Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

 ‌     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၂၂-၃-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၈-၃-၂၀၂၃)ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းပြာတစ်အိတ်လျှင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၃၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းဖြူတစ်အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းနီတစ်အိတ်လျှင် ကျပ်(၂၆၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၄၈၀)အိတ်၊ နှမ်းပြာ(၁၁၀)အိတ်၊ နှမ်းဖြူ(၈၅)အိတ်နှင့် နှမ်းနီ(၉၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ(နီ) (၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀) ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ်(၆၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် ကျပ်(၇၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၇၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၅၀၀) ဖြစ်၍ ကျပ်(၃၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၈၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေးလျော့ခဲ့ကြောင်း၊  ယခင်အပတ်တွင် ဘိုကိတ်ပြာတစ်တင်းလျှင် ကျပ်(၄၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစင်းငုံ(နီ) (၂၈၀၀) အိတ်၊ မတ်ပဲ(၃၀၀) အိတ်၊ ကုလားပဲ(HL) (၇၅၀) အိတ်၊ ကုလားပဲ(မြကြေး) (၇၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၈၀)အိတ်နှင့် ပဲကြီး(၇၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

     မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၀၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀)ဖြစ်၍ ကျပ်(၇၅)ဈေးလျော့ခဲ့ပါသည်။ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၆၁၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပါကြောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် မြေပဲလုံးဆံ(နီ)(၃၈၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၄၈၀)အိတ်နှင့် မြေပဲတောင့်အစိုတင်း(၄၂၀၀)တင်းတို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

     ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန် (၂၅၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဝါသီးနှံ၊ နှမ်းသီးနှံ၊ မတ်ပဲ၊ ကုလားပဲ(HL)၊ ကုလားပဲ(မြကြေး)၊ မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ)နှင့် မြေပဲတောင့်(အစို)သီးနှံများကို မန္တလေးမြို့သို့တင်ပို့ရောင်းချရပါကြောင်း၊ ဘိုကိတ်ပြာ၊ ပဲစင်းငုံ(နီ)တို့ကို ရန်ကုန်မြို့သို့တင်ပို့ရောင်းချလျက်ရှိပြီး ပဲကြီးသီးနှံအား အောင်လံမြို့အတွင်းရှိ ပဲကြော်လုပ်ငန်းရှင်များအား ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ကော့လုံကျွန်း၏ ဖူးစားပြောင်းဖူးဈေးနှုန်း

  ကရင်ပြည်နယ်၊ ကော့လုံကျွန်းမှထွက်ရှိသော ဖူးစားပြောင်းများမှာ ၁ဖူးလျှင် ၂၅၀ကျပ်၊ ၅ဖူးလျှင် ၁၀၀၀ကျပ်ဖြင့် ဘားအံမြို့၊ ရေပေါ်ဈေးတွင် အရောင်းအဝယ်သွယ်လျက်ရှိကြောင်း သိရပါသည်။

     ကရင်ပြည်နယ်တွင် ဆောင်းသီးနှံဖြစ်သော ဖူးစားပြောင်းများကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်းရိတ်သိမ်းကြောင်းနှင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ချုပ်ဖူးစားပြောင်း (ဆောင်း) စိုက်ဧက ၅၇၀၈ ဧက၊ ရိတ်သိမ်းဧက ၁၀၂၁ဧကဖြစ်ကာ  တစ်ဧကလျှင်  အထွက်နှုန်းမှာ ၉၆၄၁ ဖူး၊ စုစုပေါင်း အထွက်နှုန်းမှာ ၉၈၄၃၄၆၁ဖူးဖြစ်ကြောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ကော့လုံကျွန်းသည် နုန်းတင်မြေနုကျွန်းအမျိုးအစားဖြစ်ပြီး သဘာဝမြေဆီတင်ကျန်ရရှိမှုကောင်းမွန်သောကြောင့် သီးနှံများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြောင်းနှင့် ကော့လုံကျွန်းထွက် ဖူးစားပြောင်းများမှာ အရသာနူးညံ့ချိုသာ၍ ဒေသတွင်းအရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

