Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးဈေးကွက်တွင် နှမ်းဈေးနှုန်းများကျဆင်းလျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၅၀၀၀)၊ နှမ်းဖြူ(၁) တင်းလျှင် ကျပ်(၁၄၅၀၀၀)၊ ဂျပန်နှမ်းဖြူ (၁)တင်းလျှင် (၁၆၀၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၂၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၁၃၀၀၀၀)ဖြစ်ပြီး ဩဂုတ်လ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတအပတ်တွင်  နှမ်းနီ ကျပ်(၁၀၀၀၀)၊ နှမ်းဖြူ ကျပ်(၁၃၀၀၀)၊ နှမ်းနက်(စမုံ) ကျပ် (၅၀၀၀)၊ နှမ်းညိုကြား ကျပ်(၁၀၀၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မန္တလေးမြို့သို့ အိတ်ရေ(၇၂၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၁၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့နယ်၌ မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ လင်းလည်၊ အောင်ချမ်းသာ၊ နင်းကြမ်း၊ သဖန်းကုန်း စသည့်ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး လင်းလည်ကျေးရွာ၌ မိုးမြေပဲစိုက်ဧက (၃၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

      မိုးမြေပဲကို မေလတွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက် ရှိကြောင်း၊ မျိုးအနေဖြင့် ဗီယက်နမ်(မြေပဲဆန်ဖြူ)၊ စွန်တာနီ(မြေပဲဆန်နီ)တို့ကို မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ပေါ်ရှိ သီးနှံမျိုးစုံရောင်းဝယ်ရေးပွဲရုံများနှင့်  ယခင်နှစ်တွင် (ဆောင်းမြေပဲ) များကို စနစ်တကျ သိုလှောင်၍ ပြန်လည်စိုက်ပျိုးကြကြောင်း၊  တစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ်၉၀၀၀၀၀ခန့်ကုန်ကျပြီး အထွက်တင်း ၆၅တင်း ခန့်ထွက်ရှိကြောင်း၊  ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် (၂၅၀၀၀-၃၀၀၀၀)  ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ်၁၀၀၀၀၀၀ခန့်ရရှိကြောင်း၊ ထွက်ရှိသည့် မိုးမြေပဲများကို မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ရှိဈေးကွက်သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသော်လည်း အထွက်နှုန်းမှာ ထိခိုက်မှုမရှိကြောင်း၊ ဈေးနှုန်းမှာ ယခင်နှစ်ထက် ဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

တောင်တွင်းကြီးမြို့နယ်၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပျားတု(ရွာမ)၊ ပျားတု (ရှေ့)၊ ပျားတု(နောက်)ကျေးရွာများတွင် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ စပါးနှင့်ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးကြပြီး စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်သီးနှံကို  စိုက်ဧက (၁၀၀)ခန့် စိုက်ပျိုးထားကြောင်းသိရသည်။

         မျိုးအနေဖြင့် သာမို(၉၀၀) တစ်ထုပ်လျှင် ငွေကျပ် (၂၂၀၀၀)နှင့် သာမို(၉၉၉) တစ်ထုပ်လျှင် ငွေကျပ် (၂၅၀၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့များကို ပျိုးအိတ်ဖြင့်ပျိုးထောင်ကာ ပျိုးပင်(၂၅-၃၀)ရက်သားအရွယ်တွင် မြေချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မေလတွင် ပျိုးထောင်၍ ဇွန်လတွင် မြေချစိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ လုပ်သားခ)အပါအဝင် တစ်ဧကလျှင် ငွေကျပ်၁၇၀၀၀၀၀ခန့်ကုန်ကျပြီး ပိဿာ (၈၀၀-၁၀၀၀)ခန့်ထွက်ရှိ၍ အကျိုးအမြတ်အနေဖြင့် ငွေကျပ်၁၅၀၀၀၀၀ခန့်ရရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် လက်ကားဈေး (၄၀၀၀-၄၅၀၀) ကျပ်ဖြင့်ရောင်းချရပြီး ဈေးကွက်အနေဖြင့် တောင်တွင်းကြီး၊ မြို့သစ်နှင့် မကွေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါး စိုက်ပျိုးထားရှိမှု

