Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့ပေါ်တွင် ချည်ထည်စောင်များ တွင်ကျယ်စွာရက်လုပ်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါသည်။ ယခုအချိန်တွင် စက်ရက်ကန်များပါ သုံးစွဲမှုများပြားလာ၍ လက်ရက်ကန်း ရက်လုပ်မှုများ လျော့နည်းသွားကြောင်းလည်း တွေ့ရှိရသည်။ ရက်လုပ်ခဲ့သော အထည်များမှာ ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိူး၊ လက်သုတ်ပဝါ၊ မျက်နှာသုတ် ပဝါ၊ ဝါဒစောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုး စောင်များကို အဓိက ရက်လုပ်ခဲ့ကြောင်း သိရှိရသည်။ ယခုအခါတွင် လက်ရက်ကန်များအပြင် စက်ရက်ကန်းများကိုပါ အသုံးပြုလာကြပြီး အများစုမှာ အနံလွန်ခေါက် ချိုးစောင်များကို ရက်လုပ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။ အနံလွန်ခေါက်ချိုးစောင် လက်ရက်ကန်းတစ်တန်းတွင် တိုင်ချည်ထုပ်(၁၄)ထုပ်၊ တစ်ထုပ် လျှင် (၁၈)လိမ်ပါဝင်ပြီး တစ်လိမ်လျှင် နှစ်ခင်ပါဝင်ကြောင်း၊ ဖောက်ချည်တွင် ဖောက်ချည်ထုပ် (၅) ထုပ်၊ တစ်ထုပ်လျှင် အလိမ်(၂၀)၊ တစ်လိမ်လျှင် သုံးခင်အသုံးပြုရကြောင်း၊ အသုံးပြုသောချည်များမှာ ဗမာချည်(၇)ချည်ဖြစ်ပြီး ယခင်နှစ် တိုင်ချည်ထုပ်တစ်ထုပ်ဈေးနှုန်းမှာ ကျပ်(၃၃၅၀၀)၊ ဖောက်ချည်မှာ(၁၀)ချည်ကို အသုံးပြုရပြီး တစ်ထုပ်လျှင် ကျပ်(၃၅၅၀၀)ပေးရကြောင်း၊ ချည်ထုပ်များ ဆေးဆိုးခ မှာ အရောင်အမျိုးအစားကိုလိုက်၍ တစ်ထုပ်လျှင် ကျပ်(၃၀၀၀- ၅၀၀၀- ၅၅၀၀) ၊ ချည်စာ နင်းခမှာ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ ချည်ချခမှာ (၁၀)တွဲလျှင် ကျပ်(၃၀၀၀)၊ ရက်ဖောက်ရက်ခမှာ တစ်တွဲလျှင် ကျပ်(၁၇၀၀)၊ ရက်ကန်းလုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၁၅၀၀)ပေးရကြောင်း၊ ယခုနှစ် တိုင်ချည်ထုပ်တစ်ထုပ်ဈေးနှုန်းမှာ ကျပ်(၇၂၀၀၀)၊ ဖောက်ချည်မှာ (၁၀)ချည်ကို အသုံးပြု ရပြီး တစ်ထုပ်လျှင် ကျပ်(၆၂၀၀၀)ပေးရကြောင်း၊ ချည်ထုပ်များဆေးဆိုးခမှာ အရောင်အမျိုးအစား ကိုလိုက်၍ တစ်ထုပ်လျှင်ကျပ်(၅၀၀၀- ၇၅၀၀)၊ ချည်စာနင်းခမှာ တစ်ထုပ်လျှင် ကျပ်(၂၈၀၀)၊ ချည်ချခမှာ (၁၀)တွဲလျှင် ကျပ်(၅၀၀၀)၊ ရက်ဖောက်ရက်ခမှာ တစ်တွဲလျှင် ကျပ်(၂၅၀၀)၊ ရက်ကန်း လုပ်သားခမှာ တစ်ထည်လျှင် ကျပ်(၂၂၀၀)၊ လိပ်တုန်းရှည်ခမှာ တစ်လိပ်တုန်းလျှင် ကျပ်(၁၄၀၀၀) ပေးရကြောင်း၊ ရက်ကန်းတစ်စင်၏ အထွက်နှုန်းမှာ အနည်းဆုံး(၅၆)ထည်၊ အများဆုံး(၅၇)ထည် ထွက်ရှိ ကြောင်း ရက်ကန်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။ အနံလွန်ခေါက်ချိုးစောင် တစ်ထည်၏ဈေးနှုန်းမှာ ကျပ်(၂၂၀၀၀ မှ ၂၆၅၀၀)ဖြစ်ပြီး ထွက်ရှိ လာသောအထည်များကို မိမိတို့ဒေသတွင်းသာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံ၊ ညောင်ဦး မြို့နယ်များမှ ဟိုတယ်လုပ်ငန်းရှင်များမှလည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။ DOCA(မကွေး)