တောင်ငူမြို့မှ စိမ်းစိမ်းစိုပျိုးဥယျာဉ်

   တောင်ငူမြို့ရှိ စိမ်းစိမ်းစို ပျိုးဥယျာဉ်တွင် ပျိုးပင်များစွာရှိသည့်အနက် လူအများ စိုက်ပျိုးလေ့ရှိသည့်ပန်းပျိုးပင်များဖြစ်သည့် ခေါင်ရမ်းပန်း၊ ဇော်မွှေးပန်း၊ သစ်ခွပန်း၊ ရွက်လှပန်းမျိုးစုံ၊ ဆယ့်နှစ်ရာသီ ကံ့ကော်ပန်းများနှင့် ခရစ္စမတ်ပင်များမှာ အရောင်းသွက်လျက်ရှိပါသည်။

     ထိုပန်းပျိုးပင်များမှာ ဈေးကွက်အတွင်းတွင် အရောင်းသွက်လျက်ရှိရာ ခေါင်ရမ်းပန်းပျိုးပင် တစ်ထုပ်လျှင် ၂၅၀၀ကျပ်၊ ဇော်မွှေးပန်းပင်ပျိုးထုပ်တစ်ထုပ်လျှင် ၂၅၀၀ ကျပ်၊ သစ်ခွပန်း ပျိုးပင် တစ်ထုပ်လျှင် ၂၅၀၀ ကျပ်၊ ရွက်လှပန်း ပျိုးပင်တစ်ထုပ်လျှင် ၇၀၀၀ ကျပ်၊ ဆယ့်နှစ်ရာသီ ကံ့ကော်ပန်းပျိုးပင်တစ်ထုပ်လျှင် ၃၀၀၀၀ကျပ် ဖြင့်လည်းကောင်း၊ ခရစ္စမတ်ရာသီတွင် ရောင်းအား ကောင်းလျက်ရှိသော ခရစ္စမတ်ပျိုးပင်တစ်ထုပ်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

     စိမ်းစိမ်းစို ပျိုးဥယျာဉ်တွင် မျိုးပေါင်းနှစ်ရာကျော်ရှိကြောင်းနှင့် အချို့ပျိုးပင်များအား ကိုယ်ပိုင်မြေကွက်တွင် စိုက်ပျိုးပြီး ပျိုးထုပ်လေးများထုပ်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအနည်းငယ်အတက်အကျရှိ

       တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ဧည့်မထဈေးနှုန်းမှာ မတ်လ(တတိယ)ပတ်က တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်ရှိရာမှ  ယခုအပတ်တွင် တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

       မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ရှိပါသည်။ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၁၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာပါသည်။

       ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး တစ်ပိဿာ ၁၀၀၀ ကျပ်၊ အကြီးတစ်ပိဿာလျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၅၅၀၀ ကျပ်နှင့် အကြီး ၅၈၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ငရုတ်သီးမှာ အရှည်တောင့် တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ ဈေးနှုန်းတည်ငြိမ်နေပါသည်။ အာလူးမှာလည်း တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံမှာ အနီ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ အဖြူ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင် ဖြူးမြို့မှ အေးရိပ်စံ ကိတ်နှင့် ရေခဲမုန့်

    တောင်ငူခရိုင်၊ ဖြူးမြို့၊ ဈေးရပ်ကွက်၊ ပဲခူးလမ်းပေါ်ရှိ အေးရိပ်စံ ကိတ်နှင့်ရေခဲမုန့်ဆိုင်တွင် ယခုနွေရာသီတွင် ရေခဲမုန့်များ‌မှာ ရောင်းအားကောင်းနေပါသည်။ သစ်သီးစုံရေခဲမုန့်၊ သက်တန့်ရောင်ရေခဲမုန့်၊ ကိတ်ရေခဲမုန့်၊ ဂျယ်လီရေခဲမုန့်၊ ပူတင်းရေခဲမုန့်၊ နတ်သုဒ္ဓါရေခဲမုန့်၊ နှင်းပုလဲရေခဲမုန့်၊ နို့ဝေဖာရေခဲမုန့်၊ ချောကလက် အနှစ်ဆမ်းရေခဲမုန့်၊ ကောက်ညှင်းရေခဲမုန့်၊ အုန်းသီးရေခဲမုန့်၊ ဘာဂါရေခဲမုန့်၊ စတော်ဘယ်ရီရေခဲမုန့်နှင့် အုန်းနို့သရက်ကောက်ညှင်းရေခဲမုန့် စသည်ဖြင့် ရေခဲမုန့် အမျိုးအစားများကို  စုံလင်စွာရောင်းချလျက်ရှိပါသည်။

