Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ကြာပန်း

           တောင်ကြာပန်းဟုဆိုရာဝယ် တောင်ပေါ်ဒေသတွင် နေကြာပန်း များနှင့်တူသော တောင်ကြာပန်းများလည်းရှိပါသည်။ အောက်အရပ်ဒေသ နုနွင်းဖူး၊နုနွင်းပန်း ပွင့်များနှင့်တူသော တောင်ကြာပန်းကို နုနွင်းခါးပွင့်၊တောက်တာပွင့် ဟူ၍လည်း ခေါ်ဆိုကြသည်။ အညာဒေသမှ မာလာဖူးဟုခေါ်ဆိုကြသည်။ အညာဒေသတောင်စောင်းများ၊လည်ကန်ဆင်းတွင်မိုးလေးမစို့မပို့ ရွာလိုက်တာနှင့်မာလာဖူးနုနုလေးများ ထွက်ပေါ်တက်ပြီး ၎င်းမာလာဖူးနုနုလေးများကို ပြုတ်၍ သုပ်စားကြသည်။ မာလာဖူးကို မီးကင်၍ ကြက်သွန်ဖြူ၊ငရုတ်သီးလေးနှင့် ထောင်းစားက ခံတွင်းမြိန်သည်ဟု ဆိုကြသည်။ သို့သော် တောင်ပေါ်ဒေသများဖြစ်သော မိုးကုတ်၊ ပြင်ဦးလွင်ဒေသများတွင် ယခုလိုမိုးရာသီတွင် တောင်ကြာပန်းများ ခူးယူရောင်းချသူများ ပေါများသလို တစ်နှစ်တစ်ခါသာပေါ်သော ပန်းမို့ အမြတ်တနိုး ဘုရားလှူကြ၍ ရောင်းပန်း ဝယ်ပန်းလှသည်ဟု သိရှိရပါသည်။ မာလာဖူးအရသာမှာ ရှတတနှင့် ရနံ့မှာ မဆိုသလောက် မွှေးပါသည်။ မာလာဖူးက ဝမ်းမီးကို တောက်စေ၏။ အသက်ရှုစဉ် နံစော်ခြင်းကို ပျောက်စေ၏။ ကျန်းမာရေးအတွက် ဟင်းလျာအဖြစ် စားသုံးကြသလို ဘုရားပန်းလှူရန်အတွက် လည်းကောင်း၊ အလှပန်းအိုးထိုးရန်အတွက်လည်းကောင်း ဝယ်ယူများကြောင်း သိရှိရသည်။ တောင်ကြာပန်း (၁၀)ပင်တစ်စည်းလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ပြင်ဦးလွင်ဒေသရှိ တောင်ကြာပန်းခူးယူ ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)

 

