Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စျေးကွက်အတွင်းဆီကြိတ်ဖတ်စျေးပိုမိုရရှိ

      မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး စျေးပိုမိုရရှိကာ အရောင်း သွက်လျက်ရှိကြောင်းသိရှိရပါသည်။ ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီ ကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များ ဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ် နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာ လဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၄၀ဝိ/- နှင့် ၆၅၀ဝိ/-၊ နှမ်းဖတ် ၄၀၀ဝိ/- နှင့် ၄၂၀ဝိ/-၊နေကြာဖတ် ၃၃၀ဝိ/-နှင့် ၃၄၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်ခရိုင်၊ ကျွန်းစုပင်လယ်ရွာများ၌ စီးပွားဖြစ် ဇီဝဇိုးငှက်မွေးသည့် အိမ်များ တိုးချဲ့ဆောက်လုပ်

     မြိတ်ခရိုင်ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများဖြစ်သည့်ကော်ဇယာအုပ်စုနှင့် မဲတောအုပ်စု ရှိ ကျေးရွာများတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ်များ ပိုမို တိုးချဲ့ဆောက်လုပ်လာပြီး ငှက်သိုက်များထုတ် လုပ်လာကြောင်း ဒေသခံများ ထံမှသိရပါသည်။

        ၂၀၂၀ပြည့်နှစ်မတိုင်မှီက ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ရွာလျှင် ပျမ်းမျှ ဇီဝဇိုးငှက် မွေးမြူသည့် အိမ် တစ်အိမ်၊ နှစ်အိမ်ခန့်သာရှိရာမှ လက်ရှိတွင် ဆယ်အိမ်ခန့်ရှိလာကြောင်း၊ ၎င်းရွာများသည် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြကာ မိုးရာသီ၌ အလုပ်အကိုင်ရှားပါလာခြင်း ကြောင့် ရင်းနှီးမြှပ်နှံ့မှုတစ်ခုအဖြစ် လုပ်ကိုင်လာကြကြောင်း ယခင်ကဇီဝဇိုးငှက်မွေးမြူသည့်အိမ်များ ကို မြိတ်မြို့နယ်တွင်သာအများဆုံးတွေ့ရှိရပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင်ပါ စီးပွားဖြစ်ဆောက်လုပ်လာကြကြောင်း၊ ဇီဝဇိုးငှက်အိမ်များကို သစ်သား ဖြင့် ဆောက်လုပ်ကြသလို ဘိလပ်မြေဖြင့် တိုက်ဆောက်ပြီး မွေးမြူကြောင်း ငှက်မွေးသည့် အိမ်၏ အရွယ်အစား အသုံးပြုသည့်သစ်အမျိုးအစား အပေါ်မူတည်ပြီး ကျပ်သိန်းရာချီမှ ကျပ်သိန်းထောင်ချီ အထိကုန်ကျကြောင်း၊ လက်ရှိ တစ်လလျှင် ငှက်သိုက်(၅) ကျပ်သား၊ (၆)ကျပ်သားခန့်ရရှိကြောင်း၊ ငှက်သိုက်အိမ်များတွင် ဇီဝဇိုးငှက်များအတွက် သက်တော်သည့်အပူချိန် စိုထိုင်းဆ၊ အစားအစာနှင့် ရေများကို ဖြည့်ဆည်းပေးထားရပြီး ငှက်အော်သံအတုကိုလည်း စပီကာများဖြင့် ထုတ်လွတ်ထားရကြောင်းနှင့် ၂၀၁၉ခုနှစ်၊ သစ်တောဦးစီးဌာန၏ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်မွေးမြူသည့် အိမ်လေးရာခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပြည်ဈေးကွက်အတွင်းသို့ နယ်ဘက်မှဝင်ရောက်၍အရောင်းအဝယ်ဖြစ်နေသော ရာသီပေါ်ဥများ

