Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်မြို့ရှိ ကြက်ဟင်းခါးသီး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဝါးလည်ကျေးရွာတွင် ကြက်ဟင်းခါးသီးများ စိုက်ထားရှိသူ တောင်သူ(၅)ဦးခန့်သာရှိပြီး ဇွန်လပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လဒုတိယပတ်တွင် စတင်ခူးဆွတ်ရောင်းချရပါသည်။ ထိုဒေသတွင် စိုက်ပျိုးထားသော ကြက်ဟင်းခါးသီးမျိုးမှာ ဂုဏ်မာန်မျိုးဖြစ်ပြီး စိုက်ပျိုးသောစင်မှာ အလျား ၁၅တောင်၊ အနံ ၅၀တောင် ရှိသောစင်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ် အနေဖြင့်စင်အပါအဝင် စုစုပေါင်း(၂)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးသီးများ စတင်ထွက်ပေါ်ချိန်တွင် (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်ရ၍ တစ်ခါခူးဆွတ်လျှင် အလုံးရေ ၃၀၀မှ ၅၀၀ကြားရရှိသည်ဟုသိရှိရပြီး ကြက်ဟင်းခါးသီး ရာသီချိန်တွင် အလုံးရေ ၆၀၀၀ခန့် ခူးဆွတ်၍ ရောင်းချရကြောင်း သိရပါသည်။ သြဂုတ်လ နောက်ဆုံးပတ်တွင် ဈေးနှုန်းများအနေဖြင့် အထိုင်ဈေး တစ်လုံးလျှင် (၁၃၀-၁၅၀)ကျပ်ဖြင့် ရောင်းချ၍ ဈေးကွက်အနေဖြင့် ပေါက်ခေါင်းမြို့နယ်အတွင်းနှင့် အနီးအနားရှိ အခြားကျေးရွာများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ကြက်ဟင်းခါးသီး ရောင်းရငွေမှာ (၇၈၀၀၀၀)ကျပ် ရရှိပြီး အသားတင်အကျိုးအမြတ်အနေဖြင့် (၅၈၀၀၀၀)ကျပ်ခန့် ရရှိသောသီးနှံဖြစ်၍ တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိအောင် စိုက်ပျိုးသင့်သော သီးနှံဖြစ်ပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ဩဂုတ်လပဲမျိုးစုံဈေးကွက်အခြေအနေ

      ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေး  အချက်အခြာကျသော ပြည်မြို့တွင် ဖွင့်လှစ်ထားသောကြောင့် ပဲမျိုးစုံအရောင်းအဝယ်မှာ ကောင်းမွန်လျက်ရှိပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် ရန်ကုန်ဒိုင်မှ အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၁၂၄၀၀၀-၁၂၄၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၂၁၀၀၀- ၁၂၁၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် မတ်ပဲတစ်တင်းလျှင် ၁၂၅၀၀၀-၁၂၅၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၅၀/၂၀၀ခန့်အဝယ်ရှိပါသည်။

ပဲတီစိမ်း

     ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ် အဝင်ရှိပြီး ပဲတီစိမ်းတစ်တင်းကို ၅၅၀၀၀-၆၀၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်၍ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အရောင်းအဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ၆၀၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအဝယ် ၂၀၀/ ၂၅၀အိတ်ခန့် ရှိပါသည်။ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၀၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၅၀၀၀၀-၅၅၀၀၀၀ကျပ်ဖြင့် အိတ် ၄၀၀/ ၅၀၀ခန့် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

ပဲစင်းငုံ

   ဩဂုတ်လပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၁၃၇၅၀၀-၁၃၈၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀၀ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၄၇၅၀၀-၁၄၈၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀၀/၂၅၀ခန့် ရှိပါသည်။ ဩဂုတ်လတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၄၇၀၀၀-၁၄၇၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၃၀၀ခန့် ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၅၄၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိကြောင်း သိရှိရပါသည်။