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါး (၁၃၀၈၉၁) ဧက၊ စိုက်ပျိုးထားရှိပြီး ဖြစ်ပါသည်။ မိုးစပါး စိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေကို တွေ့ရှိနေရပါသည်။ မိုးစပါး စိုက်ပျိုးမှု တစ်လသက်တမ်းခန့်တွင် ရေကြီးမှုကြောင့်  ပျက်စီးမှု အနည်းငယ် ရှိခဲ့ပါသည်။ ရေကြီး နစ်မြုပ်သည့် အနေအထားတွင် ပျိုးပင်များ အစားထိုးစိုက်ပျိုးကြသည်ကို တွေ့ရှိရပါသည်။ ဆန်ကြိတ်ခွဲ ထုတ်လုပ်မှုများလည်း ပုံမှန်အတိုင်း ကြိတ်ခွဲထုတ်လုပ်လျက်ရှိပါသည်။ ဒေသတွင်း ဈေးကွက်များတွင်သာ လှည့်ပတ်မှုရှိနေပါသည်။ စပါးဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေပါသည်။ ယခင်နှစ်တွင် နွေစပါး ကြိတ်ခွဲမှုများ ရန်ကုန်နှင့် ရှမ်း(တောင်)သို့ တင်ပို့မှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် တင်ပို့မှုများ လျော့နည်းနေသည်ကို တွေ့ရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မကွေးဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသည့် ကုလားပဲသီးနှံဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၈၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ကျပ်(၉၄၅၀၀)၊ ကုလားပဲဝါသေးတစ်တင်းလျှင် ငွေကျပ်(၉၀၀၀၀) ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် တရုတ်၊ အိန္ဒိယနိုင်ငံများသို့တင်ပို့ကြောင်းသိရသည်။

     ဩဂုတ်လ(စတုတ္ထပတ်)ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလ(ပထမပတ်)တွင် ကုလားပဲတစ်တင်းလျှင် ကျပ်(၁၀၀ဝ)မြင့်တက်လာကြောင်း၊ ဩဂုတ်လ(စတုတ္ထပတ်)အတွင်း တင်းပေါင်း(၆၁၂၀)၊ တန်(၂၀၀)အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော်လည်း ယခင်နှစ်တွင်ထွက်ရှိသည့် ကုလားပဲများသာ အရောင်းအဝယ်ဖြစ်သောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှသိရပါသည်။

DOCA(မကွေး)

 

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

       ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်‌နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Mahar Phone Let Yone  ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၄ ပေပါကို ယာဥ်မောင်း ဦးမျိုး‌ဇော်ဝင်း၊ မော်တော်ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစားမော်တော်ယာဥ်ဖြင့်  ရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ ၈၄ ပေပါအား ထားဝယ်မြို့ အနောက်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ ဒေါ်သီတာမိုး၏ AAA ကုန်စုံဆိုင် အပါအဝင်အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့  ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” ( ၂၆.၈.၂၀၂၄ မှ ၃၁.၈.၂၀၂၄ )

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၂၆.၈.၂၀၂၄)ရက်နေ့မှ(၃၁.၈.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၅)ခုနှင့် စားအုန်းဆီတန်ချိန် (၂၉၅၃.၈၆၃)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန် အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီနေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဩဂုတ်လ (၂၇) ရက်မှ စက်တင်ဘာလ (၂) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၆၃၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၅၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၁၀၀ ၊ အကြီးမှာ ကျပ် ၂၂၀၀၊ ရှယ်မှာ ကျပ် ၂၃၀၀၊  မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၄၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၈၀၀၊ အကြီးမှာ ကျပ် ၁၉၀၀၊ ရှယ်မှာ ကျပ် ၂၀၀၀၊ ရွှေဘို ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀၀၊ အသန့် မှာ တစ်ပိဿာ ကျပ် ၂၂၀၀ ၊ အကြီးမှာ ကျပ် ၂၄၀၀၊ ရှယ်မှာ ကျပ် ၂၅၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်လျက်ရှိသော ကြက်သွန်နီ/ ကြက်သွန်ဖြူ ဈေးနှုန်း အခြေအနေ