  ရေခဲမုန့်အမျိုးအစားပေါ်မူတည်၍ တစ်ပွဲလျှင် ၇၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိပါသည်။ အလှူမင်္ဂလာပွဲများ၊ မင်္ဂလာဆောင်ပွဲများ၊ မွေးနေ့ပွဲများနှင့် စေ့စပ်မင်္ဂလာပွဲများအတွက် ဒန်ပေါက်၊ ကိတ်မုန့်တို့နှင့် တွဲဖက်စားသုံးကြသော စတော်ဘယ်ရီရေခဲမုန့်နှင့် သစ်သီးစုံရေခဲမုန့်များကို မှာယူစားသုံးမှုမှာ များကြပါသည်။

  စတော်ဘယ်ရီရေခဲမုန့် ခွက် (၇၀)ပါ ရေခဲမုန့်ပုံးသေးတစ်ပုံးလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ခွက် (၁၄၀)ပါ ရေခဲမုန့်ပုံးကြီးတစ်ပုံးလျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ သစ်သီးစုံရေခဲမုန့် ခွက် (၇၀)ပါ ရေခဲမုန့်တစ်ပုံးလျှင် (၂၂၅၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ခွက် (၁၄၀)ပါ ရေခဲမုန့်ပုံးကြီးတစ်ပုံးလျှင် (၄၅၀၀၀) ကျပ်နှုန်း အသီးသီးဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၀.၃.၂၀၂၃ )

    ၃၀.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

လူကြိုက်များသည့် တောင်ငူမုန့်ဟင်းခါး

   မြန်မာအစားအစာများအနက် မုန့်ဟင်းခါးသည် မသိသူမရှိပါ။ နေရာဒေသ အပေါ်မူတည်၍ မုန့်ဟင်းခါးချက်ပုံချက်နည်း အမျိုးမျိုးရှိပါသည်။ ထိုအနက် တမူထူးခြားပြီး လူကြိုက်များသည်ကတော့ တောင်ငူမုန့်ဟင်းခါးပင်ဖြစ်ပါသည်။ တောင်ငူမုန့်ဟင်းခါး ချက်ပြုတ်ရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ငံပြာရည်နဲ့ ငှက်ပျောအူတို့ ဖြစ်ပါသည်။ ပထမဆုံး ငါးကို ငံပြာရည်အနည်းငယ်၊ စပါးလင်တို့နှင့်ပြုတ်ရပါမည်။

     ငါးပြုတ်စဉ် ကြက်သွန်ဖြူကို ဆီချက်ချက်ထားရပါမည်။ ကြက်သွန်နီကိုလည်း လေးစိတ်ထိုးထားရပါမည်။ ငါးနူးပြီဆိုလျှင် အသားနွှာထားပြီး တစ်ချိန်တည်းမှာပင် ငါးအရိုးတွေကိုပါ ထောင်းပြီးထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီးထည့်ရပါသည်။ ထို့နောက် အနံ့မွှေးအောင် စပါးလင်ကို ထောင်းထည့်ပြီး ဟင်းရည်ပွက်လာအောင် တည်ရပါသည်။ ဟင်းရည်ပွက်လာလျှင် ငါး၊ ကြက်သွန်နီနှင့် ဂျင်းတို့ကို ဟင်းရည်အိုးထဲထည့်ပြီး မီးအေးအေးနှင့် ဆူအောင်တည်လိုက်ပါသည်။ တောင်ငူမုန့်ဟင်းခါး၏ ထူးခြားချက်မှာ ငါး၊ ကြက်သွန်နှင့် ဂျင်းများကို ဆီမသတ်ပဲ  ချက်ခြင်းဖြစ်ပါသည်။ ပြီးမှ ရခိုင်ငှက်ပျောပင်၏ အပေါ်ကြောတွေကိုသပ်ပြီး နုသည့် အတွင်းပိုင်းကို ပါးပါးလှီးပြီးရေစိမ်ထားပါသည်။