ကုလားပဲ

      ဩဂုတ်လပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၈၇၀၀၀-၈၈၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၀၀၀၀-၉၁၀၀၀ကျပ်ရှိ၍ မြို့တွင်းခွဲစက်သမားများသာ အဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၁၀၁၅၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၁၀၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားအဝယ်တစ်ရက်ကို အိတ် ၂၅၀/ ၃၀၀ ခန့်ရှိပါသည်။ တတိယပတ်အတွင်း ကုလားပဲ(HL) တစ်တင်းကို ၁၀၁၀၀၀-၁၀၂၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၁၁၀၀၀၀ကျပ်ဖြင့် ခွဲစက်သမားများတစ်ရက်ကိုအိတ် ၂၅၀ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၁၁၀၀၀-၁၁၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။

ပဲကြီး

     ဩဂုတ်လပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၉၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ် ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ (ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

      ဩဂုတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၂၀၀၀-၉၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် ၅၀/ ၁၀၀ခန့်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၈၀၀၀-၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၅၀ခန့်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၉၈၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်ရှိခဲ့ပါသည်။

       ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ်ပဲတို့မှာ ဈေးမြင့်တက်လျက်ရှိပြီး ကုလားပဲ၊ ပဲကြီးဈေးမှာ အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၌အရောင်းအဝယ်ဖြစ်နေသောပြောင်းဖူးဈေးကွက်

    ယခုလိုအချိန်ကာလသည် မိုးရာသီဖြစ်သည်နှင့်အညီ အသီးအနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံလည်း ပေါများသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့၏ဈေးကွက်များအတွင်းတွင် ပြောင်းဖူးစိမ်းများ ရောင်းချမှုရှိသကဲ့သို့ ပြောင်းဖူးပြုတ်များလည်း ရောင်းအားကောင်းနေကြပါသည်။ စက်ဘီး၊ ဆိုင်ကယ် စသည်တို့ဖြင့် ပြောင်းဖူးစိမ်းရော ပြောင်းဖူးအပြုတ်များကိုပါ မြို့တွင်း၊ရပ်ကွက်များရှိ လမ်းများပေါ်တွင် လှည့်လည်ရောင်းချကြသကဲ့သို့ လမ်းဘေးနေရာအချို့၌လည်း ပြောင်းဖူးဖုတ်၍ရောင်းချသည့် ဆိုင်ငယ်များလည်း ရှိကြပါသည်။ ပြောင်းဖူးစိမ်းများမှာ အရွယ်အစားကိုလိုက်၍ ဈေးကွာခြားမှုများရှိသကဲ့သို့ တစ်ဖူးလျှင် ၃၀၀ကျပ်မှစ၍ ၄၀၀ကျပ်အထိ ရောင်းချကြပါသည်။ ပြောင်းဖူးစိမ်းများအား ၁၀ဖူးတွဲ ၅ဖူးတွဲရောင်းချရာတွင်လည်း အရွယ်အစားပေါ်မူတည်၍ ၅ဖူးတွဲတစ်တွဲလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ၁၀ဖူးတွဲတစ်တွဲလျှင် ၃၀၀၀ကျပ် မှ ၄၀၀၀ကျပ်အထိအသီးသီး ရောင်းချလျက် ရှိကြပါသည်။ လှည့်လည်ရောင်းချနေသော ဈေးသည်များထဲတွင် ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်၊ ပြောင်းဖူးဖုတ်ရောင်းချသောဈေးသည်များတွင်လည်း တစ်ဖူးလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြပါသည်။ ပြည်မြို့နယ်သို့ ဝင်ရောက်လာသောပြောင်းဖူးများမှာ မှော်ဇာ၊ ဆင်မြီးဆွဲ ဒေသများမှ ဝင်ရောက်သကဲ့သို့ ပုတီးကုန်း၊ သဲကုန်းဖက်မှလည်း လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးပဲတီစိမ်းသစ် အဝင်လှိုင်လာ၍ အရောင်းအဝယ်သွက်နေသော်လည်း ဈေးအေးနေခဲ့

