Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငရုတ်စိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက် အခြေအနေ

      ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ငရုတ် (၁၀၄၃) ဧက စိုက်ပျိုးရန်လျာထားပြီး မေလမှ စတင်စိုက်ပျိုးခဲ့ရာတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ငရုတ် (၄၉၇) ဧက၊ မိုင်းခတ်မြို့၌ ငရုတ် (၂၅၅) ဧက၊ မိုင်းပျဉ်းမြို့၌ ငရုတ် (၂၉၅) ဧက စုစုပေါင်း (၁၀၄၇) ဧက  စိုက်ပျိုးခဲ့ပြီး ဩဂုတ်လမှ ယခု စက်တင်ဘာလ (၁၅) ရက်နေ့ထိ ငရုတ်သီးနှံ ရိတ်သိမ်းခဲ့ရာတွင် ကျိုင်းတုံမြို့ (၆၀) ဧက၊ မိုင်းခတ်မြို့ (၂၅၅) ဧက၊ စုစုပေါင်း (၃၁၅) ဧက ရိတ်သိမ်းပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ (၁၅.၉.၂၀၂၅) ရက်နေ့ထိ စာရင်းအရ သိရှိရပါသည်။

   ကျိုင်းတုံခရိုင်၌ ဒေသနှင့်ကိုက်ညီပြီး အရေအသွေးကောင်း ဒေသမျိုးများ အဓိကထား စိုက်ပျိုး ကြကြောင်း သိရှိရပါသည်။ အဆိုပါ ငရုတ်စိုက်ပျိုးသည့် တောင်သူများမှာ တစ်ဧက အထွက်နှုန်း တိုးတက်စေရန် မျိုးကောင်း၊ မျိုးသန့် ထုတ်လုပ်သုံးစွဲရေးအတွက် မြေပြုပြင်ခြင်း (ပျိုးခင်း)၊ မြေပြုပြင်ခြင်း (စိုင်းခင်း)၊ စိုက်ပျိုးခြင်း၊ စိုက်ခင်းထိန်းသိမ်းခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ သွင်းအားစုများ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ (၁၈) သိန်းကျော် ခန့် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

   ယခု ၂၀၂၅ ခုနှစ်တွင် ငရုတ် တစ်ဧကအထွက်နှုန်းမှာ ပိဿာချိန် (၇၇၀) ခန့် ထွက်ရှိကြောင်း သိရပါသည်။ ယခု ငရုတ် တစ်ပိဿာလျှင် (၅) ထောင်ကျပ် ခန့်မှန်းပေါက်ဈေးအရောင်းအဝယ်ရှိပြီး ငရုတ် ပိဿာချိန် (၇၇၀) ကို (၅) ထောင်ကျပ်နှုန်းဖြင့်ရောင်းလျှင် (၃၈) သိန်းကျော်ခန့်ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (၁၈) သိန်းကျော်ခန့်နှုတ်လျှင် ငရုတ်စိုက် တောင်သူများ အနေဖြင့် ငရုတ် တစ်ဧကစိုက်လျှင် (၁၅) သိန်းကျော်ခန့် အမြတ်အစွန်းရရှိမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA(ရှမ်း)

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပင်မှည့်သီး ဈေးနှုန်း ဈေးကွက် အခြေအနေ