ကြက်သွန်နီ။     ပျော်ဘွယ်နှင့် မိထ္ထီလာတို့မှ ကြက်သွန်နီ လုံးလတ်ချော အရွယ်အစားများ ပြည်ပတင်ပို့မှုရှိခဲ့သဖြင့် ဒေသတွင်းဈေးကွက်များသို့ ကြက်သွန်နီ ဝင်ရောက်မှု လျော့ကျခဲ့ပါသည်။ ပြည်ပတင်ပို့ရန် ဝယ်ယူမှုတွင် ဈေးနှုန်းအနေအထား မြင့်တက်မှုရှိခဲ့သဖြင့် ဒေသတွင်း ဈေးကွက်များတွင် ကြက်သွန်နီ လက်လီဈေးနှုန်း (၂၀၀)ကျပ်ခန့် မြင့်တက်မှုရှိခဲ့ပါသည်။ ပျော်ဘွယ် မြို့နယ်၊ မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်များမှ ကြက်သွန်နီ ဝင်ရောက်မှုရှိခဲ့လျှင် ဒေသတွင်း ကြက်သွန်နီ ဈေးနှုန်း နိမ့်ကျမှုရှိလာမည့်အနေအထားကို တွေ့ရှိနေရပါသည်။

ကြက်သွန်ဖြူ။   ကြက်သွန်ဖြူ(ရှမ်းစ)တွင် ယခင်အပတ်ထက် (၄၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့မှုကို တွေ့ရှိရပါသည်။ ဒေသတွင်းသို့ ပုံမှန်ဝင်ရောက်မှုအနေအထားတွင် တွေ့ရှိနေရသော်လည်း၊ သယ်ယူစရိတ်မြင့်တက်လာခြင်း၊ အရွယ်အစားကောင်းများ ဝင်ရောက်မှုနည်းခြင်း၊ ပြန်လည်သန့်စင်မှု အလျော့တွက်လုပ်သားခ ကုန်ကျစရိတ်များကြောင့် ဈေးနှုန်းမြင့်တက်မှုရှိခဲ့သည်ဟု သိရပါသည်။ ဒေသအတွင်းသို့ ကြက်သွန်ဖြူ(ကြူကုတ်) ဈေးကွက်အတွင်း လက်ကျန်အခြေအနေများနှင့် ကြက်သွန်ဖြူ(ရှမ်း) ဒေသတွင်း ပုံမှန်ဝင်ရောက်မှုရှိနေသည်ကို တွေ့ရှိရသဖြင့် ကြက်သွန်ဖြူ ဈေးနှုန်းတည်ငြိမ်မည့် အနေအထားကို တွေ့ရှိရသိရပါသည်။

DOCA(နေပြည်တော်)

ပြည်ဆင်ခရမ်းချဉ်သီးနှင့် ဒန့်ဒလွန်သီးရှားပါး၍ဈေးကောင်းရ

      ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ဆင်ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်းပါးပြီး ဈေးကောင်းရလျက်ရှိနေပါသည်။ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိပြီး အလုံး ၃၀/ ၄၀ခန့်သာ ဝင်ရောက်မှုရှိနေပြီး ယခင်မတ်လတွင် အလုံးရေ ၁၀၀၀ခန့် ရက်ခြားအဝင်ရှိခဲ့ပြီး ဈေးနှုန်းမှာလည်း တစ်လုံးလျှင်ကျပ် ၂၅၀ ဝန်းကျင်ခန့် ရောင်းချမှုရှိခဲ့ကြောင်း သိရှိရသဖြင့် ယခုဩဂုတ်လနောက်ဆုံးပတ်တွင် တစ်လုံးလျှင် အကြီး၊ အသေး အပေါ်မူတည်၍ ကျပ် ၄၀၀-၅၀၀နှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ပြည်ဈေးကွက်၌ ယခုဩဂုတ်လနောက်ဆုံးပတ်တွင် ဒန့်သလွန်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ အဝင်ရှိသဖြင့် မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ပြည်မြို့အနောက်ဘက်ကမ်းရှိ ဆင်တဲရွာအနီးတဝိုက်မှသာအဝင်ရှိပြီး အတောင့် ၅၀/ ၆၀ခန့်သာ အဝင်ရှိနေပါသည်။ ပေါ်ဦးပေါ်ဖျားရှားပါးချိန်ဖြစ်သည့်အတွက် အဝင်လည်းနည်းကာ ဈေးကောင်းရခဲ့ပြီး ယခင်နှစ်တွင်တစ်တောင့်လျှင် ကျပ် ၃၀၀နှုန်းရှိခဲ့၍ ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် အတောင့်အချော၊ အကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၄၅၀-၅၀၀နှုန်းဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း