     ပြည်ပဲဈေးကွက်အတွင်း မိုးပဲတီစိမ်းသီးနှံများ ဩဂုတ်လဆန်းမှစ၍ ပဲအသစ်များ နေ့စဉ်ဝင်ရောက်မှု ရှိနေခဲ့ပါသည်။ ယခုသြဂုတ်လကုန်ပတ်တွင် ပဲအထွက်လှိုင်လာပြီဖြစ်သောကြောင့် ပဲဝင်ရောက်မှုမှာလည်း အိတ် ၅၀၀ကျော် ၆၀၀ဝင်ရောက်ခဲ့ကာ ဝယ်လိုအားမှာလည်း ဝင်လာသမျှအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံအား လက်ကားသမားဝယ်ယူမှုများနေပြီး ရန်ကုန်နှင့် မန္တလေးဝယ်လက်အထိပါ နေ့စဉ်ဝယ်ယူလျက်ရှိခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ ကုန်းလမ်းရေလမ်းဖြင့် ဝင်ရောက်လာသည်ဟု သိရှိရပါသည်။ ပဲဈေးနှုန်းမှာ ပိဿာ(၂၀)တစ်တင်းလျှင် ၅၀၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ဈေးကွက်အတွင်း အခြားပဲများသည် ယခုနှစ်တွင် ဈေးကောင်းရရှိနေသော်လည်း ပဲတီစိမ်းသီးနှံသည် ဈေးအေးခဲ့သော သီးနှံဖြစ်ခဲ့ပါသည်။ ပြည်ပဝယ်လက်ပဲဈေးကွက်တွင်သာမက ပြည်တွင်းပဲဈေးကွက်အတွင်းမှာပါ ဈေးအနိမ့်ဖြင့် ရောင်းဝယ်နေခဲ့သော သီးနှံဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ပဲလွမ်းဖြူလက်လီဈေးကွက်မှာဈေးမြင့်တက်လာ

      ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ပြည်ပဲဈေးကွက်မှာ ပဲသီးနှံအချို့ဈေးမြင့်တက်လာခဲ့သောကြောင့် လက်လီပဲဈေးကွက်မှာ အခြားပဲများနှင့်ယှဉ်လျှင် ဈေးအေးနေသော ပဲလွမ်းဖြူသီးနှံ ကလည်း ဈေးမြင့်တက်လာခဲ့ပါသည်။ ပဲအသစ်အဝင်မရှိခဲ့သော ပဲဟောင်းလက်ကျန်များဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့၍ လက်လီအိတ်အနည်းငယ်သာ ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ ပိဿာ (၂၀)တစ်တင်းလျှင် ၉၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခင်ဇူလိုင်လထက် တစ်တင်းလျှင်ကျပ် (၁)သောင်းကျော်မြင့်တက်လာခဲ့ပါသည်။ ယခင်လအတွင်း ပဲဈေးကွက်မှာ ပဲလွမ်းဖြူသီးနှံတစ်တင်း ၈၀၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့‌သောကြောင့် အခြားပဲများထက် ဈေးလျော့နည်းရောင်းဝယ်ခဲ့သော်လည်း ယခုလတွင် အခြားပဲများဈေးနှုန်းမြင့်တက်ခဲ့သကဲ့သို့ ပဲလွမ်းဖြူသီးနှံလည်း ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းမြင့်တက်လာသော ပြည်ကြက်သွန်နီဈေးကွက်

