Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ဈေးကွက်အတွင်းသို့ မုန်လာဥနီများဝင်ရောက်လျက်ရှိ”

     ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥနီများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း ၊ ပင်းတယနှင့်ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း ခါကြက်ဥ သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသတွင် ပိုမိုဖြစ်ထွန်းကြောင်း ပြင်ဦးလွင် ၊ နောင်ချိုနယ်များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံး ပါဝင်သော မုန်လာဥနီကို လူအများနှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း မုန်လာဥနီကို ဖျော်ရည် ၊ အသုပ်သုပ်စားခြင်း၊ သီးနှံစုံဖြင့်ရော၍ အစိမ်းကြော်ကြော်၍ စားသုံးကြပါသည် ။ ခါကြက်ဥ ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင် (၃၅၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပြီး  ကုန်စိမ်းသည်များမှ တစ်နိုင်ဝယ်ယူ သူများအတွက် (၁၀၀၀) ကျပ် အထုပ်ကလေးများ ထုပ်၍ရောင်းချပေးသောကြောင့် ဝယ်ယူသူများ အဆင်ပြေလျက်ရှိကြောင်း၊ မုန်လာဥနီအား စားသုံးခြင်းဖြင့် သွေးတွင်း ကိုလက်စထရောဓာတ်ကို လျော့ချပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်အား လျော့ချစေနိုင်ခြင်းနှင့် မျက်စိအားကောင်းစေခြင်း တို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာပါရှိသော မုန်လာဥနီကို နေ့စဉ်စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“မကျည်းသီးစိမ်းဈေးနှုန်းဈေးကွက်”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် ထနောင်းပင်၊တမာပင်နှင့်မန်ကျည်းပင်များလည်း‌ အလေ့ကျပေါက်ရောက်လျက်ရှိရာ ၄င်းအပင်များ အနက် မန်ကျည်းပင်များအား မိမိဝိုင်းခြံအတွင်းတွင်လည်း အရိပ်ရအောင် စိုက်ပျိုးကျသူများလည်း ရှိပါသည်  ။  မန်ကျည်းပင်သည် အပင်တစ်ပင်လုံး အသုံးဝင်ကြောင်း ၊ အရွက်နုသည်မှ  အသီး သီးချိန်အထိအသုံးဝင်ပါကြောင်း ၊ မန်ကျည်းသီးစိမ်း နုနုလေးများကိုလည်း ခူး၍ရောင်းချရကြောင်း၊ ခူးယူရောင်းချသူများမှာ ဈေးထဲသို့ ကိုယ်တိုင်လဲရောင်းချကြသလို ကုန်စိမ်းသီးနှံဆိုင်များသို့လည်း ဖောက်သည်ပေး ရောင်းချလျက်ရှိကြောင်း ၊ မန်ကျည်းပင်စိုက်ပျိုးခြင်းဖြင့် အရိပ်လဲရသလို အိမ်နောက်ဖေး ဈေးဆိုင်တည်သကဲ့သို့ အရွက်နုချိန်မှာလည်း အရွက်သုတ်၊ အချဉ်ရည်ဟင်းများ လည်း ချက်သောက် ၍ရပါကြောင်း၊ အသီးနုချိန်မှာလည်း မြေပဲဆံ၊ မျှစ်တို့ဖြင့် မန်ကျည်းသီးစိမ်း ချက်ကိုလည်း စားသုံးကြသလို မန်ကျည်းသီးမှည့်ချိန်မှာလည်း မန်ကျည်းသီးမှည့်များ ရောင်းချရ သဖြင့် မီးဖိုချောင်အသုံးစရိတ်များ ရရှိသောကြောင့် မန်ကျည်းပင်ကိုလည်း စိုက်ပျိုးသင့်ကြောင်း မန်ကျည်းသီးစိမ်းကို ဇွန်လတွင် ထွက်ပေါ်လျက်ရှိရာ မန်ကျည်းသီးစိမ်း တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀/-)ကျပ် ဈေးနှုန်းရကြောင်း၊ ဇူလိုင်လတွင် မန်းကျည်းသီးစိမ်းများ လှိုင်လှိုင် ထွက်ပေါ် လာ သောကြောင့် မန်ကျည်းသီးစိမ်း တစ်ဆယ်ကျပ်သားလျှင် (၁၅၀၀/-) ကျပ် ဈေးနှုန်းကျဆင်းသွား ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)