    ပင်မှည့်သီးသည် ချဉ်သောအရသာရှိ၍ ဗီတာမင်-စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ရေဓာတ်နှင့် အခြားသော သက်စောင့်ဓာတ်တွေ ကြယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ကာ နှလုံးကျန်းမာရေးအတွက်လည်း အထောက် အကူပြုပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများသည့် အသီးဖြစ်ပါသည်။ ပင်မှည့်သီးကို ထက်ခြမ်းခွဲပြီး အနှစ်ကိုစားသုံးနိုင်သလို ဖျော်ရည်ပြုလုပ်၍လည်း သောက်သုံးနိုင်ပါသည်။ ယခုလို မိုးနှောင်းပိုင်းတွင် မြန်မာပြည်တွင်း၌ ပင်မှည့်သီးများ ပေါပေါများများထွက်ရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ဈေးကွက်အတွင်း၌ ဇူလိုင်လ တတိယပတ်တွင် ဈေးကွက်အတွင်း စတင် ဝင်ရောက်လာပြီး တစ်လုံးလျှင် ၇၀၀ ကျပ်မှ ၈၀၀ကျပ်အထိရှိကာ၊ ဩဂုတ်လတွင် ဈေးကွက် အတွင်း၌ ဝင်ရောက်မှုများခဲ့ပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်ထိ ဈေးကျဆင်းသွားကြောင်းစုံစမ်းသိရှိရပါသည်။၊ ပင်မှည့်သီးကို ရှမ်းပြည်နယ်တွင် အောင်ပန်း၊ ရပ်စောက်၊ ပင်လုံ၊ နမ့်စန်၊ လားရှိုး၊ ၊ မိုင်းပန်၊ မူဆယ်၊ ကျောက်မဲမြို့များတွင် အဓိကစိုက်ပျိုးထွက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းဈေးကွက်

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ဈေးကွက်အတွင်း ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူအား လတ်ခြား၊ ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅၊  ထူးလွန် လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား၊ ထူး-၁၊ ထူး-၂ ကိုဆိုရင် ဒေသတွင်းမှာ အရောင်းအဝယ်လုပ်ပြီး စက်တင်ဘာလတတိယပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ် ၁၀၀၀၊ (ထူး-၁) ကျပ် ၁၂၀၀၊ (ထူး-၂) ကျပ် ၁၆၀၀၊ (ထူး-၃) ကျပ် ၂၀၀၀၊ (ထူး-၄) ကျပ် ၃၀၀၀၊ (ထူး-၅) ကျပ် ၃၅၀၀၊ (ထူးလွန်) ကျပ် ၄၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပွဲရုံဈေးမှာ (လတ်ခြား) ကျပ် ၁၃၀၀၊ (ထူး-၁) ကျပ် ၁၅၀၀၊ (ထူး-၂) ကျပ် ၂၀၀၀၊ (ထူး-၃) ကျပ် ၂၃၀၀၊ (ထူး-၄) ကျပ် ၃၃၀၀၊ (ထူး-၅) ကျပ် ၄၀၀၀၊ (ထူးလွန်) ကျပ် ၄၅၀၀ ရှိကြောင်းသိရှိရပါတယ်။ ထွက်ရှိသော ရှမ်းကြက်သွန်ဖြူကို အောင်ပန်းမြို့မှ တစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြန်မာပြည်အနှံ့အပြားတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါ သည်။

DOCA(ရှမ်း)

 

တောင်ကြီးမြို့ပေါ်ရှိနာနတ်သီးဈေးကွက်

       တောင်ကြီးမြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလလ တတိယပတ်တွင်  ရောင်းချနေသော ရိုးရိုးနာနတ်သီးတစ်လုံးလျှင် (၅၀၀၀-၆၀၀၀)ကျပ်နှင့် ပျားနာနတ်သီး တစ်လုံးလျှင် (၇၀၀၀-၈၀၀၀) ကျပ် ပေါက်ဈေးများရှိ ကြောင်း၊ အသီးအရွယ်အစား အကြီး၊ အသေးနှင့် အရည်အသွေးပေါ်မှုတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊ ရာသီပေါ်နာနတ်သီးများ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိ‌ကြောင်း ဆိုက်ခေါင်၊ မိုင်းကိုင်ဘက်မှ ရောက်လာသော နာနတ်သီးများကို လက်လီ ရောင်းချသော သစ်သီးဆိုင်များ၊ ကားများဖြင့် လှည့်လည်ရောင်းချသော ဈေးသည်များ၊ သစ်သီးဖျော်ရည်ဆိုင်များအား ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ နာနတ်သီးတွင် ဗီတာမင်များစွာ ပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း၊ စားသုံးခြင်းဖြင့် ကိုယ်ခံအားကိုမြင့်မားစေပြီး ရောဂါဝင်ရောက်မှုကို ကာကွယ်ပေးကြောင်း၊ သကြားဓာတ်ပါဝင်သောကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာပြီး အအေးမိတုပ်ကွေးရောဂါဖြစ်ခြင်းမှကာကွယ်၍ ကိုယ်ခံအားကောင်းစေကြောင်း၊ အရိုးများကိုသန်မာစေ၍ အရိုးပွခြင်းကိုကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူပြုသောကြောင့် အာဟာရပြည့်ဝပြီး လတ်ဆတ်သော နာနတ်သီးများကို ရွေးချယ်စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(ရှမ်း)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၉၆၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၈၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၁၀၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၂၀၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၂၅.၉.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူနှင့် မုံရွာကြက်သွန်နီမှာ ၂၃.၉.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျပြီး မြင်းခြံကြက်သွန်နီဈေးနှုန်းမှာ ၂၃.၉.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးတည်ငြိမ် နေကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)

စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

       ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၅.၉.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၇၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၀၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၈၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင်  မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၅၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၇၇၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်ရှိရာမှ ၇၄၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၀ ရှိရာမှ ၃၀၀၀၀၀ ကျပ်ခန့်၊ ပဲပုတ် ၂၀၂၅ အတွက် ၁၅၅၀၀ တန်ချိန်ရှိရာမှ ယခုတစ်ပတ်တွင် ၁၅၈၀၀ ဝန်းကျင်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒေးဒရဲမြို့နယ်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

               မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်အလိုက်မြို့ကြီးများ၏ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေစဉ်သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ဒေးဒရဲမြို့နယ်တွင် စက်သုံးဆီဆိုင်(၄)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျှက်ရှိကာ စက်သုံးဆီပြတ် လတ်မှုမရှိဘဲ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ် ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း ယခင် စက်တင်ဘာလ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ Octane (92) တစ်လီတာလျှင်(၂၉၉၅)ကျပ်၊ ဓာတ်ဆီ Octane (95) တစ်လီတာလျှင်(၃၀၆၅)ကျပ်၊ဒီဇယ်ရိုးရိုး HSD တစ်လီတာလျှင်(၂၆၄၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင် (၃၂၄၅)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု စက်တင်ဘာလတတိယအပတ်တွင်စက်သုံးဆီဈေးနှုန်းများမှာဓာတ်ဆီOctane(92) တစ်လီတာ လျှင် (၂၉၆၅)ကျပ်၊ဓာတ်ဆီ Octane (95) တစ်လီတာလျှင် (၃၀၄၀)ကျပ်၊ဒီဇယ်ရိုးရိုး HSD တစ်လီတာလျှင် (၂၆၄၅)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင် (၃၂၄၅)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျှက်ရှိကာ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စီးပွားဖြစ်စိုက်ပျိုးသင့်သော နဂါးမောက်သီးနှံအကြောင်း

      နဂါးမောက်ပင်ကို မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် မှစတင်စိုက်ပျိုး၍ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တွင် စတင်တွင်ကျယ်လာကာ ၂၀၀၇ ခုနှစ်ခန့်မစ၍ စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြ သည်။ နဂါးမောက်ပင်သည် ဈေးကွက်အလားအာကောင်းသော သီးနှံတစ်မျိုးဖြစ်ပြီး ပိုးမွှားရောဂါ ကျရောက်မှုနည်းသောကြောင့် ဓာတုပစ္စည်းလွတ် စိုက်ပျိုးထုတ်လုပ်နိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးပုံသဏ္ဍာန်နှင့်အသီးခွံအရောင်မှာ ဆွဲဆောင်မှုရှိသဖြင့် အိမ်နှင့်စားသောက်ဆိုင်များ၊ ပန်းခြံများ တွင်လည်း အလှပင်အဖြစ်စိုက်ပျိုးကြသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည်။

