့် စလင်း (ဆင်ဖြူကျွန်း) မြို့ နွယ်တမယ်ချောင်း တလျောက်ရှိ ကျေးရွာများတွင် အာလူးကို စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် မကွေးမြို့ပေါ်ရှိဈေးများ၌ ရောင်းချနေသော အာလူးဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်၍ စက်တင်ဘာလ (ပထမပတ်)နှင့်(စတုတ္ထပတ်) နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း၊ တိုင်းဒေသကြီးအတွင်း ထွက်ရှိသော အာလူးများ ရာသီ ကုန်သွားပြီး ရှမ်းပြည်နယ်ဘက်တွင်လည်း အာလူးစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုနည်းသောကြောင့် ဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ညောင်ဦးခရိုင်၏ မိုးပဲတီစိမ်းနှင့်မိုးကြိုပဲတီစိမ်းစိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေ

            ညောင်ဦးခရိုင်အနေဖြင့် မိုးပဲတီစိမ်းနှင့်မိုးကြိုပဲတီစိမ်းကို ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီ တွင် စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၁၇၀၁၂)ဧက လျာထားခဲ့ပြီး(၁၁၉၆၆)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခင်နှစ် ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့်(၃၄၇၃၈)ဧက လျာထားခဲ့ပြီး(၃၂၅၀၉) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧပျမ်းမျှအထွက်နှုန်းအနေဖြင့်(၁၀)တင်းနှုန်းဖြင့် အထက်တင်း စုစုပေါင်း (၃၃၁၇၈၇) တင်းထွက် ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။

          မိုးပဲတီစိမ်းကို မေလတွင်စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့်မျိုးများအနေဖြင့် ကျောက်စိမ်း မျိုး၊ ရေဆင်း(၁၁)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးရာသီတွင ်မိုးရွာသွန်းမှု ကောင်းသောကြောင့် အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပဲတီစိမ်းတစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်(၃၀၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်းသိရ သည်။ ပဲတီစိမ်းဈေးနှုန်း အနေဖြင့် ပဲအရည်အသွေးပေါ်မူတည်၍ ပဲတီစိမ်းတစ်တင်းလျှင်(၉၀၀၀၀-၁၀၅၀၀၀)ကျပ် ‌ဈေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး တင်ပို့မှုအနေဖြင့် မြို့ပေါ်ရှိပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

     DOCA (မန္တလေး)                     

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော ဆိတ်သား ဈေးနှုန်း/ ဈေးကွက် အခြေအနေ

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့ရှိ ဈေးကြီးများနှင့် သားငါးကုန်သည်များထံမှ ရရှိသောအချက်အလက်များအရ ဆိတ်သား၏ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ မှ ၄၀,၀၀၀ အတွင်း ရှိနေကြောင်း သိရပါသည်။

            ဆိတ်သားဈေးနှုန်းအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကထက် ယခုအခါတွင် အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရပါသည်။ ဤမြင့်တက်မှုသည် မိုးရာသီကာလအတွင်း ဆိတ်အရေအတွက် ရောင်းချမှုနည်းပါးလာခြင်း၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်နိုင်ကြောင်း ကုန်သည်များက ဆိုပါသည်။

            ပုသိမ်မြို့အနေဖြင့် ဆိတ်သားဈေးကွက်တွင် ဒေသခံမှ မွေးမြူထားသော ဆိတ်များနှင့် အနီးအနားရှိ ကျေးရွာများမှ တင်ပို့လာသော ဆိတ်များ ရောနှောရောင်းချနေခြင်း ဖြစ်ပါသည်။ ဆိတ်သားအား နေ့စဉ်စားသုံးမှုထက် အထူးပွဲလမ်းသဘင်များ၊ ဧည့်ခံပွဲများနှင့် ကျန်းမာရေးအကြောင်းပြချက်များဖြင့် ဝယ်ယူစားသုံးမှုများပြားကြောင်း သိရပါသည်။ ဆိတ်သားသည် ပရိုတိန်းဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ယူဆထားသည့် အလေ့အထများကြောင့် ဝယ်လိုအားရှိနေဆဲဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြင်းခြံမြို့နယ်၏မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းအခြေအနေ