သရဖီပန်းပျိုးပင်ဈေးကွက်

                ဆယ့်နှစ်လရာသီများတွင် လတကာတို့၏နော်တော် သာယာမှုတို့၏ ထိပ်ခေါင်ဖြစ်သော တပေါင်းလတွင် သဲပုံစေတီပွဲသာမက မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရားစေတီ၊ ပုထိုးများ၌ ဗုဒ္ဓပူဇနိယပွဲတော်များနှင့်အတူ ဆွမ်းကြီးလောင်းပွဲ၊ ပဌာန်းပွဲတို့ကိုပါ ကျင်းပလျှက်ရှိရာ တပေါင်းလသည် မြန်မာတို့အတွက် ဒါနသီလကိုပေးသောမွန်မြတ်သောလဖြစ်ပါသည်။ထူးခြာလှပလမြတ်ကာလတွင်နေခြည်မှာလည်းတဝင်းဝင်း ညအမှောင်မှာလည်းတဝင်းဝင်းဖြင့် တသင်းသင်းကြိုင်နေသော သရဖီပန်းများကို ခူးဆွတ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြပါသည်။ သရဖီပန်း၏ ရနံ့သည် အမူးအမော်ကိုပြေစေပါသည်။ သရဖီပန်းပင်သည် ကံ့ကော်ပင်၊ ပုန်းညက်ပင်များနှင့် ဆင်တူပါသည်။ တပေါင်း၏ ရာသီပန်းသည် သရဖီပန်းဖြစ်ပါသည်။ အရိပ်လည်းရ ပန်းလည်းလှသည့် အပင်မျိုးဖြစ်ပါသည်။ သရဖီပန်းပင်ကို ကျေးရွာလူနေအိမ်များနှင့် ခြံဝင်းများတွင် စိုက်ပျိုးကြသည်။ ကျောက်ဆည်ခရိုင်တွင် မယ်ဇယ်ပင်ရွာ၊ လက်ပံပင်ရွာ၊ မြောင်းဦးရွာ၊ ငါးလုံကုန်းရွာ၊ တံတားလယ်ရွာနှင့် သပြေသာရွာ၊ ဟန်မြင့်မိုရ်ရွာများမှ အများဆုံးထွက်ရှိသည်။ တပေါင်းလ၏ အမှတ်တံဆိပ်သရဖီပန်းများကို မြန်မာနိုင်ငံအညာဒေသမှာ လှပစွာတွေ့မြင်ရပါသည်။ သရဖီပန်းသည် ပင်စည်ကိုင်းများမှ ထွက်၍ ဖူးပွင့်ကြသည်။ သရဖီပန်းကို ညအချိန်တွင် အာနေသော အဖူးကလေးများကို ခူးဆွတ်ပြီး ပန်းကုံးကလေးများ သီကုံးကာ မန္တလေးဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။ တပေါင်းလ၏ ပထမလဝက်သည် ဆောင်းရာသီတွင် ကျရောက်ပြီး ဒုတိယလဝက်မှာ နွေရာသီတွင် ကျရောက်ပါသည်။ ဆောင်းအကူးနွေအစ သာယာလှသော လရာသီဖြစ်ပါသည်။ သရဖီပန်းပျိုးပင်တစ်ပင်လျှင် (၃၀၀၀/၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 

ညမွှေးပန်းပျိုးပင်ဈေးကွက်

              ညမွှေးပန်း၏ အဓိပ္ပာယ်သည် “အရာရာမင်းအတွက်ဖြစ်စေရမယ်”ဟူ၍ဖြစ်သည်။ ညမွှေးပန်းသည် စိမ်းနုရောင်ပန်းခိုင်လေးများ တစ်ပင်လုံးအူနေအောင် ပွင့်သောပန်းဖြစ်သည်။ ညမွှေးပန်းဟု အမည်နှင့်လိုက်အောင် နေခင်းပိုင်းတွင် လုံးဝမမွှေးဘဲ နေလုံးကွယ်ပျောက် ညချမ်းအချိန် အခါရောက်မှ မွှေးသောပန်းဖြစ်သည်။ ညမွှေးပန်း၏ ရနံ့သည် တစ်တောလုံး တစ်တောင်လုံး အီနေအောင်မွှေးသောပန်းဖြစ်သည်။မွှေးလွန်းသော ညမွှေးပန်းရနံ့ကို လူတိုင်းမကြိုက်နှစ် သက်ပေမဲ့ လမ်းဘေးဝဲယာ၊ အိမ်ခြံဝင်း ဘေးများတွင် နှစ်သက်စွာစိုက်ပျိုးတတ်ကြသည်။ မိုးများသော၊ အေးသောဒေသများတွင် ခြံစည်ရိုးပန်းအဖြစ် မိုးကုတ်၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။ မြေပြန့်ဒေသတွင် အနည်းငယ်သာစိုက်ပျိုးကြသည်။ ညမွှေးပန်းပင်သည် အမြဲစိမ်းခြုံနွယ်ပင်မျိုးဖြစ်ပြီး ညမှာပွင့်သည့် ညမွှေးပန်းလေးတွေက အလွန်ပြင်းထန်ပြီး ချိုအီသောရနံ့ကို ထုတ်ပေးကာ ဝတ်မှုန်ကူးမယ့် ညပျော်ဖလံအင်းဆက်တွေကို ဆွဲဆောင်နိုင်သည်။ ညမွှေးပန်း၏ ရနံ့သည် ပန်းနာရင်ကြပ်ရောဂါသည်များအတွက် အသက်ရှူရန်ခက်ခဲသည် အထိဖြစ်ရ သည်ဟုဆိုကြသည်။ နှာခေါင်း၊ လည်ချောင်းယာယံခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်နိုင်လို့တချို့က ကြိုက်နှစ်သက်ခြင်းမရှိကြပါ။ မိုးကုန်ဆောင်းကူးရာသီတွင် ပွင့်တတ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကြိုက်နှစ်သက်သူရှိသလို မကြိုက်နှစ်သက်သူလည်း ရှိတဲ့အတွက်ကြောင့် ရောင်းအားနည်းတယ်လို့ ဆိုပါတယ်။ ညမွှေးပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ဇီဇဝါပန်းပျိုးပင်ဈေးကွက်