          နဂါးမောက်ပင်သည် တောင်အာဖရိကတိုက်မှ စတင်ဆင်းသက်လာပြီး လွန်စွာ အေးသောရာသီ ဥတုနှင့်ပတ်ဝန်းကျင်တွင် နဂါးမောက်ပင် သေဆုံးစေနိုင်သည်ကို  သမိုင်းကြောင်းအရ လေ့လာသိရှိ ရပါသည်။ နဂါးမောက်ပင်သည် ရှားစောင်းနွယ်ပင်တို့၏ လက္ခဏာစရိုက်များ(Coctus)ဖြင့် ရှိသော် လည်း ပြင်းပြသောအပူရှိန်တို့အောက်တွင် ခံနိုင်ရည်မရှိသည်ကို တွေ့ရသည်။

          နှစ်စဉ်မိုးရေချိန်လက်မ၂၀မှ ၅၀ အတွင်းရရှိသော အပူပိုင်းဒေသနှင့်အပူလျော့ပိုင်းဒေသများသည် နဂါးမောက်စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်သည်။ စွတ်စိုသော အပူပိုင်းဒေသတွင် အပင်ကောင်း စွာဖြစ် ထွန်းသော်လည်း အသီးတင်မှုနည်းနိုင်သည်။ အမြင့်ဆုံးအပူချိန် (40 )နှင့် အနိမ့်ဆုံးအပူချိန်(-20℃ )  အကြားတွင်သာ အပင်ရှင်သန်နိုင်ပြီး (40 )နှင့်အထက်ရက်အတော်ကြာလျှင်သော် လည်း ကောင်း (-20℃ ) အောက် ရက်အတော်ကြာလျှင်သော်လည်းကောင်း အပင်၏အစိမ်းရောင်အပိုင်းသည်ဝါ၍ ပျော့ပုတ် သွားတတ်သည်။ အပူလွန်ခြင်းကြောင့် Central Core ပျက်စီးနိုင်သော်လည်း အေးလွန်းလျှင် Central Core ပျက်စီးပြီး အပင်သေစေနိုင်သည်။ Dry  Cold ထက် Wet Cold ကို ပိုကြိုက်သဖြင့် ဆောင်းရာသီတွင် ရေပေးရန်လိုအပ်သော အပင်မျိုးဖြစ်၍ စိုက်ပျိုးရန်အသင့်လျော်ဆုံးအပူချိန်မှာ ( 2℃ )မှ (29℃ )အတွင်းဖြစ်ပါသည်။

          နဂါးမောက်ပင်ဖြစ်ထွန်းအောင်မြင်စေရန်အတွက် ရေစိမ့်ဝင်မှုကောင်းသော သဲနုန်းမြေသည် အသင့်လျော်ဆုံးဖြစ်သည်။ သဲပါဝင်မှုနှုန်းမှာ ၁၀% မှ ၃၀% အတွင်းဖြစ်ပြီး မြေစေးတွင် အပင် ဖြစ်ထွန်းမှု နှေးကွေးပြီး အသီးသီးမှုနောက်ကျတတ်ပါသည်။ အသင့်လျော်ဆုံးမြေချဉ်ငံကိန်းမှာ PH 6.5-7.5 ဖြစ်ပါသည်။

နဂါးမောက်သီးကို မြန်မာအမည် နဂါးမောက်သီးနှင့် အင်္ဂလိပ်အမည် Dragon Fruit ဖြစ်သော် လည်း ဒေသအလိုက်အမည်များကွဲပြားနိုင်သည်။ ရုက္ခဗေဒအမည် Hylocereus သည်ပင် ဂရိဘာသာ အားဖြင့် Hyle- thicket ၊ cerew- candle ဆူးပါသော ဖယောင်းတိုင်ဟူ၍ဖြစ်သည်။ မူရင်းဒေသတွင် စပိန်ဘာသာဖြင့် Pitahaya ဟုခေါ်သည်။ Hylocereus Undortus သည် အသီးအခွံအနီရောင်းနှင့် အတွင်းသားမှာ အဖြူရောင်ဖြစ်သည်။ Hylocereus polyrhizus သည် အသီးအခွံအနီရောင်နှင့် အတွင်းသားများမှာ အနီရောင်ဖြစ်သည်။ Selenecereus megalanthus သည် အသီးအခွံအဝါရောင်နှင့် အတွင်းသားမှာ အဖြူရောင်ဖြစ်သည်။ ၎င်းမျိုးစိတ်(၃)မျိုးတွင် မျိုးစိတ်ပေါင်း(၂၆)မျိုးကျော်ပါဝင်သည်။