     ဟင်းရည်ဆူလာသည့်အခါ လှီးထားသောငှက်ပျောပင် ထည့်လိုက်ပါသည်။ တောင်ငူမုန့်ဟင်းခါးကို ဒေသခံတွေက အရည်၊ အသုပ်နှင့် ဇွန်းပေါက်ဆိုပြီး ပုံစံသုံးမျိုးစားသုံးကြပါသည်။ တောင်ငူ မုန့်ဟင်းခါးဟင်းရည်ကျဲ၏ ထူးခြားချက်မှာ ဆန်လှော်မှုန့်နှင့်စားသုံးကြပါသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုရင်တော့ ဆန်လှော်မှုန့်မပါလျှင် တောင်ငူမုန့်ဟင်းခါး မဖြစ်နိုင်ပါ။ မုန့်ဖက်၊ ဆီချက်၊ ဆန်လှော်မှုန့်၊ ငရုပ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးများနှင့် စားသုံးရပါသည်။ ပဲတောင့်ရှည်သီးကို ကိုယ်တိုင်ချိုးဖဲ့စားသောက်သည်မှာ တောင်ငူမုန့်ဟင်းခါး၏ ထူးခြားမှုတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးတစ်ပွဲလျှင်  (၈၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပိတ်စွယ်အသုံးဝင်မှုနှင့် ဈေးနှုန်း

     ပိတ်စွယ်သည် အင်းအိုင်၊ ကန်၊ ချောင်းနားများတွင် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်သော ယားတတ်သည့်ပိန်းယားပင်မှထွက်ရှိသောအရာဖြစ်ပြီး ပြည်မြို့၊ ဧရာဝတီမြစ်ကမ်းနားရှိ နဝင်းချောင်း၊ နဝင်းတာရိုးနှင့် ဝက်ထီးကန်ရှိ ကန်ကြီးအနားတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်ရှိ ကျီးသဲ၊ မြို့မနယ်ဘက်မှ အင်းအိုင်၊ မြစ်ကမ်းချောင်းနားများတွင် အလေ့ကျပေါက်ရောက်ပါသည်။

     ပိတ်စွယ်သည် နူးညံ့ပြီး အရသာမှာ မျှစ်နှင့်ခပ်ဆင်ဆင်တူသော်လည်း မျှစ်ထက်ပိုနူးညံ့ကာ  မိုးဦးကျချိန် (မေလနှင့် ဇွန်လများ)တွင် လှိုင်လှိုင်ထွက်ပေါ်လေ့ရှိပါသည်။ ယခုကာလ၌ ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်ပြီး ဈေးကောင်းရလျက်ရှိကာ တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၅၀၀၀-၆၀၀၀)ခန့်ရှိပြီး လက်လီဈေးသည်များတွင် (၆)ချောင်း(၇)ချောင်းပါဝင်သော အစည်းတစ်စည်းလျှင် ကျပ် (၄၀၀-၅၀၀)ခန့်ရောင်းချကြပါသည်။ ပိတ်စွယ်ကို မုန့်တီဟင်းချို၊ ကြာဆံဟင်းခါးထဲထည့်ပြီး စားကြသည့်အပြင် မန္တလေးဘက်တွင်မူ ခိုတောင်မုန်တီနှင့် ပိတ်စွယ်ဟင်းချိုဆိုကာ တွဲဖက်ညီသောအစားအစာအဖြစ် လူသိများပါသည်။ ပိတ်စွယ်ကို ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတို့ဖြင့်ဆီသတ်ပြီး ကြော်၍လည်းကောင်း၊ ဆူးပုတ်ရွက်နှင့်ရောပြီးကြော်စား၍သော်လည်းကောင်း၊ အသားနှင့်ရောချက်စားလျှင်လည်း နူးညံ့၍ ထမင်းမြိန်စေပါသည်။

