Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ထုမြို့နယ်၌ ဆီထွက်သီးနှံမြေပဲစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

       မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်စဉ် စပါး၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားတော်ပဲ၊ ပဲပုပ် သီးနှံများကို နှစ်စဉ် ဒေသစီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်း၊ မြေပဲသီးနှံကိုလည်း တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးကြောင်း ယခုနှစ်တွင် စိုက်ဧက(၇၀၀၀)ခန့်စိုက်ပျိုးကြောင်း၊ (၆)လမြေပဲပင်ပြန့်နှင့် (၃) မြေပဲပင်ထောင်ဟူ၍ နှစ်မျိုးစိုက်ပျိုးကြောင်း၊ ဆောင်းရာသီ ဒီဇင်ဘာလတွင် (၆)လပင်ပြန့်မြေပဲမျိုးကို စိုက်ပျိုးပြီး ဇွန်လတွင် တူးဖော်ကြောင်း၊ တစ်ဧကလျှင် မြေပဲဆန်(၂)တင်းခန့်ကုန်ကျကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်၍ မြေပဲဆန်တစ်ပြည်စိုက်ပျိုးလျှင် အတောင့်(၂)တင်းခန့်ထွက်ရှိ၍ တစ်ဧကလျှင် မြေပဲတောင့် တင်း(၆၀)ခန့်ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း၊ ဒေသတွင်းမြေပဲသီးနှံပေါ် ချိန်တွင် တစ်တင်းလျှင် ကျပ်(၄)သောင်းဈေးနှုန်းဖြင့်ရောင်းချရ၍ တစ်ဧကဝင်ငွေမှာ ကျပ်(၂၄)သိန်းခန့်ရရှိ၍ ကျပ်(၁၆)သိန်းခန့်အကျိုးအမြတ်ရရှိကြောင်း၊ ထွက်ရှိသည့်မြေပဲတောင့်များကို မြို့ပေါ်ရှိဆီစက်လုပ်ငန်းရှင်များနှင့် စားသောက်ကုန်လုပ်ငန်းရှင်များမှဝယ်ယူခြင်းနှင့် ဒေသတွင်းဝယ်လက်များမှတစ်ဆင့် ပခုက္ကူဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

        ပင်ပြန့်(၆)လမြေပဲများကိုတူးဖော်ပြီး စိုက်ခင်းကျွတ်များတွင် ဒုတိယအကြိမ်မြောက် ပင်ထောင် (၃)လမြေပဲကို ထပ်မံစိုက်ပျိုးကြောင်း၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလကုန်တွင် တူးဖော်မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် စိုက်ပင်သက်တမ်း (၁)လခွဲခန့်ရှိပြီး အပွင့်ကြွေ၍ စွယ်ထောက်ပြီး ဥချချိန်ရောက်နေပြီဖြစ်ကြောင်း၊ စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်တွင် မြေပဲအထွက်ကောင်းပြီး ဈေးကောင်းရရှိပါက တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်ပဲတစ်မျိုးဖြစ်သည့် ဈေးကွက်ခိုင်မာသည့်မြေပဲသီးနှံကို စိုက်တောင်သူများအနေဖြင့် နှစ်စဉ်မပြတ်စိုက်ပျိုးလျက်ရှိကြောင်း၊ ကျောက်ထုမြို့နယ်၊ ဂုံဘိုရပ်ကွက်ရှိ မြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် နှစ်စဉ်သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကြက်သွန်နီသီးနှံကို စိုက်ဧကအများဆုံး ဒေသစီးပွားဖြစ်စိုက်ပျိုးပြီး ဆောင်းကြက်သွန်နီ(ပင်စိုက်)ကို အဓိကစိုက်ပျိုးကြောင်း၊ ဇန်နဝါရီလဆန်းတွင် စိုက်ပျိုး၍ မတ်လကုန်တွင် တူးဖော်ပြီး ဧပြီလမှစ၍ အောက်တိုဘာလကုန်အထိ သက်တမ်း(၇)လခန့်သိုလှောင်ထားရှိကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီသိုလှောင်ထားရှိမှုကုန်ခါနီး၍ ဈေးကွက်သို့ ကုန်ချိန်များစွာဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