          နဂါးမောက်ပင်သည် သစ်ပင်များတွင်တွယ်ကပ်၍ ကပ်ပါးပင် True epiphytic အဖြစ်လည်း ကောင်း၊ ကျောက်တုံးများတွင် တွယ်ကပ်၍ Non- epiphytic အဖြစ်လည်းကောင်း ပေါက်ရောက်နိုင် သော အပင်မျိုးဖြစ်သည်။ သစ်သားတိုင်တွင် တွယ်ကပ်သောနည်းသည် နဂါးမောက်အတွက် အကောင်း ဆုံးစိုက်ပျိုးနည်းဖြစ်ပြီး အမြစ်ထွက်အားကောင်း၍ အပင်ကိုပိုမိုရှင်သန်ကာ ကြီးထွားမှုမြန်စေသည်။

          နဂါးမောက်ပင်စည်သည် များသောအားဖြင့် သုံးမြောင့်ပုံဖြစ်သည်။ အစေ့မှပေါက်သော အပင် ငယ်များသည် ပင်စည်(၄-၅-၆)မြောင့်ရှိသည်။ ပင်စည်မှာအစိမ်းရောင်ဖြစ်ပြီး အစာချက်လုပ်မှု လုပ်ဆောင်၍ အစိမ်းရောင်သုံးမြောင့်ပုံအရွယ်များရဲ့အလယ်မှာ မာကျောသော ပင်စည်အဆစ်ရှိသည်။ အမျှင်လွှာသုံးလွှာဖြင့် ဖုံးအုပ်ထားပြီး အပြင်မှာ သုံးမြောင့်ပုံအစိမ်းရောင်အရွက်များဖြစ်သည်။ အပင်၏ အတွင်းဆုံးအလွှာ(Core) အမျှင်(Fiber)နှင့်သုံးမြောင့်ပုံအရွက်များကို စုပေါင်းပြီး ပင်စည်ဟုခေါ်သည်။

          နဂါးမောက်အမြစ်များသည် ဘေးသို့ဖြာထွက်ပြီး မြေအောက်အနက်သို့ (၈)လက်မခန့်သာ ဆင်းသည်။ အမြစ်များသည် ပင်စည်ရဲ့ မည်သည့်နေရာကမဆိုထွက်နိုင်ပြီး တွယ်ကပ်သည့် မျက်နှာ ပြင်နှင့် နီးသောနေရာမှထွက်သည်။ မျက်နှာပြင်ကြီးလေ အမြစ်ထွက်နှုန်းကောင်းလေဖြစ်သည်။ ထောက်တိုင်များမှတဆင့် မြေပြင်သို့ဆင်း၍ အစာကိုစုပ်ယူနိုင်သောကြောင့် ဖြစ်ထွန်းနှုန်း၊ အသီးထွက် နှုန်းကောင်းလေသည်။ အမြစ်အားလုံးသည် အလယ်အူတိုင်မှ ဖြန့်ထွက်ပြီးအောက်သို့ဆင်း၍  ရေပေး သွင်းလျှင်လည်း တွယ်ကပ်မြစ်အားလုံးပါ ရေပက်ဖျန်းပေးသင့်ကြောင်းလေ့လာမှုအရသိရသည်။