နဂါးမောက်သီးစိုက်ပျိုးသူများ ဈေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ဥယျာဉ် ခြံမြေများနှင့် နေအိမ်များအတွင်းရှိ မြေကွက်လပ်များတွင် နဂါးမောက်သီးကို တပိုင်တနိုင် စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရှိရသည်။ နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံဖြစ်သည့်အတွက် စားသုံးသူများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး ကြ၍ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ နဂါးမောက်ပင်သည် ရေဝပ်မြေကို ကြိုက်နှစ် သက်ခြင်းမရှိဘဲ သဘာဝမိုးရေကိုကြိုက်နှစ်သက်ပြီး မြေအမြင့်ပိုင်းတွင်စိုက်ပျိုး၍ စိုစွတ်မှုကို ကြိုက်နှစ်သက်၍ နဂါးမောက်ပင်အား နေ့စဉ်ရေဖျန်းပေးပြီး အစိုဓါတ်ပေးပါက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း မှုရှိကြောင်း၊ စိုက်ပျိုးပြီး(၁)နှစ်အကြာတွင် ရောင်းတန်းဝင်အသီးများ စတင်ဆွတ်ခူးရကြောင်း၊ (၁) နှစ်လျှင် ရာသီဥတုပေါ်မူတည်၍ (၃)ကြိမ်မှ(၅)ထိ အသီးလှိုင်လှိုင်သီးကြောင်း၊ ဇွန်၊ ဇူလိုင်လများတွင် နဂါးမောက်သီးများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အလုံးအရွယ်အစားလိုက်၍ ကျပ်(၅၀၀- ၁၅၀၀)ဈေးဖြင့် ရောင်းချရ၍ မိသားစုစီးပွားရေးအဆင်ပြေကြောင်း၊ ဈေးကွက်အနေဖြင့် အိမ်ခြံမြေထွက် နဂါးမောက်သီးများကို မြို့ပေါ်ရှိ သစ်သီးဆိုင်များသို့ ရောင်းချခြင်းအပြင် အခြားမိသားစုဝင်များမှလည်း လာရောက်ဝယ်ယူ စားသုံးကြ၍ မိသားစုစီးပွားရေးအဆင်ပြေကြောင်း နဂါး မောက်သီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။ နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ဂရုတစိုက်ပြုစုပျိုးထောင် စိုက်ပျိုးပါက မိသားစု ဝင်ငွေ တိုးပွားစေသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ နဂါးမောက်စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးပြီး ပင်ကြားတန်းကြား(၆)ပေခန့် အကွာထား၍ စိုက်ပျိုးပြီး အသီးအပွင့်လိုက်ချိန်တွင် တိုင် ထောင်ပြီး စင်များပြုလုပ်၍ စိုက်ပျိုးကြသည်။ တစ်ပင်လျှင် နဂါးမောက်သီးအလုံး(၂၀ မှ ၃၀ ထိ)ရှိကြောင်း၊ နဂါးမောက်အဖြူသီးနှင့်အနီသီးနှစ်မျိုးရှိပြီးနဂါးမောက်(အနီ)သီးသည် ကျန်းမာရေး ဆေးဖက်ဝင်၍ ပုံမှန်မှီဝဲစားသုံးပါကအစာချေဖျက်အားကောင်းပြီး ဆီး၊ ဝမ်းမှန်၍ သွေးတိုး ဆီးချို ရှိ သူများ စားသုံးပေးပါက ကျန်းမာရေးအထူးကောင်းမွန်သော ဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်၍ စားသုံး မှုများလျက်ရှိသည်။ ယခုအချိန်တွင် နဂါးမောက်သီးနှံစိုက်ပျိုးမှုကို ဒေသခံပြည်သူများသည် မိမိနေ အိမ်ခြံစည်းရိုးများတွင် တိုးချဲ့စိုက်ပျိုးမှုများလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(မကွေး)