       မြို့ပေါ်ပွဲရုံဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးမှုများသော ရေပုတ်၊ အနောက်ကံတွင်း၊ ဆူးပုတ်ကုန်း၊ ကဇွဲ၊ ထန်းချောင်း၊ လိပ်ခြံ၊ ကျွန်းတော၊ ရွာသာအေး(၂)၊ တောင်ရွာမ၊ မြောက်ရွာမ၊ စိုက်ခမ်း ကျေးရွာများနှင့် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ တညောင်၊ ချောက်မြို့နယ်၊ ဆိပ်ဖြူကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း စုစုပေါင်းကြက်သွန်နီပိဿာချိန်(၁၅)သိန်းခန့်ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တောဈေး ဂျွန်တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၀၀၀-၁၈၀၀)ဈေးနှုန်းဖြင့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ စိုက်တောင်သူများအနေဖြင့် ကြက်သွန်နီဈေးမြင့်တက်ခြင်းမရှိသော်လည်း ရောင်းချမှုများကြောင်းသိရသည်။

         ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ်လအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၈)သိန်း၊ ကားအစီးရေ (၈၀)၊ ပြည်မြို့သို့ ကြက်သွန်နီပိဿာချိန်(၁)သိန်း၊ ကားအစီးရေ(၁၂)စီး၊ မြဝတီမြို့သို့ ကြက်သွန်နီပိဿာချိန်(၅)သိန်း၊ ကားအစီးရေ(၃၈)စီး၊ မော်လမြိုင်မြို့သို့ ကြက်သွန်နီပိဿာချိန် (၁)သိန်း၊ ကားအစီးရေ(၁၀)စီး၊ စုစုပေါင်းကြက်သွန်နီပိဿာချိန်(၁၅)သိန်းခန့်၊ တန်ချိန်အားဖြင့် (၂၄၄၉) တန်ခန့် ကုန်စည်စီးဆင်းခဲ့ပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

မြိတ်ဒေသထွက် ကွမ်းသီးစျေးနှုန်းစျေးကွက်

   ကွမ်းသီးသည် တနင်္သာရီတိုင်းဒေသကြီးတွင် အများဆုံးထွက်ရှိပြီး အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိပြီး ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြပါသည်။

    မြိတ်မြို့၏ (၅.၉.၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးခြောက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနုတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့် ဖြစ်ပေါ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းများမြင့်တက်လျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

          မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်းသိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကွမ်းရွက်ဝါ (၁)ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသအလိုက် ကျပ်(၁၃၀၀၀-၁၅၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ(၁)ဘူးလျှင် ကျပ်(၁၁၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၇၀၀)၊ ဗမာဆေး (၁)ထုပ်လျှင် ကျပ်(၆၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅)ပိဿာမှ (၆)ပိဿာထိ ပုံမှန်ရောင်းချရကြောင်း၊ ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများမှာ မှာယူရသည့်နေရာဒေသအလိုက် သယ်ယူစရိတ်မြင့်မားလာခြင်းကြောင့် ယခင်ဩဂုတ်လ (စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ကွမ်းရွက် ကျပ်(၃၀၀၀)၊ ကွမ်းသီး ကျပ်(၃၀၀၀-၄၀၀၀)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျန်ကွမ်းပစ္စည်းများမှာ ဈေးငြိမ်လျက်ရှိကြောင်း အထက်မင်းလှ-သရက် ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်ဖြူဈေးနှုန်းများမြင့်တက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူကို မကွေးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်တွင်းကြီးမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်းသိရသည်။

        မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်ရခြင်းမှာ သယ်ယူစရိတ်မြင့်မားခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတို့ကြောင့်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ရှမ်းကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ဗမာကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၁၅၃၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခင်ဩဂုတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ရှမ်းကြက်သွန်ဖြူ ကျပ်(၁၂၀၀)၊ ဗမာကြက်သွန်ဖြူ ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာ၌ မိုးနှမ်း(နှမ်းနီ)ထွက်ပေါ်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာကျေးအုပ်စုရှိ ပန်းတော်ပြင်ကျေးရွာတွင် မိုးနှမ်းကို တောင်သူ(၁၅၀)ဦးက စိုက်ဧက(၈၅၀)ဧကကို ၂၀၂၄ခုနှစ်၊ မေလ၌ စတင်စိုက်ပျိုးပြီး ဩဂုတ်လ(စတုတ္ထပတ်)တွင် ရိတ်သိမ်းကြောင်းသိရသည်။

       ပန်းတော်ပြင်ကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးရာတွင် နှမ်းနီကိုအများဆုံးစိုက်ပျိုးကြောင်း၊ တောင်သူ ဦးတင်မိုးလှိုင်က ၎င်းအနေဖြင့် နှမ်းနီ(၃)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် နှမ်းစိုက်ခင်းမှထွက်ရှိသည့် နှမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၂)ပြည်ခွဲခန့်ကုန်ကျကာ အထွက်နှုန်းအနေဖြင့် (၁၂)တင်းထွက်ရှိကြောင်း၊ (၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)ဈေးရရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် နှမ်းခင်းပေါင်းရှင်းခပေါ်မူတည်၍ (၁)ဧကလျှင် စုစုပေါင်း ကျပ်(၃၅၀၀၀၀ မှ ၅၀၀၀၀၀) ထိကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၈)သိန်းမှ (၁၀)သိန်းကျော်ထိရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်အတွင်း မိုးနေကြာစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာတွင် မိုးနေကြာကို ၂၀၂၄ခုနှစ်၊ မေလနှင့် ဇွန်လတို့၌ တောင်သူ(၂၀)ဦးက စိုက်ဧက (၃၀)ဧကခန့်စိုက်ပျိုးကာ စက်တင်ဘာလ(ပထမပတ်)တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။

        တောင်ဦးကျေးရွာနေ ဒေါ်ပြုံးကြည်က ၎င်းအနေဖြင့် မိုးနေကြာ(၁)ဧကခွဲခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် မျိုးကို ဒေသခံတောင်သူအချင်းချင်းဆီမှ (၁)ပြည်လျှင် ကျပ် (၅၀၀၀) ဖြင့်ဝယ်ယူကာ စိုက်ပျိုးကြောင်း၊ (၁)ဧကအတွက် မျိုး(၂)ပြည်ခန့်အသုံးပြုရပြီး လုပ်အားခ၊ မျိုးခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် (၁) ဧကလျှင် တင်း(၂၀)ထိထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် (၁၀)တင်းကျော်သာထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)တင်းလျှင် ကျပ်(၅၀၀၀၀) ဈေးရရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်(၇၀၀၀၀) ထိဈေးရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ် (၄၅၀၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိ ဆီစက်များနှင့် ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် မိုးနေကြာမှာ အထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့နယ်၌ ခရမ်းသီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

       မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို မြေအောက်ရေတင်စနစ်ဖြင့် တစ်ရာသီလုံး စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် စိုက်ဧက (၅) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