          နဂါးမောက်သည် ညတွင်ပန်းပွင့်ပြီး အလွန်မွှေးပျံ့သော ရနံ့ရရှိပြီး(၆)လမှ(၁)နှစ်သက်တမ်းရှိ သော အကိုင်းများမှပန်းပွင့်သည်။ ညဘုရင်မ( Queen of the night ) ဟု တင်စားခေါ်ဝေါ်ကြသည်။ ပန်းဖူးစထွက်သည့်မှ(၁၅)ရက်ကြာလျှင် ပန်းပွင့်ပြီး ပန်းဖူးစထွက်သည်မှ (၃၀)ရက်မှ(၃၅)ရက်ကြာလျှင် အသီးဆွတ်ခူးနိုင်သည်။ S.megalanthus သည် Fall Flowering ဖြစ်ပြီး ဇွန်လလယ်ပိုင်းတွင် ပန်းဖူးစထွက်၍(၄၅)ရက်ကြာလျှင် အသီးဆွတ်ခူးနိုင်သည်။ ညနေပိုင်း(သို့)ညပိုင်းတွင် ပန်းစပွင့်ပြီး ပုံမှန်အားဖြင့် နေထွက်လာသည့် နံနက်(၆)နာရီခန့်တွင် ညိုးသွားသည်။ အသီး၏အတွင်းသားအရောင် အဖြူမျိုးတွင် ဖွင့်ဖတ်သည်အစိမ်းရောင်၊ ဖွင့်ချပ်သည် အဝါရောင်သမ်းသော နို့နှစ်ရောင်ဖြစ်ပြီး အတွင်းသားခရမ်းနီရောင်မျိုးတွင် ဖွင့်ဖတ်သည် နီညိုရောင်၊ ဖွင့်ချပ်သည် အနီရောင်သမ်းသော နို့နှစ် ရောင်ဖြစ်သည်။ ၎င်းမျိုးမှာ H.stenopterus နှင့် H.extensus တို့ဖြစ်သည်။

          အသီးအရွယ်အစားမှာမျိုးအလိုက် ဂေါက်သီးအရွယ်မှ အချင်း(၆)လက်မခန့်အရွယ်ထိရှိသည်။ အလေးချိန်အားဖြင့် (၃၅၀)ဂရမ်မှ(၇၀၀)ဂရမ်ထိရှိပြီး အချို့မျိုးမှာ(၁၀၀၀)ဂရမ်ထိကြီးမားသော အသီး များလည်းရှိသည်။ အသီးခွံ၏ အရောင်မှာ အနီရောင်၊ ပန်းခရမ်းရောင်၊ ပန်းရောင်၊ အဝါရောင်သမ်းသော

ပန်းရောင်၊ အဝါရောင်တို့ဖြစ်သည်။ အတွင်းသားအရောင်မှာ အဖြူရောင်၊ ခရမ်းနီရောင်၊ ပန်းရောင်တို့ ဖြစ်သည်။ မြန်မာပြည်တွင် အတွင်းသားအဖြူရောင်နှင့်ခရမ်းနီရောင်များသာရှိပြီး မန္တလေးတိုင်းဒေသ ကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အဖြူရောင်နှင့်ခရမ်းနီရောင်တို့ကို (၂၁၀)ဧက စိုက်ပျိုးထား ကြောင်း သိရှိရသည်။

