
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နဂါးတွင်းကျေးရွာတွင် အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံအနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀ ပတ်လည်တွင် အပင်အရေအတွက် ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဂန္ဓမာပန်းကို မေလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄လအကြာ အောက်တိုဘာလတွင် ခူးဆွတ်ရောင်းချကြောင်း၊ မျိုးအနေဖြင့် ဂန္ဓမာပန်း(အဝါကြီး)မျိုးကို ယခင်နှစ် စိုက်ပျိုးပြီးအညွန့်ကိုဖြတ်၍ စိုက်ပျိုးခြင်းနှင့် ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါသော ကိုင်းများကို ပျိုးထောင်၍လည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ပန်းပင်များကို ၅ရက်-၇ရက်ခြား တစ်ကြိမ် ပိုးသတ်ဆေးဖြန်းပေးရပြီး ဂန္ဓမာပန်း စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေဘောင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ရေတင်သွင်းခြင်း၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ဂန္ဓမာပန်း(အဝါကြီး) အရောင်းအဝယ်ဖြစ်သည့်ဈေးအနေဖြင့် ယခင်နှစ်က တစ်စည်းလျှင် ၁၅၀၀ ကျပ် ရရှိခဲ့ပြီး ယခုနှစ်တွင် ပန်း ၆ပွင့်-၇ပွင့်ပါ တစ်စည်းလျှင် ၁၅၀၀ ကျပ် ရောင်းချရကြောင်း၊ ပန်း ၁၀ ပွင့် ၁၅ ပွင့်ပါတစ်စည်းလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ ရောင်းချရပါကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပျိုးပြီး ပြစုပျိုးထောင်မှုကောင်းမွန်လျှင် သုံးသားအထိ ချိုးယူခူးဆွတ်နိုင်ပြီး ပန်းစပွင့်သည်မှ ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ကြောင်း၊ ယခုနှစ်တွင် မိုးများပြီး အရွက်အဖျားအနာကျသဖြင့် ပန်းအထွက်နှုန်းနည်းပါးသွားခြင်းဖြစ်၍ ဈေးကောင်းရရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၀သိန်းခန့် ရရှိကြောင်း၊ ပန်းအဝယ်ဒိုင်များက စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထို့မှတစ်ဆင့် မုံရွာမြို့ရှိ ပန်းဈေးကွက်များသို့ ပြန်လည်၍ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