ဆိပ်ဖြူကြက်သွန်နီ ဇူလိုင်လ(ပထမပတ်)တွင် ဈေးအကျဖြင့်အရောင်းအဝယ်ဖြစ်နေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီဈေးကျဆင်း ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဂွေးပင်၊ ထန်းပင်ချောင်း၊ လက်ဆည်၊ အုန်းမှင်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၃)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက် သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် (၁၁၅၀)၊ အလတ်ဈေး ကျပ်(၁၀၀၀)၊ အနိမ့်ဈေး ကျပ်(၈၀၀)ဖြင့် ဈေးကျ၍ အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခင်ဇွန်လ(စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၅၀)ခန့် ဈေးကျ၍အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသောဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်)ကျပ်(၁၆၀၀)၊ လတ်ကြီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချော တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာ လျှင် ကျပ်(၁၃၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀- ၁၈၀၀- ၁၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက်ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ သို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဇူလိုင်လ(ပထမပတ်) တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ တန်ချိန်အားဖြင့် (၃၂၇)တန်ခန့်ကုန်စည်စီးဆင်းခဲ့ ကြောင်း ဈေးကွက်မှသိရှိရသည်။ DOCA(မကွေး)

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့် ကွမ်းသီးဈေးမြင့်တက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှ ဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။ မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၉)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ (၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်း ရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၄၀၀၀-၆၀၀၀-၈၀၀၀)၊ ကွမ်း သီးခြမ်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၂၄၉၀၀)၊ ကွမ်းစားထုံး (၁) လီတာ(၁)ဘူးလျှင် ကျပ်(၁၈၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၇၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင် ဇွန်လ(ဒုတိယပတ်) နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၁၀၀၀-၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကွမ်းသီး ခြမ်း ကျပ်(၁၈၀၀)၊ ကွမ်းသီးစိပ် ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှု များ၍ ကွမ်းရွက်ထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းရွက်အထွက်နှုန်းများလျော့ကျခြင်းကြောင့် ကွမ်းဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး ကွမ်းသီးမှာ မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲကြောင့် သယ်ယူစရိတ်မြင့်မားလာပြီး ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်း ဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(မကွေး)

“ခရမ်းသီးဈေးနှုန်းဈေးကွက်”