          ဇီဇဝါပန်းကလေး၏ အဓိပ္ပာယ်သည် “ဒီအတိုင်း တိတ်တိတ်လေး အများကြီး သဘောကျ ရပါတယ်” ဟု ဆိုလိုသည်။ ဇီဇဝါပန်းသည် အနံ့မွှေး၍ အဖြူရောင်ရှိသည်။ ဇီဇဝါသည် ပန်းပွင့်သော အလှပန်းပင်ဖြစ်သည်။ ဇီဇဝါပန်းရနံ့သည် အလွန်မွှေးကြိုင်ပြီး ရနံ့သင်းသင်း စံပယ်ပန်း ရနံ့နှင့်ဆင်တူပါသည်။ ဇီဇဝါပန်းလေးတွေက တန်ခူး၊ ကဆုန်၊ နယုန်လများတွင် ဝေဝေဆာဆာပွင့် တတ်ကြသည်။ ဇီဇဝါပန်းရနံ့သည် စိတ်ကို လုံခြုံစိတ်ချနွေးထွေးမှုရှိသည်ဟု ယူဆကြသည်။ စိတ်ခံစားမှုကောင်းစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါသည်။ ဇီဇဝါပန်းလေးတွေ အရမ်း မွှေးပြီးလှပသော အဖြူရောင်ပန်းကလေးများဖြစ်ပြီး နွမ်းသွားသောအခါ အဝါရောင်ပြောင်းသွားပြီး နွမ်းလျသည်အထိ မွှေးပျံ့ဆဲဖြစ်ပါသည်။ ဇီဇဝါပန်းလေးတွေကို ချိုးယူပြီးဘုရားပန်းလှူခြင်း၊အလှပန်းအိုးထိုးခြင်းများပြုလုပ်နိုင်သလိုခေါင်းတွင်လည်းအလှပန်ဆင်နိုင်ပါသည်။ဇီဇဝါပန်းကလေးတွေရဲ့ အဆီအနှစ်က ရောင်ရမ်းမှုကို ကျစေပါသည်။ အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေပါသည်။ ဦးနောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါသည်။ အသားအရေကိုလှပစေပါသည်။ ယခုလို လှပမွှေးပျံ့ပြီး ရနံ့သင်းသင်း ကျက်သရေရှိသော ဇီဇဝါပန်းပင်များကို အိမ်မှာအလှစိုက်ထားလျှင် ဘုရားပန်းလှူ၊ အလှပန်းအိုးထိုး၊ စိတ်ကိုကျန်းမာစေ၍ အမြတ်တနိုး ပန်ဆင်နိုင်ရန်အတွက် စိုက်ပျိုးထားသင့်ပါသည်။ ဇီဇဝါပန်း ပျိုးပင် ဗမာမျိုး နှင့်ယိုးဒယားမျိုး ဟူ၍ရှိပြီး ဇီဇဝါပန်းပျိုးပင်တစ်ပင်လျှင် (၅၀၀၀/၈၀၀၀/၁၅၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