ကျွန်းလှမြို့၌ ရောင်းချနေသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

         ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးနှင့် ဂျင်း(ချင်း) တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

            ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်တွင် ပိတောက်မြိုင်ဈေးအတွင်း ဖြစ် ပေါ်နေသော အာလူးသီးဈေးနှုန်း အနေဖြင့် အာလူးသီးအလုံးကြီး လက္ကား(၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ အားလူးသီးအလုံးကြီး လက်လီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး လက္ကား(၁)ပိဿာလျှင်(၄၃၀၀)ကျပ် နှင့် အာလူးသီး အလုံး သေး လက်လီ(၁)ပိဿာလျှင်(၄၅၀၀)ကျပ် တို့ဖြင့်လည်းကောင်း ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား (၁)ပိဿာလျှင်(၅၂၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကျွန်းလှမြို့ပေါ် ရပ်ကွက်များတွင်  ကြက်သွန်ဖြူ/နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူထံမှ သိရှိရပါသည်။ အာလူးသီးကို  မိသားစု စာဖိုဆောင်အတွက် အရန်ဟင်းတစ်မျိုးအဖြစ် အသုံးပြုယုံ မဟုတ်ပဲ လဖက်ရည်ဆိုင်များတွင်လည်း စမူစာလုပ်ရာတွင်လည်းကောင်း၊ အသုပ်စုံရောင်းချသည့်ဆိုင်များတွင် အသုပ်ထဲထည့်သလို၊ ဂျပါတီဆိုင်များတွင် ဟင်းအနှစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ ပထမပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရာသီစာ ဟင်းသီး ဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချနေသော အသား/ငါးဈေးနှုန်းများအနေဖြင့်  CP ကြက်သားတစ်ပိဿာလျှင် (   ၂၄၀၀၀       )ကျပ်၊ ဆိတ်သား အသားသန့်  ( ၁ ) ပိဿာလျှင် (  ၂၅၀၀၀  ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၂၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် (   ၃၅၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅)ကျပ်သားလျှင် (     ၆၅၀၀)      ကျပ်၊ ဝက်သား ( ၁ )  ပိဿာလျှင်( ၃၇၀၀၀)ကျပ်၊ ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်အတွင်းမှ သရက်သီးစိမ်း နှင့် သရက်ချဉ် ဈေးနှုန်း

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်း များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၃၀၀)ကျပ်၊ (၁၀၀၀)ဖိုး(၃)လုံး နှင့် သရက်သီး အသေး တစ်လုံးလျှင်(၂၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်းအနေဖြင့် သရက်ချဉ် လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ သရက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သရက်သီးစိမ်း ရှားပါးလာပြီ ဖြစ်သည့်အတွက် သရက်သီးစိမ်း ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲတီစိမ်း စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းအခြေအနေ

   မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို လုပ်ကိုင်ကြပြီး သီးနှံစုံစိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ခုနှစ် ဇွန်လကုန်အထိ မိုးပဲတီစိမ်း (၂၆၁၉) ဧက၊ ငါ့သရောက်မြို့နယ်တွင် မိုးပဲတီစိမ်း (၁၈၀၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန စာရင်းများအရ သိရသည်။
   ၂၀၂၅-၂၀၂၆ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်းမှာ ပဲတီ စိမ်းတစ်ပိဿာလျှင် (၆၇၀၀) ကျပ်ခန့်နှင့် တစ်တင်းလျှင် (၁၀၇၂၀၀) ကျပ်ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ပဲတီစိမ်း တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်၊ တစ်တင်းလျှင် (၃၂၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာလျက်ရှိပါကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ရှိ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ဘုန်းဇဉ်ဈေးအတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကြက်ဥ၊ဘဲဥ၊ငုံးဥ အရောင်းဈေးနှုန်းများမှာ ကြက်ဥ(အကြီး) တစ်လုံးလျှင် (၅၀၀) ကျပ်၊ ကြက်ဥ (အလတ်)တစ်လုံးလျှင် (၄၅၀)ကျပ်၊ ကြက်ဥ (အသေး) တစ်လုံးလျှင် (၄၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
   ဘဲဥဈေးနှုန်းများမှာ ဘဲဥ(အကြီး)တစ်လုံးလျှင် (၇၀၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၆၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၅၅၀)ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိပါသည်။ ငုံးဥဈေးကွက်အနေဖြင့် တစ်လုံးလျှင် (၁၀၀)ကျပ် ဖြင့် တစ်ထောင်ဖိုး (၁၀)လုံးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရ သည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏စက်သုံးဆီ ဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်လျက်ရှိကြောင်း  သိရှိရသည်။
   မြင်းခြံမြို့၏ စက်သုံးဆီ အရောင်းဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း၊ ယခုလ ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများနှုန်းမှာ 92 Octance (၃၀၇၀) ကျပ်၊ 95 Octance (၃၁၂၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၈၀)ကျပ် ဖြစ်ကြောင်းသိရှိရသည်။ ဇွန်လ ပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance (၃၁၂၅)ကျပ်၊ 95 Octance (၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၃၇၅)ကျပ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ယခင်တစ်ပတ်ထက် ယခုဇူလိုင် ဒုတိယပတ်တွင်  ပြောင်းလဲခဲ့သော စက်သုံးဆီ တစ်လီတာဈေးများနှုန်းများအနေဖြင့် 92 Octanceတွင်(၅၅)ကျပ်၊ 95 Octance တွင် (၆၅)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကာ ပရီမီယမ်ဒီဇယ်တွင်(၅) ကျပ်မြင့်တက်ခဲ့ကြောင်းနှင့် ရိုးရိုးဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ စက်သုံးဆီများကို  အများပြည်သူများအား နေ့စဉ် ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