          မြင်းခြံမြို့နယ်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီများကို စိုက်ပျိုးလျှက်ရှိရာ မိုးငရုတ်များကိုလည်းစိုက်ပျိုးထားရှိကြောင်း၊ မိုးငရုတ်ကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်း ထွက်ပေါ်လေ့ရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ကာအထိ (၄) လခန့်ကြာမြင့် ကြောင်းသိရှိရသည်။၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်လျာထား (၂၇၆၅)ဧက အနက်မှ စိုက်ပျိုးပြီးဧက (၆၀၉) စိုက်ပျိုးထားရှိကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦး စီးဌာန၏စာရင်းများ အရသိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသော ဧကများဆက်လက် စိုက်ပျိုးဖြစ် မည်ကြောင်း၊  မိုးငရုတ်များကို တောပုရွာ၊ သင်ပြွန်းရွာ၊ တူရွင်းဘို့ရွာ၊ ဒါးကျွန်းရွာ၊ ဂင့်ဂဲရွာနှင့် ဖက်ပင်အိုင်ကျေးရွာစသည်တို့တွင် အဓိကစိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ် တွင် ငရုတ်သီးစိမ်းအစိုတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊  ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၀၅၀၀-၁၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ဒေသတွင်း ရှိပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မန္တလေး)

မြင်းခြံမြို့နယ်၏ပဲလွမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းအခြေအနေ

         မြင်းခြံမြို့နယ်သည် ပြောင်းပြာဆည်ရှိပြီး မိုးကောင်းသောက်ယာမြေများတွင်ဆေးရွက်ကြီး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ‌နှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားလျက်ရှိရာ ပဲလွမ်းသီးနှံကို လည်းစိုက်ပျိုး ထားကြောင်း၊ ပဲလွမ်းသီးနှံအား အရောင်ကိုလိုက်၍ ပဲလွမ်းဖြူ၊ ပဲလွမ်းနီ၊ ပဲစာဥဟုခေါ် ကြကြောင်း၊ ပဲလွမ်းသည် ရေငတ်ဒဏ်နှင့် မြင့်မားသောအပူချိန်ကိုခံနိုင်သည့် ပဲတစ်မျိုးဖြစ်ကြောင်း၊ စိုက်ပျိုး ချိန်မှာ ဇူလိုင်လမှစ၍ အောက်တိုဘာလအထိစိုက်ပျိုးကြပြီး၊ ရိတ်သိမ်းချိန်မှာ ဒီဇင်ဘာလ မှစ၍   ဇန်နဝါရီလအထိ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြင်းခြံ မြို့နယ်၌ ပဲလွမ်းပဲကိုစီမံကိန်းသီးနှံအဖြစ် (၂၂၅၀) ဧကလျာထား ချက်အပေါ်(၄၂၁)ဧက စိုက်ပျိုးပြီး စီးကြောင်းနှင့် ဆက်လက်စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား အောက်တိုဘာလအထိ လျာထား ချက်ပြည့်မှီအောင်  စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီး ဌာန၏ စာရင်းများအရ သိရှိရသည်။  ပဲလွမ်းသီးနှံစိုက်ပျိုးထားရှိမှုကို ထနောင်းတိုင်ရွာ၊ ပျော်ဘွယ် စံပြရွာ၊ တလုပ်မြို့ရွာ၊ ရွာသစ်ရွာ၊ ကွမ်းစိုက်ရွာနှင့် သင်ပြွန်းကျေးရွာ များတွင် အများဆုံး စိုက်ပျိုး ကြကြောင်း၊  တောင်သူများ အနေဖြင့် ပဲလွမ်းသီးနှံအားရေဆင်း-၁မျိုးနှင့် ရေဆင်း-(၂) မျိုးကိုစိုက် ပျိုး ထားရှိကြောင်း၊ ပဲလွမ်းသီးနှံ စိုက်ပျိုးထားရှိမှုကို တန်းကြားစနစ်ဖြင့် နှံစားပြောင်း၊ ဝါသီးနှံတို့ဖြင့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ်တွင် မြင်းခြံမြို့ နယ်ရှိပွဲရုံများ၌ ပဲလွမ်းတစ်တင်းလျှင် (၆၂၇၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။

DOCA (မန္တလေး)

 

ပုသိမ်မြို့ရှိ ကြက်သားဈေးနှုန်း/ ဈေးကွက်

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့ရှိ အဓိကဈေးကြီးများဖြစ်သော မြို့မဈေး၊ ကုလားကုန်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချနေသော ကြက်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ရှိကြောင်း သိရှိရပါသည်။