တတိုင်းမွှေးပန်း

              တတိုင်းမွှေးဆိုတဲ့ အမည်နှင့်လိုက်ဖက်စွာ အမည်ကို တမ်းတရုံနှင့် မွှေးသည် ဆိုရလောက်အောင် ပန်း၏ရနံ့မှာ ဆွတ်ပျံ့ဖွယ်ဖြစ်သည်။ မေ၊ဇွန်၊ဇူလိုင်လများတွင် ပန်းပွင့်ကြပြီး အဖြူရောင်၊ရနံ့မွှေးကြိုင် တံတိုင်းမွှေးပန်းများကို ယခုလိုအချိန် မိုးကုတ်ဒေသတွင် စိုက်ပျိုးဖြစ် ထွန်းပြီး အိမ်တစ်အိမ်မှာ တတိုင်းမွှေးပန်းပင်တစ်ပင်ရှိလျှင် တစ်ရပ်ကွက်လုံး မွှေးပျံ့နေပါသည်။ အအေးပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းပါသည်။ တတိုင်းမွှေးပင်၏ အရွက်မှာ အစိမ်းရင့်ရောင် ဘဲဥပုံအ ရွက်များဖြစ်ပြီး ဖယောင်းလွှာဖြင့် ဖုံးအုပ်ထားသောကြောင့် ပြောင်ချောနေသည်။ ပန်းပွင့်များမှာ အပင်မျိုးစိတ်ပေါ် မူတည်၍ အဖြူရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ ကြက်သွေး ရောင် ဟူ၍ အမျိုးမျိုးရှိသည်။ ပန်းများ၏ ရနံ့မှာ အလွန်မွှေးသောကြောင့် ရေမွှေးပြုလုပ်ရာတွင် လည်းကောင်း၊ရေချိုးဆပ်ပြာ၊ အလှကုန် ပစ္စည်းထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုကြသည်။ စတင်စိုက်ပျိုးချိန်မှစ၍ (၇)နှစ်ခန့်ကြာမှသာ ပန်းပွင့်ပါသည်။ တတိုင်းမွှေးပန်း၏ ထူးခြားချက်မှာ ဝတ်မှုံမထုတ်လုပ်ဘဲ ပရိုတင်းဓာတ်ပါသော ဝတ်ရည်များသာ ထုတ်ကာ ပျားများသည် တတိုင်းမွှေး၏ အဓိက ဝတ်မှုန်ကူးသူဖြစ်သည်။ အပင်များသည် နှစ်(၁၀၀)သက်တမ်းအထိ ရှင်သန်နိုင်သည်။ စကားဝါ၊ စကားစိမ်းနွယ်ပင်ဖြစ်သည်။ တတိုင်းမွှေးပန်း ကလေးများသည် အဆင်းလှပခြင်း၊ ရနံ့သင်းပျံ့ခြင်းတို့ကြောင့် ပန်းချစ်သူများအနေဖြင့် မိမိတို့ အိမ်ခြံဝင်းထဲတွင် တစ်ပင်တစ်လေ စိုက်ပျိုးသင့်ပါသည်။ မြန်မာနိုင်ငံတွင် အပူပိုင်းနှင့် သမပိုင်း ဒေသရှိ တတိုင်းမွှေးကိုသာ စိုက်ပျိုးသင့်ပါသည်။အအေးပိုင်းဒေသများဖြစ်သော မိုးကုတ်၊ ပြင်ဦးလွင်ဒေသများတွင် မြင်တွေ့နိုင်သည်။ တတိုင်းမွှေးပန်းက စိုးရိမ်စိတ်များတာကို သက်သာ စေသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေသည်။ စိတ်ဖိစီးမှုကိုလည်း သက်သာစေသည်။

DOCA(မန္တလေး)

 