     မြေကြီးအတွင်း အစိုဓါတ်ရှိပြီး အနည်းငယ်အေးလာသောရာသီချိန်ဖြစ်သည့်အတွက် မြေကြီး အတွင်းစိုက်ပျိုးထားသော ဥများဖြစ်သည့် ဝါးဥ၊ ပိန်းဥ၊ ကန်စွန်းဥ နှင့် ထန်းမြစ်များ ထွက်ပေါ်လာ နေပြီဖြစ်ပါသည်။ ပြည်ဈေးကွက်အတွင်းသို့ ပြည်မြို့နယ်အတွင်း ကျေးရွာများနှင့် ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝါးဥ၊ ပိန်းဥနှင့် ထန်းမြစ်တို့လာရောက်ရောင်းချသလို ရှမ်းပြည်ယ်ဘက် မှလည်း ကန်စွန်းဥကို ကုန်ကားများနှင့် တင်ပို့ရောင်းချကြသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားသုံးသူများအနေဖြင့်လည်း ရာသီချိန်သီးနှံများဖြစ်သည့်အတွက် ဝယ်ယူစားသောက် ကြသလို ဈေးသည်များကလည်း ထိုဥများကို ပြုတ်၍ ပြန်လည် ရောင်းချကြ ပါသည်။ ဝါးဥနှင့် ပိန်းဥကို ရွှေတောင်ဘက်မှ အများအပြားလာရောက်ရောင်းချသလို ထန်းမြစ်ကို ပြည်မြို့နယ်အတွင်း ကျေးရွာများဖြစ်သော မှော်ဇာနှင့် မေုဌာကျေးရွာများ လာရောက်ရောင်း ချကြပါသည်။ ဈေးနှုန်း အနေဖြင့် ဝါးဥတစ်ပိသာလျှင် (၄၀၀၀)ကျပ်၊ ပိန်းဥတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကန်းဥတစ်ပိဿာ (၄၀၀၀)ကျပ်နှင့် ထန်းမြစ် (၁၀)ချောင်းပါတစ်စည်းလျှင် (၁၈၀၀)ကျပ်ဖြင့် ပြည်မြို့ရှိဈေးများအတွင်းတွင် ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)

ဆောင်းဦးရာသီနှင့်ပြည်မြို့၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်

     ယခုလိုအချိန်သည် ဆောင်းဦးရာသီချိန်ဖြစ်သည့်အတွက် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ ပေါများစွာ ပေါ်ထွက် လာနေပြီဖြစ်ပါသည်။ ပြည်ခရိုင် အတွင်း ဆောင်းရာသီတွင် ထွက်ပေါ်လာသော သီနှံများမှာ ပန်းဂေါ်ဖီ၊ မုန်လာဉဖြူ၊ ခရမ်းချဉ်သီး၊ ဝါးဥ၊ ပိန်းဥနှင့် ပြောင်း စသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ အများအပြားထွက်ပေါ်လာပါသည်။ ဆောင်းဦးရာသီ ဖြစ်၍ အသီးအနှံများစွာ ထွက်ပေါ် လာပြီး စားသုံးသူများအနေဖြင့် ပေါများစွာ နှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံး နိုင်ကြပါသည်။ ပြည်ခရိုင်အနေဖြင့် ပြည်မြို့နယ်တွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံအများအပြား စိုက်ပျိုးဒေသများမှာ မှော်ဇာ၊ ခွေးရဲ၊ ကင်ပွန်းခြုံကျေးရွာများဖြစ်ပြီး၊ ရွှေတောင်မြို့နယ် အနေဖြင့် မီးလောင်အုပ်စု၊ မီးလောင် ကျေးရွာနှင့် ကိုးတွင်းစဉ်ကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်တွင် လေးကြီးကျေးရွာ၊ သဖန်းချိုကျေးရွာ တို့တွင် စိုက်ပျိုးကြပါသည်။ ထိုကျေးရွာများတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ တချို့ ကျေးရွာများတွင် စီးပွားဖြစ်မဟုတ်ပဲ အိမ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောသီးနှံများ အနေဖြင့် စင်တင်၍ဖြင့် စိုက်ပျိုးရသောသီးနှံများဖြစ်သော ဘူးသီး၊ ဖရုံသီး၊ သခွားသီး၊ ခဝဲသီး၊ နှင့် ကြက်ဟင်းခါးသီးများကို စိုက်ပျိုးသလို မုန်လာဥ(ဖြူ၊ နီ)၊ ငရုတ်သီး၊ ခရမ်းသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဆလပ်၊ ကြက်သွန်နီ၊ နံနံပင်၊ ခရမ်းချဉ်သီးများကို စိုက်ပျိုးကြပါသည်။ ထို့အပြင် ကင်ပွန်းချဉ်၊ ဆူးပုတ်ပင်၊ ခွေးတောက်ပင်တို့ကိုလည်း စိုက်ပျိုးကြပါသည်။ ထိုသို့ စိုက်ပျိုးပြီးထွက်ရှိ လာသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကုန်စိမ်းဒိုင်များမှ တစ်ဆင့် နယ်မြို့များရှိ ဈေးများ နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့ရှိဈေးကွက် များသို့လည်း အနီးတဝိုက်ရှိ ကျေးရွာများမှ လာရောက် ရောင်းချကြပါသည်။ လာရောက် ရောင်းချသော အသီးအနှံများမှာ မုန်လာဥ(အဖြူ) တစ်တွဲလျှင် (၅၀၀-၆၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၀၀၀)ကျပ်၊ မုန်လာဥ (အနီ) တစ်ဆယ်ကျပ်သားလျှင် (၈၀၀-၁၀၀၀-၁၂၀၀)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်းသီး) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(ဒေသသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သားလျှင် (၁၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၂၀၀)ကျပ်၊ ဆလပ်ရွက် တစ်စည်းလျှင် (၁၀၀)ကျပ်၊ ဆူးပုတ်ရွက် တစ်စည်း လျှင် (၂၀၀)ကျပ်၊ ဂွေးတောက်ရွက် တစ်စည်း လျှင်(၁၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါ သည်။