    ပိတ်စွယ်ကိုအချဉ်တည်ထားပြီး ပိတ်စွယ်ချဉ်လုပ်ပြီးလည်းရောင်းကြပါသည်။ ပိတ်စွယ်ချဉ်ကို ကြက်သွန်နီ၊ ငပိ၊ ငရုတ်သီးစိမ်းတို့နှင့် ကြော်စားကြသည့်အပြင် ကြက်သား၊ ဝက်သားနဲ့လည်းရောပြီး မျှစ်ချဉ်ချက်သကဲ့သို့ ချက်စားကြပါသည်။ ပိတ်စွယ်ချဉ်ကို တို့စရာအဖြစ်လည်းစားကြပြီး ရန်ကုန်ဘက်တွင် ဂုံမင်းနဲ့ရောပြီးမှားတက်ကြသောပိတ်စွယ်လေးတွေကို တစ်ခါတစ်ရံ ရှင်မွှေးလွန်းဟူ၍ ခေါ်ကြကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်ဘက်တွင် ပိတ်စွယ်ချဉ်ကို ဖန်ပုလင်းနှင့်ထည့်၍ ရောင်းချကြပြီး ရေသန့်ဘူးများ၊ ပါကင်ထုပ်များနှင့်လည်းရောင်းချကြကာ ပါကင်ထုပ် (၁)ထုပ်ကို (၂၅)ကျပ်သားဝင်ဆံ့ကာ (၃၅၀၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ ဖန်ပုလင်း၊ ရေသန့်ဘူး(၁)ပုလင်းလျှင် ကျပ် (၁၅၀၀-၂၀၀၀)ခန့်ဖြင့် ရောင်းချကြပါသည်။

    နူးနူးညံ့ညံ့ဖြင့် စားကောင်းသော  ပိတ်စွယ်အစိမ်း၊ ပိတ်စွယ်တစ်ရေပြုတ်၊ ပိတ်စွယ်ချဉ်လေးများမှာ ရောင်းအားကောင်းသည့်အတွက် Online တွင် ရောင်းချခြင်းများလည်းရှိပါသည်။ ပိတ်စွယ်အချောင်းလေးများကို လက်ဖြင့်ဖျစ်ကြည့်ပါက တောင့်တောင့်လေးဖြစ်လျှင် ပိတ်စွယ်မှာ လက်ဆတ်မှုရှိပြီး ပိတ်စွယ်မှာအရောင်မဲခြင်း၊ ရေမြုပ်ထနေခြင်း၊ လက်နဲ့ဖျစ်လို့ပြဲထွက်နေလျှင် မလတ်ဆတ်၍ စားသုံးရန်မသင့်ကြောင်း သိရပါသည်။ ပိတ်စွယ်ကိုမစားဖြစ်သေးလျှင် ရေစိမ်ပြီး ထားနိုင်သော်လည်း (၂)ရက်ထက်ကျော်ပြီး ရေစိမ်ထားလျှင်လည်း ရိပျော့သွားတတ်ပါသည်။ (၂)ရက်အတွင်း ရေစိမ်ထားလျှင်လည်း ရေလဲလှယ်ပေးရန် လိုအပ်ပါသည်။ (၁)ပတ်အထိ အထားခံစေရန်အတွက် ပိတ်စွယ်ကို ပလတ်စတစ်အိတ်ဖြင့် လေလုံအောင်ထုတ်ပြီး ရေခဲသေတ္တာအခန်းထဲ၌ ထားခြင်းဖြင့်လည်း (၁)ပတ်အထိအထားခံကြောင်း သိရပါသည်။ Online ရောင်းချခြင်းများတွင် နယ်ဝေးဂိတ်တင်ပို့မှုများအတွက် ပိတ်စွယ်များကို ရေစစ်ကာလေစုပ်အိတ်ဖြင့် သေချာစွာပို့ဆောင်ပေးရသည့်အတွက် လေစုပ်အိတ်နှင့်ထည့်ရသဖြင့် ရေအကုန်စုတ်ထုတ်ရသောကြောင့် အလေးချိန် (ဥပမာ-၂ကျပ်သားခန့်)အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း