ယုဇနပန်းပျိုးပင်ဈေးကွက်

            စိတ်ချမ်းသာလိုလျှင် ပန်းပင်စိုက်ပါ၊ ပန်းကလေးတွေက အရောင်အမျိုးမျိုး အဆင်း သွယ်သွယ်ဖြင့် မြင်ရသူတို့၏ ရင်ဝယ်အေးမြလန်းဆန်းစေပါသည်။ ထိုပန်းကလေးများထဲမှ ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ တည်ကြည်ခြင်း အဓိပ္ပာယ်ကို ဆောင်သော အဖြူရောင်ပန်းကလေးများစွာ ရှိပါသည်။ စပယ်ပန်း၊ ဇွန်ပန်း၊ ဇီဇဝါပန်း၊ ဇလပ်ဖြူ၊တတိုင်မွှေး၊ နှင်းပန်း၊ သစ္စာပန်း စသည်ဖြင့် အဖြူရောင်ပန်းပွင့်သော အပင်များစွာရှိပါသည်။ ထိုထဲကမှ အဖြူရောင်းအပွင့်သေးသေးလေးမျာ အူခဲနေအောင် ပွင့်တတ်သော ယုဇနပန်းပင်ကလေးများကလည်း ရောင်းပန်သာ၍ ဝယ်ပန်းလှ နေကြပါသည်။ ယုဇနပန်းကလေးများသည် ရနံ့သင်းသင်းကလေးများနှင့် လှပစွာ ပွင့်တတ်ပြီး လူတို့၏ စိတ်ကို ချမ်းမြေ့စွာ စွမ်းဆောင်နိုင်ပါသည်။ ယုဇနပန်းအိုးလေး မိမိအိပ်ယာဘေးထားပြီး ပန်းရနံ့လေးရှုရှိုက်ပြီးအိပ်ပါက စိတ်ကြည်လင်လန်းဆန်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါသည်။ ယုဇနပန်းကလေးများက “ကံကောင်းခြင်းနှင့် အကောင်းမြင်ဝါဒကို ကိုယ်စားပြုသည်” ဟု အဓိပ္ပာယ်ဆောင်ပါသည်။ ဘဝမှာ ပံ့ပိုးကူညီမှုနှင့် စိတ်အားထက်သန်မှု လိုအပ်နေသူတွေအတွက် ယုဇနပန်းက လက်ဆောင်မွန်ကောင်းဖြစ်သည်။ ယုဇနပန်းပင်ကို လူကြိုက် များပြီးစိုက်ပျိုးမှုများ သောကြောင့် ရောင်းအားကောင်းလျှက်ရှိကြောင်း သိရှိရသည်။ ယုဇနပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ငုဝါပန်းပျိုးပင်ဈေးကွက်

                အဝါရောင်သည် ပျော်ရွှင်ခြင်း၊ ရယ်မောခြင်း၊ မျှော်လင့်ချက်ရဲ့ နေရောင်ခြည်ကို နွေးထွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါသည်။ အကောင်းမြင်ခြင်းနှင့် စိတ်ပျော်ရွှင် တက်ကြွခြင်း ကို ပေးစွမ်းနိုင်ပါသည်။ အဝါရောင်သည် လင်းလွန်းသောကြောင့် စိတ်ကိုကြည်လင်လန်းဆန်း စေပါသည်။ ငုဝါပန်းများကလည်း အဝါရောင်ဆွဲလွဲအခိုင်လိုက်တွေ တစ်ပင်လုံးအူနေအောင် ပွင့်တတ်သည်။ သင်္ကြန်မိုးကလေးပြီးကတည်းက ပွင့်လန်းခဲ့သည့် စိန်ပန်းနီ၊ စိန်ပန်းပြာတွေ၊ ငုဝါပန်းတွေ၊ ငုစပ်ပန်းတွေက ကြွေကျမြေမှာ ကြဲပြန့်နေပြီး နောက်တစ်ပြန်ပွင့်တဲ့ စိန်ပန်းနီတွေကတော့ ပွင့်လျှက်ကျန်နေပါသည်။ ငုဝါပန်းက နွေရာသီရဲ့ ရာသီပန်းဖြစ်သည်။ ထင်သာမြင်သာအောင် ပွင့်သောကြောင့် လမ်းဘေးဝဲယာ၊ ကျောင်းကန်ဘုရား၊ ခြံဝန်း၊ပန်းခြံ စသည်ဖြင့် အရိပ်ရအလှပင် အဖြစ် စိုက်ပျိုးကြသည်။ ငုဝါပန်းများကို ဘုရားကျောင်းအိမ်တွင် ချိတ်ဆွဲထားက ပျော်ရွှင်ခြင်းနှင့် ကံကောင်းခြင်းတွေကို သယ်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ နှစ်သစ်ကို ကံကောင်းခြင်းများစွာနှင့် ကြိုဆိုကာ ပွင့်လန်းသောပန်းများဖြစ်သည်။ ငုဝါပန်းပွင့်များကို မြင်ရသူအဖို့ ရင်ဝယ်နွေးထွေးမှုကို ရစေပါသည်။ ငုဝါအသီး၊ အခေါက်၊အရွက်များကို တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း သိရှိရသည်။ ပိတောက်နှင့် ငုဝါပန်းသည် အဝါရောင် ပွင့်လန်းသော ပန်းများဖြစ်ပြီး အပြိုင်လှရပ်နိုင်လွန်းပြီး လူတို့နှစ်သက်မြတ်နိုးအပ်သော ပန်းကလေး များဖြစ်သည့်အတွက်စိုက်ပျိုးသင့်ပါသည်။ငုဝါပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်း ဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ခတ္တာပန်းပျိုးပင်ဈေးကွက်