          နဂါးမောက်ပင်ကို အရွယ်ရောက်ပြီးအပင်မှ ကိုင်းဖြတ်များကိုရယူ၍ အပင်သစ်အဖြစ် စိုက်ပျိုးကြသည်။ အစေ့မှစိုက်ပျိုးခြင်းထက် ကိုင်းဖြတ်စိုက်ပျိုးခြင်းသည် ပိုမိုလျှင်မြန်စွာကြီးထွားပြီး သီးပွင့်မှုကို(၆)လမှ(၁)နှစ်အတွင်း ရရှိနိုင်သည်။ မျိုးကိုင်ကိုရွေးချယ်စိုက်ပျိုးစဉ်မှစ၍ ကြီးထွားသန်မာ သော မျိုးကိုင်းများကို ရွေးချယ်ဖြတ်တတ်ရန် လိုအပ်ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် နဂါးမောက်ပင်ကို ၉'×၉' ပတ်လည်အတန်းစိုက်စနစ်ဖြင့် စိုက်ပျိုးကြသည်။ သစ်သားတိုင်၊ ကွန်ကရစ်တိုင်များကိုသုံးသည့် စိုက်ပျိုးစနစ်ဖြင့်လည်းကောင်း၊ တိုင်ထောင်ပဲစိုက်ပျိုးသည့်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ တိုင်စနစ်တွင် တစ်ဧကလျှင်အပင် (၁၆၀၀)ခန့်စိုက်ပျိုးကြပြီး နဂါးမောက်ပင်သည် အစောဆုံး ဧပြီလတွင် ပန်းဖူးစဝင်၍ မေလတွင် ပန်းပွင့်ကာ ဇွန်လတွင်အသီးစထွက်သည်။ ဧပြီလတွင် အပူချိန်မြင့်မားခြင်း၊ မိုးရေမရရှိခြင်းတို့ကြောင့် အဖူးအားလုံးပန်းမပွင့်နိုင်ဘဲ အဖွင့်အားလုံးလည်း အသီးမတင်နိုင်ပါ။ မေလတွင် ပန်းဖူးအရေအတွက် များလာပြီး အဖူးအပွင့်အားလုံးနီးပါး အသီးတင်ပါသည်။ အသီးများထွက်နိုင်သောကာလမှာ ဇူလိုင်လ၊ ဩဂုတ်လနှင့်စက်တင်ဘာလများဖြစ်သည်။ စက်တင်ဘာလတွင်  ပန်းဖူးဝင်မှုနည်းသောကြောင့် အောက်တိုဘာလတွင် အသီးအထွက်နှုန်းပြန်လျော့သွားသည်။ နဂါးမောက်ပင်သည် တစ်ရာသီတွင် (၁၀)ကြိမ်ခန့် ခူးဆွတ်ရသည်။ အသီးထွက်ရာသီ ရှည်သောကြောင့် ဝင်ငွေရရှိမှုကာလကြာရှည်သည်။ နဂါးမောက်ပင်တစ်ဧက စိုက်ပျိုးလျှင်(၈၂၇)သိန်းကျပ်ခန့်ကုန်ကျနိုင်ပါသည်။ တစ်ဧကပျမ်းမျှအထွက် နှုန်းအနေဖြင့်(၈၇၁၂)ပိဿာခန့် ထွက်ရှိကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နဂါးမောက်သီး စတင်ထွက်ရှိသည့် အချိန်တွင် (၁)ကီလိုလျှင်(၁၀၀၀)ကျပ်ခန့်ရှိသည်။ စက်တင်ဘာလ ပထမပတ်တွင် (၁)ကီလိုလျှင်(၁၅၀၀-၂၀၀၀)ကျပ်ခန့်မြင့်တက်လာသည်။ စက်တင်ဘာလ ဒုတိယ ပတ်တွင် နဂါးမောက်သီး(၁)ကီလိုလျှင်(၅၀၀၀)ကျပ်မှ(၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ကြသည်။ ၎င်းရက် များတွင် ကျောက်ပန်းတောင်မြို့နယ် ပုပ္ပားကျေးရွာတွင် အဘအောင်မင်းခေါင်ထွက်ပွဲသို့ လာရောက်ကြ သော ရပ်ဝေးဧည့်သည်များ လာရောက်မှုများ၍ ပိုမိုဈေးကောင်းရရှိပြီး ပုံမှန်ထက် အရောင်းအဝယ် ဖြစ်ကြပါသည်။ ယခုအချိန်တွင် နဂါးမောက်သီး (၁)ကီလိုလျှင်(၃၀၀၀-၄၀၀၀)ကျပ်သို့ ကျဆင်း၍ဈေးငြိမ်လျက်ရှိသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နဂါးမောက်ပင်ကို နတ်ကန်လည် ကျေးရွာ၊ လျှော်တောကျေးရွာ၊ ပျဉ်မကြီးကျေးရွာ၊ လည်ကျင်ခေါင်း၊ ဆည်၊ ဆည်မ၊ ဘိုတဲ စသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး လွန်အိုင်ကျေးရွာ၊ လက်ပံပျားကျေးရွာတို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ နဂါးမောက်သီးများကို တင်ပို့ရောင်းချသည့်ဈေးကွက်အနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော် စသည့်မြို့ကြီးများသို့ အများဆုံးတင်ပို့ရောင်းချကြသည်။