            ယခင် စက်တင်ဘာလ တတိယပတ်ကဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အတန်ငယ်မြင့်တက်လာခဲ့သော်လည်း ဝက်သားဈေးနှုန်းများထက် ပိုမိုတည်ငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ကြက်သားဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ မိုးရာသီကြောင့် ကြက်မွေးမြူရေးအတွက် အစာကုန်ကျစရိတ်များ မြင့်တက်မှု၊ ရောဂါကာကွယ်ရေးအတွက် ကျပ်ငွေကုန်ကျမှုများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့်ဖြစ်ကြောင်း ဒေသခံမွေးမြူရေးသမားများထံမှ သိရှိရပါသည်။

            ပုသိမ်မြို့အနေဖြင့် ကြက်သားထုတ်လုပ်မှုတွင် ဒေသခံမွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သည့် ကြက်သားများနှင့် အနီးအနားရှိ မြို့နယ်များမှ တင်ပို့လာသော ကြက်သားများ ရောနှောရောင်းချနေရခြင်းကြောင့် ဈေးနှုန်းများ အနည်းငယ်ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။ ဈေးကွက်အတွင်း ကြက်သားဝယ်လိုအားမှာ ပုံမှန်ထက်ပိုမိုမြင့်မားနေပြီး ဒေသခံများ၏ နေ့စဉ်စားသုံးမှု၊ ပွဲလမ်းသဘင်များနှင့် အလှူအတန်းများအတွက် ဝယ်ယူသုံးစွဲမှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သားသည် စားသုံးမှုအတွက် ဈေးနှုန်းချိုသာပြီး ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ယူဆထားသည့် အလေ့အထများကြောင့် ဝယ်လိုအားမြင့်မားနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော ကြောင်လျှာသီး ဈေးနှုန်းအခြေအနေ

            မြန်မာလူမျိုးများအတွက် ကြောင်လျှာသီးဟင်းလျာသည် စားချင်စဖွယ်ရာသီစာအဖြစ် နှစ်သက်စွာ ချက်ပြုတ်စားသောက်ကြပါသည်။ ကြောင်လျှာသီးသည် မိုးရာသီတွင် ပေါ်ရောက်လေ့ရှိသော်လည်း ပုသိမ်မြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလို စက်တင်ဘာလ၌လည်း ဈေးကွက်အတွင်း တွေ့ရှိရဆဲဖြစ်ပါသည်။

            ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများ၌ ရောင်းချနေသော ကြောင်လျှာသီးအများစုမှာ ဒေသတွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ကြောင်လျှာသီးများနှင့် ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကျောင်းကုန်းမြို့နယ်များမှ သယ်ယူရောင်းချသော ကြောင်လျှာသီးများဖြစ်ကြောင်း သိရပါသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) ဈေးနှုန်းများအရ ကြောင်လျှာသီး အတောင့်သေး တစ်တောင့်လျှင် ကျပ် (၁,၀၀၀) မှ (၁,၂၀၀) အထိ၊ အတောင့်ကြီး တစ်တောင့်လျှင် ကျပ် (၁,၅၀၀) မှ (၂,၀၀၀) အထိ ဈေးနှုန်းဖြင့် အရည်အသွေး၊ အရွယ်အစားနှင့် လတ်ဆတ်မှုပေါ် မူတည်၍ ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော မာလကာသီး ဈေးနှုန်းအခြေအနေ

              ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများ၌ ရောင်းချနေသော မာလကာသီးများကို ပုသိမ်မြို့နယ်အတွင်းရှိ ခြံများမှ ရယူရောင်းချခြင်းနှင့် အနီးဝန်းကျင်ဒေသများဖြစ်သော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်များမှ ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) ဈေးနှုန်းများအရ မာလကာသီး တစ်လုံးလျှင် အမြင့်ဈေး ကျပ် (၁၅၀၀)၊ အလတ်ဈေး ကျပ် (၁၀၀၀)၊ အနိမ့်ဈေး ကျပ် (၇၀၀) ခန့်ဖြင့် အသီး၏ အရည်အသွေး၊ အရွယ်အစားနှင့် လတ်ဆတ်မှုအပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ပုသိမ်မြို့နယ်တွင် ဒေသတွင်းထွက်ကုန်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်နှင့် ဝယ်ယူမှုအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများ ကွဲပြားမှုရှိနိုင်ကြောင်း သတိပြုရန် လိုအပ်ပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း