
ပဲသီးတောင့်သည် ရာသီစာဟင်းသီးဟင်းရွက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးရရှိနိုင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ပဲသီးတောင့်ရှည်တွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်၊ မီးစုန်း၊ သီအာမင်၊ ရီဘိုပလာဗင်နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါရှိသည့်အပြင် ဗီတာမင်စီ၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်နှင့် မဂ္ဂနိစ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်သည့်အတွက် ပဲသီးကိုအားအင်ပြည့်ဝစေသော အစားအစာတစ်ခုအဖြစ် စားသုံးသင့်ပေသည်။ ပဲသီးတောင့်ရှည်ကို စားသုံးပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေကာ နှလုံးသွေးကြောနှင့် ဆိုင်သော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါ၊ အဆစ်ရောင်ဝေဒနာရောဂါ၊ အရိုးပါးရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါများမဖြစ်အောင် လည်းကာကွယ်ပေးပါသည်။ ပဲသီးတွင်ပါဝင်သောသဘာဝဗီတာမင်စီသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးဆက်လွယ်သော အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ရာသီဖျားနာခြင်းတို့မှလည်းကာကွယ်ပေးနိုင်သည်။ ဗီတာမင်အေ ပါဝင်သောကြောင့် မျက်စိရောဂါအမျိုးမျိုးအတွက် လွန်စွာဆေးဖက်ဝင်သည်။ နာတာရှည်သွေးအားနည်းရောဂါရှိသူများအနေဖြင့်လည်း သံဓာတ်ပါဝင်မှုများသောပဲသီးကို မကြာခဏစားသုံးပေးသင့်ပါသည်။ စားသုံးသူများအတွက် ဘက်ပေါင်းစုံမှဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင်ကာ အာဟာရလည်းဖြစ်စေသော ပဲတောင့်ရှည်ကို မြင်းခြံမြို့၊ အေးမြသီတာ ဈေးတွင် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)