DOCA(ပဲခူး)

ဘူးသီးစိုက်ပျိုးပုံနှင့်ဘူးသီးဈေးကွက်

     ဘူးပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလေ့ရှိကြပြီး အောက်မြန်ပြည်တွင်မူ ဆောင်းတွင်း ပိုင်း အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေးမြေဩဇာများ သမအောင် မွှေထားသောမြေကို စိုက်ဘောင်များပြုလုပ်၍ စိုက်ပျိုးကြပါသည်။ ဘူးပင်သည် မြေဩဇာ ထက်သံသောမြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ ပူနွေးသောရာသီဉတုကို ကြိုက်နှစ်သက်ပြီး အအေး ဒဏ်ကို အသင့်အတင့်ခံနိုင်ရည် ရှိပါသည်။ သို့သော်ဆီးနှင်း ဒဏ်ကိုခံနိုင်ရည်မရှိပါ။ ဘူးပင်ကို တွင်းများဖြင့်လည်းစိုက်ပျိုးကြသည်။ တစ်တွင်းလျှင် အစေ့ ၂ စေ့မှ ၃ စေ့အထိစိုက်ပျိုးနိုင်၍ တစ်တွင်းနှင့် တစ်တွင်း  ငါးတောင်ပတ်လည်ထား၍ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး (၁၀) ရက်ခန့် အကြာတွင် ပျိုးပင်ပေါက်လာပြီး  အပင်အရွက် (၃) ရွက် ၊ (၄) ရွက်ထွက်လာပါသည်။ စိုက်ခင်းအတွက်မှု (၃) ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုပါသည်။ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြတ် များကိုရှင်းလင်းပေးရန် လိုအပ်ပါသည်။ ဘူးပင်များမှာ အသီးခူးဆွတ်ရုံသာမက ဘူးညွန့်များ လည်းရရှိ ပါသည်။

     ဘူးသီးကို စိုက်ပြီးနောက် (၇၅) ရက်နေ့မှ (၉၀) ရက်အကြာတွင် စတင်ခူးဆွတ်နိုင်သည်။ ရင့်လွန်ပါက ချက်ပြုတ်စားသောက်ရန် အကောင်းသကဲ့သို့ နုပါကလည်းအခါးဓာတ်ရှိသည်။ သို့အတွက် ဘူးသီးကို မနုမရင့် အနေတော်ခူးဆွတ်ရပါသည်။ တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀)မှ (၈၀၀၀) အထိထွက်နှုန်းရှိပါသည်။ ဘူးသီးတစ်လုံးကို ဈေးကောင်းရချိန်တွင် (၂၀၀၀) ကျပ်မှ (၃၀၀၀) ကျပ်အထိ ရောင်းချရပါသည်။ ဘူးသီးကို တစ်နိုင်တစ်ပိုင် သာမက စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့မဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် နိုဝင်ဘာလ တတိယပတ်အတွင်း အုတ်ဖိုမြို့မဈေးကြီးအတွင်း ရောင်းဝယ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊(လတ်)တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊(သေး) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်ဖြူလက်လီဈေးမှာ (ရှမ်းမွှာကြီး) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ကြူကုတ်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ချင်းတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငရုတ်သီး ခြောက်(ရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ငရုတ်ပွတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ အာလူး (သန့်)တစ်ပိဿာလျှင် ၈၀၀၀ ကျပ်တို့ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ပဲဈေးနှုန်းမှာ မြေပဲလုံးဆန် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်နှင့် ကုလားပဲခြမ်းစိမ်း တစ်ပိဿာ လျှင် ၇၀၀၀ ကျပ်ဖြင့် ပုံမှန်ဈေးအတိုင်း ရောင်းဝယ်လျက်ရှိကြောင်းသိရပါသည်။