        မျိုးအနေဖြင့် အစိမ်းကြားခရမ်းသီးမျိုးတစ်ထုပ်လျှင် ငွေကျပ်(၅၅၀၀)နှင့် ဆင်စွယ်ခရမ်းသီးမျိုးတစ်ထုပ်လျှင် ငွေကျပ်(၅၄၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၁၉) ထုပ်ခန့်ကုန်ကျပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်၍ (၁၅)ရက်သားအရွယ်တွင် အတန်းလိုက် ပေါင်စနစ်ဖြင့် မြေချစိုက်ပျိုးကြောင်း၊  ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ပျိုးထောင်စိုက်ပျိုးကာ  ဩဂုတ်လဆန်းတွင် စတင်ထွက်ပေါ်ပြီး ယခုလက်ရှိအချိန်တွင်  လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ် (၁၁၀၀၀၀၀)ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန်(၁၅၀၀-၂၀၀၀) ခန့်ထွက်ရှိ၍ ငွေကျပ် (၁၁၀၀၀၀၀)ကျော်အကျိုးအမြတ်ရရှိကြောင်းသိရသည်။

         ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် လက်ကားဈေး ခရမ်းသီးတစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀-၁၈၀၀) ဖြင့်ရောင်းချရပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့တင်ပို့ကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ခရမ်းသီးထွက်ပေါ်စချိန်တွင် ဈေးကောင်းရကြောင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့နယ်၌ ပဲတီစိမ်းသစ်များ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

       မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ  မြို့လှ (ရွာမ)၊ မြို့လှ (ချိုင်းစု)၊ မြို့လှ(ကျောင်းစု)ကျေးရွာများတွင် ပဲတီစိမ်းသီးနှံမှာ အဓိကစိုက်ပျိုးသော သီးနှံအမျိုးအစားထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း၊ ပဲတီစိမ်းသီးနှံကို တစ်နှစ်လျှင် မိုး/ဆောင်း နှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် ပဲတီစိမ်းစိုက်ဧက (၁၂၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

          ပဲတီစိမ်း(မိုး)ကို မေလကုန်-ဇွန်လဆန်းတွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်တွင် ထွက်ရှိခဲ့သည့်ပဲတီစိမ်းများကို သန့်စင်ပြီး စနစ်တကျသိုလှောင်၍ ပြန်လည်စိုက်ပျိုးကြကြောင်း၊  စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် တစ်ဧကလျှင် မျိုးစေ့(၈)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ကျပ်(၄၅၀၀၀၀)ခန့်ကုန်ကျပြီး အထွက်တင်း (၁၆-၁၉) တင်းခန့်ထွက်ရှိကြောင်း၊  ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၅၅၀၀၀-၅၈၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်(၆၅၀၀၀၀) ခန့်ရရှိကြောင်း၊ ထွက်ရှိသည့်ပဲတီစိမ်းများကို အောင်လံမြို့ရှိသီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့လည်းကောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့ကြောင်း၊ ယခင်နှစ်ထက် အထွက်နှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြေအောက်ရေတင်စနစ်ဖြင့် ခရမ်းသီးစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ မိသားစုစားဝတ်နေရေးအပိုဝင်ငွေရရှိရန် ခရမ်းသီးပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

        ခရမ်းပင်ကို ယာမြေများတွင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ပြာသိုလဖြစ်ပြီး တစ်ကျင်းလျှင် (၁) ပင်နှုန်းဖြင့် ဧကတစ်ဝက်လျှင် အပင်ရေ (၅၀၀)ခန့် မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးထားကြောင်း၊ မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာနှင့် ရေသွင်းခြင်းတို့အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၅၀၀၀၀)ကျော်ကုန်ကျကြောင်း၊  တပေါင်းလတွင် စတင်ခူးဆွတ်ကာ တစ်ခါခူးဆွတ်လျှင် (၁၂) ပိဿာမှ (၁၅) ပိဿာအထိ ၂/၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်းသိရှိရပါသည်။

        ခရမ်းသီးပင်သည် မိသားစုဝင်ငွေရရှိရန် စိုက်ပျိုးသင့်သောသီးနှံပင်ဖြစ်၍ ယခု ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ပထမအပတ်တွင် ခရမ်းသီးဈေးနှုန်းများအနေဖြင့် ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀/ ၂၃၀၀) ကျပ်၊ ခရမ်းသီး (၂၅)ကျပ်သားလျှင် (၆၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း