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်းငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ခရမ်းသီး သီးနှံကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည် ။ ခရမ်းသီးစိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ ကိုပျိုးထောင်ပြီး (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း ၊ ၂လခွဲ ၃လကျော် အချိန်တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ် သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ် ချိန်တွင် ပိဿာ(၄၀-၅၀)ခန့်ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ(၄၀၀-၅၀၀)ခန့် အထိ ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၅) လခန့် အထိခူးဆွတ်နိုင်ကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၀၀၀၀၀/-)ကျပ်ကုန်ကျကြောင်း ၊ ခရမ်းသီးစျေးနှုန်းအနေဖြင့် ဖောက်သည်စျေးမှာ(၁)ပိဿာလျှင်(၉၀၀/-ကျပ်၊ လက်လီစျေး အနေဖြင့် (၁၁၀၀-၁၂၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊(၁)ဧကအကျိုးအမြတ်အနေ ဖြင့်(၈၀၀၀၀၀/-)ကျပ်ဝန်းကျင်မြတ်ကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ် နှင့်တစ်ပတ် အထွက်နှုန်းနှင့် စျေးနှုန်းများ မတူညီကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းများအထိ လာရောက် ဝယ်ယူကြကြောင်း ၊ ပွဲစားများမှတဆင့် ကျောက်ဆည် ၊ စဉ့်ကိုင် နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ငှက်ပျောစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင်စပါး၊ပဲ၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည့် သီးနှံများစိုက်ပျိုးသည့်အပြင်ငှက်ပျောသီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်မြို့နယ်တွင် (၁၂၈၂)ဧက ၊ စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါ သည်။ ငှက်ပျောစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၂၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ငှက်ပျောအထွက် နှုန်းအနေဖြင့် တစ်ဧက လျှင် အခိုင်(၈၀၀)အထိထွက်ရှိကြောင်း ငှက်ပျောအခိုင်(၄၀)ပါလှည်းတစ်စီးလျှင် (၄၆၀၀၀၀/-) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောလက်ရင်း တစ်ဖီးလျှင် (၃၅၀၀-၄၀၀၀/-)ကျပ် ၊ လက်ဖျား တစ်ဖီးလျှင် (၂၅၀၀-၃၀၀၀)ကျပ် အထိရောင်းချရကြောင်း သိရှိရပါသည် ။ တောင်သူများမှ ကျောက်ဆည်မြို့နယ်၊ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲများရောင်းချသောဆိုင်များ ဘမှ စိုက်ခင်း အထိလာရောက် ဝယ်ယူသူများရှိသလို ငှက်ပျော ပွဲစားများထံသို့လည်း ရောင်းချကြကြောင်း၊ ပွဲစားများမှတဆင့် ရွှေသိမ်တော်ဘုရား နှင့် မန္တလေး၊ ရန်ကုန်မြို့များရှိ ငှက်ပျောပွဲရုံများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည် ။ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၃၆၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း ငှက်ပျော စိုက်ပျိုးသော တောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။ DOCA(မန္တလေး)

“နာနတ်သီးများစျေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်”

မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်မြို့နယ်အတွင်းရှိ ‌အေးမြကြည်လင်စျေးနှင့်မြို့မစျေး အတွင်းသို့ ယခုအချိန်မိုးရာသီတွင် နာနတ်သီးများဖြိုင်ဖြိုင်ဝင်ရောက်နေပြီဖြစ်ပါသည်။နာနတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး ၊ ကလော နှင့် အောင်ပန်းမြို့နယ်တို့မှ ခေါက်တိုကားများဖြင့် ဝင်ရောက်လျှက်ရှိကြောင်း၊ နာနတ်သီးစျေးနှုန်းအနေဖြင့် တစ်လုံးလျှင် အကြီး (၂၀၀၀/-)ကျပ် ၊ အလတ်(၁၅၀၀/-)ကျပ်၊အသေး(၁၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး အလုံး အ ရွယ် အစားပေါ်မူတည်၍ စျေးနှုန်းအမျိုးမျိုးရှိကြောင်းသိရှိရပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ် ခွန်အားကိုမြင့်တင်ပေးခြင်း၊ရေဓါတ်ဖြည့်တင်းပေးခြင်း၊သွေးလည်ပတ်မှုကောင်းစေခြင်း၊ နှာပိတ်ခြင်း ကိုသက်သာစေခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှကာကွယ်ပေးခြင်း၊ ဗီတာမင်ဘီ ကြွယ်ဝစေခြင်း ၊ အရိုးအကြောသန်မာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ရုံးပတီသီးစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ရုံးပတီသီးကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာ ကြပြီး ယခုအချိန်တွင် တောင်သူများသည် ရုံးပတီသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ရုံးပတီသီး ကိုရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ခြေကိုက်သောသီးနှံတစ်မျိုး ဖြစ်ပါသည်။ ရုံးပတီသီးစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးနိုင်သလို နှစ်ရှည်သီးနှံပင်များနှင့်လည်း ကြားညှက်သီးနှံအဖြစ်စိုက်ပျိုးလာကြပါသည်။ရုံးပတီသီးကို ရန်ပုံနှစ်ကျေးရွာ၊ကြက်ဆင်ကျေးရွာနှင့် ငယ်တိုးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုးနှင့် ပင်မြင့်မျိုး များကိုအများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင် (၂၈၀၀၀/-)ကျပ်ပေးရကြောင်း၊(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၃၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင်ခူးဆွတ် ရပြီး တစ်ရက်ခြားတစ်ကြိမ်ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့်(၂)လအထိ ခူးဆွတ်ရ ကြောင်း၊ဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေး တစ်ပိဿာလျှင်(၂၃၀၀-၂၅၀၀)ကျပ်ဈေးနှုန်းရရှိပြီး လက်လီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် ဈေးနှုန်းအတက်အကျရှိကြောင်း၊(၁)ဧက အထွက်နှုန်းအနေ ဖြင့်ပိဿာ(၁၀၀၀)ခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၁၆၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ စိုက်ခင်းသို့လာရောက်ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် မြို့မဈေး နှင့် အေးမြကြည်လင်ဈေးများသို့လည်း တင်ပို့ရောင်းချကြကြောင်း၊ရုံးပတီသီးသည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စားသုံးသူအတွက်ဆေးဖက်ဝင် သည့်သီးနှံဖြစ်သည့်အတွက် ရုံးပတီသီးနှံအားတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်းသိရှိရပါ သည်။ DOCA(မန္တလေး)

ကျောက်ဆည်ခရိုင်ကြက်သွန်နီစျေးနှုန်းစျေးကွက်မသွက်လက်

ကျောက်ဆည်ခရိုင်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် သီးနှံမျိုးစုံ ထွက်ကုန်များ အဓိကထား စိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ ကြက်သွန်နီလည်း အဓိကပါဝင်လျှက်ရှိပြီး ယခုနှစ် ကြက်သွန်နီ စျေးနှုန်းများမှာ ထွက်ပေါ်ချိန်တွင် စျေးကောင်းရခဲ့သော်လည်း ဖြိုင်ဖြိုင်ထွက်ပေါ်သည့် မတ်လ၊ဧပြီ လများမှစ၍ စျေးနှုန်းများကျဆင်းခဲ့ရာ ယနေ့အချိန်စျေးနှုန်းများ အငုတ်စျေးဖြင့်သာရောင်းဝယ် လျှက်ရှိကြောင်းသိရှိရပါသည်။ ထွက်ပေါ်ချိန်က တောထုတ်အတိုင်း (၁)ပိဿာလျှင် (၂၈၀၀/-)ကျပ် စျေးနှုန်းဖြင့်အ‌ရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယနေ့အရောင်းအဝယ်ဖြစ်နေသည့် စျေးနှုန်းများအနေ ဖြင့်ကြက်သွန်နီတစ်ပိဿာလျှင်(အကြီး) (၁၄၀၀/-)ကျပ် ၊ အလတ် (၁၁၅၀-၁၂၀၀)ကျပ် ၊ အသေး (၆၀၀-၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့လျှက်ရှိ ကြောင်းသိရှိရပါသည်။ မြစ်သားကြက်သွန်နီအနေဖြင့် ဘုရင့်နောင်စျေးကွက်တွင် မျက်နှာပန်းလှ သည့်ကြက်သွန်ဖြစ်ပြီး ယခုနှစ် အခြေအနေပုံမှန်သာ အရောင်းအဝယ်ဖြစ်ကြောင်း၊ကျောက်ဆည် စျေးကွက်သို့ တရုတ်ဝယ်လက်များ ကြက်သွန်လာရောက်လေ့လာမှုများရှိနေသဖြင့် တောင်သူများ မှာလည်းတက်ဈေးမျှော်ပြီး သိုလှောင်ထားကြကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