       ပြည်မြို့၏ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ပြည်ဈေးကွက်အတွင်း၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ကျပ်၄၀၀နှုန်းခန့် မြင့်တက်သွားပြီး ဝင်ရောက်မှုနည်းသည့်အတွက် မြင့်တက်ရခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။ ဝင်ရောက်မှုမှာ ၅ရက်ခြားတစ်ကြိမ်သာအဝင်ရှိပြီး ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ ကျောက်ပန်းတောင်းဘက်မှ လှောင်ကြက်သွန်များ စီးဝင်လျက်ရှိကာ အရည်အသွေးမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရပါသည်။ တစ်ကြိမ်လျှင် အိတ် ၅၀၀ ပိဿာချိန်အားဖြင့် ၁၅၀၀၀ခန့် အဝင်ရှိနေသည်။ အရောင်းအဝယ်အနေဖြင့် ပြည်ဈေးကွက်သည် ကြားခံ လက်ကားဈေးကွက်ဖြစ်သဖြင့် မြန်အောင်၊ ကြံခင်း၊ သာယာဝတီခရိုင်၊ ဥသျှစ်ပင်စသည့် နယ်ကျော်စီးဆင်းမှုများနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဝင်ရောက်မှု၏ လေးပုံသုံးပုံ ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းမှာ အရည်အသွေးကောင်းသည့် ကြက်သွန်နီအချော တစ်ပိဿာလျှင် လက်လီ/ လက်ကားကျပ် ၃၀၀၀/ ၃၂၀၀နှုန်းရှိပြီး အရည်အသွေးအသင့်အတင့် ကြီး/လတ်/သေး တစ်ပိဿာလျှင် ပွဲရုံလက်ကားဈေး ကျပ် ၂၅၀၀/ ၂၄၀၀/ ၂၃၀၀နှုန်းနှင့် လက်လီဈေးနှုန်းအနေဖြင့် အသေးများတွင် ကျပ် ၃၀၀၀/ ၂၉၀၀-၂၈၀၀/၂၇၀၀-၂၆၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိနေပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်မှ အာလူးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     ပြည်ဈေးကွက်အတွင်း ရောင်းချနေသောအာလူးများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမြို့မှထွက်ရှိသော အာလူးများအား ဝယ်ယူရောင်းချနေခြင်းဖြစ်ပါသည်။ ယခင်က ရောင်းချသောအာလူးများမှာ တန်ခူးလအရှေ့ပိုင်းနှင့် အနောက်ပိုင်းမှထွက်ရှိသော ရေအာလူးများဖြစ်ကြောင်း သိရှိရပါသည်။ ယခုအခါ ထိုရေအာလူးမှာ လက်ကျန်မရှိတော့ဘဲ ဇွန်၊ ဇူလိုင်လ အတွင်း ထွက်ရှိသော ကုန်းအာလူးများသာ ထိုမှတစ်ဆင့်မှာယူ၍ ပြည်ဈေးကွက်အတွင်း ရောင်းချနေခြင်း ဖြစ်ပါသည်။ မှာယူရောင်းချသောကုန်းအာလူးမှာ ယခုနှစ်တွင် အထွက်နည်းသည့်အတွက် စိုက်ပျိုးထွက်ရှိရာဒေသမှာပင် ဈေးကောင်းရနေသည့်အတွက် ပြည်ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် အာလူးလက်လီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာ(၃၀)ဝင်ဆံ့အိတ် ၃၀၀ခန့် အဝင်ရှိပြီး ဒေသတွင်းနှင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကွမ်းပင်စိုက်ပျိုးဝင်ငွေတိုး ပြည်ဈေးကွက်အခြေအနေ

     ပြည်မြို့ရှိကွမ်းခြံတစ်ခြံလျှင် ကွမ်းပင် ၅၀၀မှ ၁၀၀၀အထိ စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့် တစ်ညွန့်လျှင် ယခင်နှစ်များက ၁၀၀ကျပ်နှုန်းသာ ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်အချိန်တွင် ၃၀၀ကျပ်နှုန်း ဈေးရှိပါသည်။ ကွမ်းရွက်များခူးဆွတ်ချိန်တွင် (၁၅)ရက်တစ်ခါခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ပိဿာချိန် ၃၀မှ ၅၀အထိ ထွက်ရှိပါသည်။ ကွမ်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတွင်းရှိ ကြာအင်းရွာ၊ ဖုမ္မသိမ်ရွာနှင့် ဝက်ပုတ်၊ အင်းမစသည့်မြို့များမှလည်း ကွမ်းများအား စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ကွမ်းအမျိုးအစားများမှာ စလင်းကွမ်း၊ အင်းမကွမ်း၊ ကွမ်းနုဝါ၊ အင်္ဂပူကွမ်းတို့ စိုက်ပျိုးကြပါသည်။ ယခင်နှစ်တွင် ကွမ်းဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေးနှုန်းမှာ ၅၀၀၀ကျပ် သာဖြစ်ပြီး ယခုနှစ်တွင် ကွမ်းဈေးနှုန်းမှာ ယခုအချိန်ထိ ပေါက်ဈေး တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ၁၃၀၀၀ကျပ်ဈေးတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ရက်(၁၀၀)သပြေဈေးကွက်

      ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးများသည် ပြည်မြို့ပေါ်ရှိ နေထိုင်သောလူများသာမက ရပ်ဝေး/ ရပ်နီးတွင်နေထိုင်ကြသောလူများကပါ တကူးတကမှာယူကပ်လှူကြသော ဘုရာပန်း ဖြစ်ပါသည်။ သို့သော် ယခုလိုမိုးအလွန်များသော ကာလဖြစ်သောကြောင့် အောင်သပြေတုံးများ အထွက်နည်းသောအချိန်တွင် ပြည်မြို့ရှိပန်းဈေးကွက်ထဲသို့ ရောက်လာသည် မှာ ရက်(၁၀၀)သပြေပန်းဖြစ်ပါသည်။ ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးမှာ အငုတ်မှ အညွှန့်များဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်အသစ်များ ထပ်မံထွက်ပေါ်လာကာ (၁)လခန့် အထားခံပါသည်။ ယခုအခါဈေးကွက်တွင် ရောင်းချနေသောရက်(၁၀၀)သပြေမှာ ကိုင်းမှအရွက်များ ထွက်နေပြီး ပုံမှန်ရေလဲပေးပါက အရွက်များ အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်ပြောင်းကာ အရွက်များ ကြွေခြင်းမရှိပဲ အနည်းဆုံး ၆လမှ ၈လခန့် အထားခံပါသည်။ ရက်(၁၀၀)သပြေကို ကိုင်းကြီး၊ ကိုင်းလတ်၊ ကိုင်းသေးအစည်းဟူ၍ သုံးမျိုးရောင်းချကြောင်း သိရပါသည်။  ၂၀၁၄ခုနှစ် သြဂုတ်လနောက်ဆုံးအပတ်တွင် ရောင်းဈေးမှာ သပြေကိုင်းကြီးတစ်ခက်လျှင် ၂၀၀၀ကျပ်၊ ကိုင်းလတ်တစ်ခက်လျှင် ၁၀၀၀ကျပ်နှင့် ကိုင်းသေး(၅)ခက်ပါ တစ်စည်းလျှင် ၁၂၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ကိုင်းကြီးမှာ ပိုမို၍ကြာရှည်စွာအထားခံကြောင်း သိရှိရပါသည်။ ယခင်က ရက်(၁၀၀) သပြေကို ရန်ကုန်မြို့သို့ ရောက်ရှိလာမှသာ ဝယ်ယူရရှိသော်လည်း ယခုအခါတွင် ပြည်ဈေးကွက်၌ လိုအပ်သလိုဝယ်ယူမှုရှိသောကြောင့် ဘုရားကျောင်းဆောင်များတွင် စိမ်းစိမ်းစိုစိုနှင့် ကျက်သရေရှိလှပါသည်။ သပြေတုံးများမှာ မိုးများသောကြောင့် သပြေတုံးများအဝင်နည်းနေချိန်တွင် ရက်(၁၀၀)သပြေများ ဈေးကွက်တွင် ဦးမော့လျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

ပြည်မြို့ရဲ့ မျှစ်နှင့် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

    ပြည်မြို့ရှိဈေးများထဲတွင် ပြည်အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ မျှစ်များချိုးယူ၍ ရောင်းချလျက်ရှိပါသည်။ မျှစ်၏သဘာဝအရောင်မှာ အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကိုပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင် ပြောင်းသွားတတ်ပါသည်။ ယခုအချိန် ဈေးကွက်တွင်ရောင်းချနေသော မျှစ်အမျိုးအစား များမှာ မျှစ်စပ်နှင့်မျှစ်ပြုတ်များ ဖြစ်ပါသည်။ သြဂုတ်လနောက်ဆုံးပတ်တွင် မျှစ်စပ်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ကျပ်နှင့် မျှစ်ပြုတ်တစ်ပိဿာလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ပြည်မြို့ ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ရွှေဖရုံသီး၏ အညွန့်နှင့်အသီးကို တို့စရာအဖြစ်လည်းကောင်း၊ သီးစုံအဖြစ် ငါးအသားမျိုးစုံတို့နှင့်ရောနှော၍ ချက်ပြုတ်စားသောက်ကြပါသည်။ ရွှေဖရုံသီးကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသောရွှေဖရုံသီးများကို ပြည်မြို့အတွင်းရှိဈေးများနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်ဖြစ်သော ဩဂုတ်လနောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော ရွှေဖရုံသီးဈေးမှာ အကြီးတစ်လုံးလျှင် ၁၃၀၀-၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ယခင်နှစ် ဩဂုတ်လနောက်ဆုံးပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင်ရွှေဖရုံသီးဈေးများ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း