          နဂါးမောက်သီးသည် အဟာရဓာတ်ကြွယ်ဝသော သီးနှံတစ်မျိုးဖြစ်ပြီး အစာချေဖျက်အား ကောင်းစေသည်။ အူမကြီးကင်ဆာနှင့်ဆီးချို၊ ဆီးလွန်ရောဂါတို့ကို ကာကွယ်ပေးပြီး ကိုယ်လက်စရော ကိုလျော့ကျစေနိုင်ပါသည်။ သွေးတိုးနှုန်းကိုလည်း ကျစေနိုင်သလို အမြဲစားသုံးပေးခြင်းဖြင့် ချောင်းဆိုး ရင်ကြပ်ရောဂါကိုလည်းပျောက်ကင်းစေပါသည်။ အသီးမှည့်အနေဖြင့်     စားသုံးကြသည့်အပြင် ဂျယ်လီ

တွင်ထည့်၍လည်းကောင်း၊ နွားနို့နှင့်ရောစပ်၍လည်းကောင်း၊ ဝိုင်ပြုလုပ်၍လည်းကောင်း၊ ယိုပြုလုပ်၍ လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးကြလေ့ရှိကြပါသည်။

          နဂါးမောက်ပင်သည် တစ်နှစ်တွင်(၅)လခန့် ဝင်ငွေရရှိအပင်တစ်မျိုးဖြစ်ပြီး အဟာရဓာတ်ကြွယ်ဝ သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို ပိုးမွှားရောဂါကျရောက်မှုနည်းပါးသော  ကြောင့် ဓာတု ပစ္စည်းလွတ် ထုတ်လုပ်နိုင်သော အသီးတစ်မျိုးလည်းဖြစ်သောကြောင့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ် စားသုံးပေးသင့်သော  သီးနှံပင်တစ်မျိုးဖြစ်ပါကြောင်း စုစည်းလေ့လာရေးသားလိုက်ရ ပါသည်။

DOCA (မန္တလေး)   

မူလ ပဲဆီကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး၊ ဦးစီးမှူးသည် ၂၂-၉-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ မူလ ပဲဆီကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

     ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက် ၍ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်း အမှတ်အသားများကို ၂၀၁၉၊စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

DOCA (မန္တလေး)      

မြင်းခြံဈေးကွက်၌‌ရောင်းချနေသောကျွဲကောသီးဈေးနှုန်းများ

      မြင်းခြံမြို့၊ အေးမြသီတာဈေးတွင်ရောင်းချသော ကျွဲကောသီးများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူ၍ ‌ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်း သိရှိရသည်။ ကျွဲကောသီး ဝယ်ယူစားသုံးပါက တောင်ကြီးမြို့မှ ထွက်ရှိသောအသီးသည် အရည် အသွေး ကောင်းပြီး ရွေးချယ်ဝယ်ယူစားသုံးပါက အကောင်းဆုံးဖြစ်ကြောင်း၊  ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ကျွဲကောသီးလက်လီတစ်လုံးလျှင် (၃၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ် များသောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန်အထောက်အကူပြုခြင်းကြောင့် စားသုံးမှုများ ကြောင်း၊ နေ့စဉ်ကျွဲကောသီးအလုံးရေ (၃၀-၅၀) လုံးခန့် လက်လီ၊လက်ကား ရောင်းချရကြောင်း သစ်သီး‌ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း