DOCA (ပဲခူး)

ဈေးကွက်အတွင်းအများဆုံးဝယ်ယူစားသုံးလျက်ရှိသော  ငရုတ်သီးစိမ်း၊ခရမ်းချဉ်သီး၊ ပိန်းဥဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော ငရုတ်သီးစိမ်းဈေးနှုန်းများမှာ အောက်တိုဘာလကုန်ရက်တွင် ငရုတ်သီးဈေးနှုန်းအခြေအနေမှာ အုတ်ဖို ငရုတ်သီးစိမ်း (၁၀)ကျပ်သားလျှင် ၅၀၀/၆၀၀ကျပ်ဈေးပေးဝယ်ခဲ့ရပြီး ကိုင်းငရုတ်သီးစိမ်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ဈေးနှုန်းရှိခဲ့ပါသည်။နိုဝင်ဘာလဆန်းမှ စတင်၍ အုတ်ဖိုငရုတ် သီးဈေးနှုန်းများ မြင့်တက်လာခဲ့ရာ ယခုနိုဝင်ဘာလ တတိယပတ်အတွင်းမှာတော့ အုတ်ဖိုငရုတ်သီးနှင့် ဒေသအခေါ် အဝေါ်ကာလီသီး တစ်ဆယ်သားဈေးနှုန်းမှာ (၁၀၀၀)ကျပ်သို့ မြင့်တက်လာသော်လည်း ကိုင်းငရုတ်သီးစိမ်းများအဝင်များလာပြီး တစ်ဆယ်ကျပ်သားလျှင်(၈၀၀/) ကျပ်သို့ ကျဆင်းလာခဲ့ပါသည်။

     ခရမ်းချဉ်သီးဈေးနှုန်းများမှာ မြေပုံခရမ်းချဉ်သီးတစ်ပိဿာကို (၃၀၀၀) ကျပ်၊ ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဈေးဖြင့်ဈေးငြိမ်စွာ ရောင်းဝယ်လျက်ရှိသည်။ ပိန်းကြက်ဥခေါ်သော ပိန်းဥများလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပြီး ပိန်းဥ (အတက်သေး) တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပိန်းဥ(အလုံးကြီး)တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဈေး တို့ဖြင့် ဝယ်ယူလျက်ရှိပါသည်။ ရာသီစာပိန်းဥနှင့်ပဲသီးတို့ကိုတွဲလျက် ဝယ်ယူချက်ပြုတ်စား သုံးလေ့ရှိရာပဲသီး အတောင့်ရှည်(၂၀) တောင့်လျှင် (၅၀၀) ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် ယခုလနှိုင်းယှဉ်ကြည့်ပါက ခရမ်းချဉ်သီး၊ ပိန်းဥ၊ ပဲသီးဈေးနှုန်းတို့မှာ ဈေးနှုန်းသိသာစွာ ပြောင်းလဲခြင်းမရှိကြောင်း သိရှိရသည်။

DOCA (ပဲခူး)

သစ်တော်သီးအကြောင်းသိကောင်းစရာ

      သစ်တော်သီးသည်မိုးရာသီကာလသစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိ တွေ့ရပါသည်။ သစ်တော်သီးကို အ‌‌ရောင်အသွေးနှင့် ပုံသဏ္ဍာန်တို့ ပေါ်မူတည်၍  ယေဘုယျအားဖြင့် အာရှသစ်တော်သီးနှင့် ဥရောပသစ်တော်သီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အာရှသစ်တော်သီးသည် အရွယ်အစားမကြီးမားပဲ လုံးဝန်းကာ အပေါ်ယံ အခွံတွင် အစက်အပြောက်များပါရှိပါသည်။ ဥရောပသစ်တော်သီးများကမူ မှည့်လာသည်နှင့်အမျှ တဖြေးဖြေးပျော့ပျောင်းလာပြီး အရည်ရွှမ်းလာကြပါသည်။ မြန်မာနိုင်ငံတွင် သစ်တော်သီးကို သရေစာ အချိုပွဲအနေဖြင့်စားသုံးလေ့ရှိပါသည်။ သစ်တော်သီးသည် မိုးလယ်မှစ၍‌ ဆောင်းဦးရာသီစာ သစ်သီး ဖြစ်သည့်အလျောက်မိုး‌‌အေး၊ ဆောင်းအေးသောရာသီဥတုများတွင်ဖြစ် တက်သည့် ချွဲထခြင်း၊ အအေးမိခြင်းတို့အတွက် ချိုချိုချဉ်ချဉ် သစ်တော်သီးစားခြင်းသည် ဘေးဥပါဒ်လုံးဝမှ မရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်တော်သီးဈေးနှုန်းများအနေဖြင့် အလတ်စား တစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ အကြီး တစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်ထိ‌ ရောင်းချကြောင်းသိရှိပါသည်။ 