ဟုမ္မလင်းဒေသထွက်လက်ဖက်စို ၊ လက်ခြောက်

           ဟုမ္မလင်းမြို့မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်းဧကတစ်ထောင်ကျော်ရှိကြောင်း သိရသည်။ ဒေသထွက် လက်ဖက်စိုကို မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းများလည်းရှိသည်။  လက်ဖက်ခြောက်အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နှင့် လက်ဖက်အစိုမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်ရောင်းချကြောင်း၊ရေသန့်ဘူးနှင့်လည်းရောင်းချလျက်ရှိပြီး ဘူးအလတ် တစ်ဘူးလျှင် ကျပ် ၃၀၀၀ခန့်ရှိ ကြောင်းသိရသည်။ ဒေသထွက်လက်ဖက်များကို ခန္တီး၊ ဖောင်းပြင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းတွင်းမြစ်တစ်လျှောက်မြို့များ၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏ငါးခြောက်ဈေးနှုန်းဈေးကွက်

    ငါးခြောက်သည် မြန်မာနိုင်ငံတွင်ရှေးအစဉ်အလာကတည်းက အသုံးပြုလာခဲ့သော အစား အစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝ၍ ချက်ပြုတ်ရန်လွယ်ကူပြီး လူကြိုက်များ၍ အထား အသိုခံသောကြောင့် စားသုံးမှုများကြောင်းသိရှိရသည်။
     မြင်းခြံဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုဇွန်ခြောက်နှင့် ငါးပိများ အား ရန်ကုန်မြို့ ဘုရင့်နောင်နှင့် ဧရာဝတီတိုင်းတို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်း အမျိုးအစားအလိုက် တစ်ပိဿာဈေးတို့မှာ အာဗြဲခြောက် (၃၂၅၀၀ - ၃၅၅၀၀) ကျပ်၊ ငါးပုတ်သင်(အလတ်) (၁၉၅၀၀) ကျပ်၊ ငါးပုတ်သင်(ကြီး) (၂၆၅၀၀) ကျပ်၊ ငါးတံခွန်ခြောက် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးပူတင်းခြောက်(အပြား) (၃၇၅၀၀)ကျပ်၊ ငါးနီတူခြောက်(အလတ်) (၂၃၀၀၀) ကျပ်၊ ငါးကွမ်းရှပ် (၆၁၀၀၀) ကျပ်၊ ပုဇွန်ခြောက် (၄၆၀၀၀-၆၀၀၀၀) ကျပ်နှင့် ငါးပိ (၈၅၀၀ - ၁၂၅၀၀) ကျပ် ပေါက်ဈေးတို့ဖြင့်အသီးသီးရောင်းချလျက်ရှိကြောင်း  ယခုအချိန်သည် မိုးရာသီကာလ ဖြစ်သော ကြောင့် ဒေသတွင်းကျေးရွာများမှ ဝယ်ယူမှုများ၍ စားသုံးမှုများပြီး အရောင်းအဝယ် ကောင်းကြောင်း အေးမြသီ တာဈေးအတွင်းရှိ ရေထွက်ကုန်ပစ္စည်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း