“ကျောက်ဆည်စားဖိုဆောင်သီးနှံစျေးနှုန်းစျေးကွက်အခြေအနေ”

ကျောက်ဆည်ခရိုင်အတွင်းသို့ စားဖိုဆောင်သီးနှံများဖြစ်သည့် အာလူး ၊ ဂျင်း ၊ ကြက်သွန်ဖြူအနေဖြင့် ဒေသတွင်းထွက်ရှိမှုမရှိသည့်အတွက် ရှမ်း(တောင်) ၊ ရှမ်း(မြောက်)မှ အများဆုံး ဝယ်ယူရောင်းချလျှက်ရှိကြောင်း သိရှိရပါသည် ။ ဒေသတွင်း ကြက်သွန်ဖြူ စိုက်ပျိုးမှုအနည်း ငယ်သာရှိသဖြင့် ကြက်သွန်ဖြူကို ရှမ်း(တောင်) ၊ ရှမ်း(မြောက်)နှင့် ကြူကုတ်စသည့် အမျိုးအစားအလိုက် စျေးကွက်အတွင်းဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိ ရပြီး စျေးနှုန်းများအနေဖြင့် ကြူကုတ်တစ်ပိဿာလျှင်(၉၀၀၀-၉၅၀၀)ကျပ် ၊ ရှမ်းစ(မြောက်) တစ်ပိဿာလျှင်(၆၀၀၀-၈၀၀၀)ကျပ် ၊ ရှမ်းစ(တောင်) တစ်ပိဿာလျှင်(၅၅၀၀-၇၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည်။ကြူကုတ်ကြက်သွန်ဖြူစျေးအနည်း ငယ်ပြန်ငြိမ်လျှက်ရှိပြီး ပစ္စည်း Quality အရ စျေးနှုန်းများကွာခြားမှုရှိနိုင်ကြောင်းသိရှိရပါ သည်။အာလူးအနေဖြင့် ဟဲဟိုးသီးများဝင်ရောက်နေပြီး S1 (၃၅၀၀/-)ကျပ်၊ S2(၃၀၀၀-၃၂၀၀) ကျပ်၊ဂျင်းစျေးနှုန်းအနေဖြင့်နည်းငယ်ပြန်ကျလျှက်ရှိပြီး ကျောက်ဆည်အရောက်စျေး (၂၉၀၀- ၃၀၀၀)ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ငရုတ်သီးခြောက်အနေဖြင့် ဒေသထွက်ရှိမှု ဖူလုံမှုရှိ သည့်အပြင် ရန်ကုန်၊မန္တလေးမြို့ကြီးများမှတဆင့် တင်ပို့ရောင်းချလျှက်ရှိပြီး မိုးထောင်ငရုတ် အညှာပါ (၁)ပိဿာလျှင်(၈၀၀၀/-)ကျပ်၊ အညှာချွေ(၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်၊ ဒီမို၊ သာမွန်ငရုတ် အညှာပါ (၁)ပိဿာလျှင်(၈၀၀၀-၉၀၀၀)ကျပ် ၊ အညှာချွေ(၁) ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ် ၊ ငရုတ်ပု (၁)ပိဿာလျှင်(၁၆၀၀၀-၁၇၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ၊ ကျောက်ဆည်မြို့ရှိ ငရုတ်၊ကြက်သွန် ကုန်သည် တစ်ဦး၏ပြောကြားချက်အရသိရှိပါသည်။ DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း