Main menu

ကလေးလူကြီးကြိုက်နှစ်သက်သော နှမ်းကပ်ယို

Powered by Drupal

                အညာဒေသသည် အောက်ပိုင်းဒေသများလို စပါးစိုက်ပျိုးရန် မြေအမျိုးအစား နည်းပါးသည့်အတွက် ယာသီးနှံများဖြစ်သော ပဲအမျိုးမျိုးကို အားထားစိုက်ပျိုးကြပါသည်။ ပဲမျိုးစုံအနက်မှ ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းကို သုံးရာသီအလိုက်စိုက်ပျိုးကြပြီး အညာဒေသသည် နိုင်ငံ၏ ဆီအိုးကြီးတစ်ခုလည်းဖြစ်ပါသည်။  မြေပဲနှင့်နှမ်းသီးနှံများကို ဆီကြိတ်ခွဲစားသုံးကြသလို ကျွန်မ တို့၏ ရိုးရာမုန့်ပဲသရေစာများပြုလုပ်ရာတွင်လည်း အသုံးပြုမှုများပြီး စားသောက်၍ကောင်းသော အစားအစာများစွာရှိပါသည်။ မုန့်ပဲသရေစာများ ပြုလုပ်စားသုံးရာတွင် နှမ်းကိုယိုထိုး၍ စားသုံးမှုမှာ လည်း လူကြိုက်များပြီး အလှူအတန်း၊ မင်္ဂလာဆောင်၊ ဘုရားပွဲနှင့်အခြားပွဲလမ်းသဘင်များတွင် ဧည့်သည်များအတွက် ဧည့်ခံစရာမုန့် တစ်မျိုးလည်းဖြစ်သလို ဒေသထွက်လက်ဆောင်မုန့် တစ်မျိုး လည်းဖြစ်ပါသည်။ မြန်မာ့ဓလေ့ အစားအစာဖြစ်သော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို မြင်းခြံမြို့နယ်အတွင်း ပြုလုပ်ရောင်းချကြ သလို၊ ပခုက္ကူဒေသဘက်မှလည်း မှာယူရောင်းချလျက်ရှိပါသည်။

                 မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို (၁၅၀၀)ကျပ်တန် အထုပ် များဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပြီး နှမ်းကပ်ယိုကိုပြုလုပ်ရာတွင် နှမ်းကိုလှော်၍ ထန်းလျက် ဖြင့်ရောကာ ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံ ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ နှမ်းကပ်ယိုမှာ နှမ်းစေ့၏ စိမ့်သက်သက်အရသာနှင့် နှမ်းနံ့မွှေးမွှေးလေးသည် ထန်းလျက်၏ ချိုမြသောအရသာနှင့်ရောစပ်မှု ကြောင့် အလွန်ကောင်းမွန်သောအရသာကို ဖြစ်စေပါသည်။  ရိုးရာမုန့်ပဲသရေစာများ လူကြိုက်များ ပြီး ရောင်းအားကောင်းလာလျှင် တစ်ဖက်မှလည်း မုန့်များတွင်အများဆုံးထည့်သွင်းအသုံးပြုရသည့် ထန်းလျက်များလည်းဈေးကွက်ဖြစ်ပေါ်လာပြီး ထန်းတောင်သူများအဖို့လည်း ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ အသင့်စား အစားအစာမုန့်များကို စားသုံး ခြင်းများအစား  ယခုလို ဒေသထွက် ရိုးရာမုန့်ပဲသရေစာများကို စားသုံးပေးခြင်းဖြင့် ပြည်တွင်းကုန် ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့များရရှိနိုင်စေပြီး ကျန်းမာရေးရှု့ထောင့်မှ ကြည့်လျှင်လည်း  ဓာတုဆေးများ သုံးစွဲပြီး ထုတ်လုပ်ထားသောမုန့်များ၊ အသင့်စားအစားအစာများ စားသုံးခြင်းကြောင့် ဖြစ်ပွားလာသောရောဂါများ ဖြစ်ပွားမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)