DOCA (ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ ဖရဲသီးဈေးနှုန်းမြင့်တက်

      ဖရဲသီးသည် ကမ္ဘာတစ်ဝန်းတွင်လူကြိုက်များပြီး စားသုံးမှုများလှသောအသီးအနှံဖြစ်ပါသည်။ ဖရဲသီး မျိုးရင်းသည် ဘူးသီး၊ ဖရုံသီး၊ သခွားသီးတို့ပါဝင်သော မျိုးရင်းထဲကဖြစ်ပြီး ရေဓာတ်အလွန်ကြွယ်ဝပါသည်။ ဖရဲသီးသည်အချိုဓာတ်များသော်လည်း ကယ်လိုရီနည်းပါးသောကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက်လည်း အထူးသင့်လျော်ပါသည်။ မည်သည့် ရာသီတွင်မဆို ဖရဲသီးသည်ဝယ်လိုအားများလျက်ရှိပြီး ဖရဲစိုက်ပျိုးသူ၊ ရောင်းချသူများအတွက်လည်း ဝင်ငွေအကျိုးအမြတ်များစွာရရှိနေပါသည်။

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းတွင် ဖရဲသီးများကို ကားများဖြင့် ရပ်နားရောင်းချ လျက်ရှိနေပြီး ဖရဲသီးများသည် ရှမ်းပြည်နယ်ဘက်မှထွက်ရှိကာ ယခင်အောက်တိုဘာလက ဖရဲသီး တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိသာရှိပြီး ယခုနိုဝင်ဘာလတွင် ဖရဲသီးတစ်လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိဈေးနှုန်း မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

DOCA (ပဲခူး)

တောင်ငူခရိုင်အတွင်းရှိ ဆောင်းပြောင်းစိုက်ပျိုးထားရှိမှုအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆောင်းပြောင်းသီးနှံကိုလည်း ဝတီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ခေါင်ရမ်းကျေးရွာ အုပ်စုများတွင် စိုက်ပျိုးထားလျက်ရှိပါသည်။ ဆောင်းပြောင်းကို စက်တင်ဘာလကုန်နှင့် အောက်တို ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။

      ဆောင်းပြောင်း (၁) ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် ၁ထုတ်လျှင် နို့ဆီဘူး ၃ ဘူးခန့်ပါဝင်သော တော်ဝင် မျိုးစေ့ထုတ် (၅)ထုတ်ခန့် စိုက်ပျိုးထားကြောင်း၊ (၁) ထုတ်လျှင် ၉၀၀၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ဆောင်းပြောင်းစိုက်ပျိုးမှုအနေဖြင့် ထွန်းကြောင်းဆွဲ၊ အစေ့ကျစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဆောင်းပြောင်းစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး/သွင်းအားစု/ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၀)သိန်းဝန်းကျင်ခန့် ကုန်ကျ ပြီး ယခင်နှစ်တွင် ဆောင်းပြောင်းထွက်ရှိ မှုအနေဖြင့် ထွက်ပေါ်ချိန်တွင် အဖူးကြီး ၁ ဖူးလျှင် ၅၅၀ ကျပ်၊ အဖူးလတ် ၁ ဖူးလျှင် ၄၅၀ ကျပ်၊ အကျ ၁ ဖူးလျှင် ၃၀၀ ကျပ်နှင့် အသေး ၁ ဖူးလျှင် ၁၀၀ - ၁၅၀ ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နုတ်ပြီး ၃၅ သိန်းဝန်းကျင်ခန့် အမြတ်ရရှိခဲ့ ပါသည်ဟုမေးမြန်း သိရှိရပါသည်။

      ဆောင်းပြောင်းများထွက်ပေါ်ချိန်တွင် ပြောင်းစိုက်ပျိုးသူများက ပုတ်ပြတ်(သို့မဟုတ်) ပြောင်း အခင်းပြတ်သော်လည်းကောင်း၊ တစ်ချို့က ချိုးယူပြီး မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ပွဲရုံများမှတစ်ဆင့် ဒိုက်ဦးမြို့ ၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြောင်း ဆောင်းပြောင်းသီးနှံ စိုက်ပျိုးသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA (ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း