             ခတ္တာပန်းသည် ဝါခေါင်လ၏ ရာသီစက်ဝန်းပန်းဖြစ်သည်။သို့သော်လည်း မိုးသံကြား တာနှင့်ပွင့်သောပန်းမို့ နယုန်၊ဝါဆို မှစ၍ပွင့်တက်ပါသည်။ အဖြူရောင် ခတ္တာပန်းလေး၏ အဓိပ္ပာယ်က “အားငယ်ရတဲ့သူမို့ ညှာတာပါ” ဟူ၍ ဖြစ်သည်။ခတ္တာပန်းပင်သည်ဥမှမျိုးပွားမြန်သော ဂမုန်းပန်းနွယ်ဝင်ပန်းမျိုး ဖြစ်သည်။ ခတ္တာပန်းပွင့်ဖတ်သေးနှင့် ပွင့်ဖတ်ကြီးပန်း (၂)မျိုး ဖြစ်သည်။ ရနံ့သင်းသင်းမွှေး ရနံ့ကို ပိုင်ဆိုင်ထားသည်။ သူယောင်ဂမုန်း အလှတနှုန်း တော်ဝင်ပန်းမို့ ခူးလို့ရယ် ပန်ဆင်မထိုက် ဘုရားပန်းလှူရန် ထိုက်သောပန်းဖြစ်သည်။ နူးညံ့သိမ်မွေ့သော ပန်းဖြစ် သည်။ ခတ္တာပန်းအဖြူရောင် အဝါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အနီရောင်ဟူ၍ ရောင်စုံပွင့် လန်းကြသည်။ အဖြူရောင်ခတ္တာပန်းလေး၏ သင်္ကေတမှာ “ ကိုယ်ချင်းစာခြင်း၊ စာနာနားလည်ခြင်း နှင့် ငြိမ်းအေးမှုတွေ” ဖြစ်သည်။ ကိုယ့်အတွေးထဲက လူတစ် ယောက်ကို ကိုယ့်သူ့အကြောင်းတွေးနေ သည့် ဆိုတာကို အဖြူရောင်ခတ္တာပန်းလေးနဲ့ဖော်ပြနိုင်သည်။ အဝါရောင် ခတ္တာပန်းကလေးတော့ “ ကံကောင်းပါစေ” ဟု အဓိပ္ပာယ်ရသည်။ ကိုယ်ချစ်ခင်ရသူတစ်ဦးကို ကောင်းတဲ့သတင်းအချို့စောင့်စားနေတဲ့အချိန်မှာ ဆန္ဒပြုပေးနိုင်ပါသည်။ ပန်းတွေ၏ သင်္ကေတအယူအဆက စာဖွဲ့၍ ကုန်နိုင်မည် မထင်ပေ။ မည်သို့ပင်ဆိုစေကာမူ ခတ္တာပန်း၏ သင်းပျံ့ပျံ့မွှေးရနံ့နှင့် လှရက်နိုင်လွန်းသည့် တော်ဝင်ပန်းဖို့ အိမ်တိုင်းစိုက်ပျိုးသင့်ပါသည်။ ခတ္တာပန်းပျိုးပင်များကို ပန်းပျိးဉအဖြစ်ရောင်းချကြသလို ပန်းပျိုးပင် အဖြစ်လည်း ရောင်းချကြပြီး ခတ္တာပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀/၃၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊မိုးစပါးစိုက်ပျိုးထားရှိမှု

  နွားထိုးကြီးမြို့နယ်သည် ဆည်ရေသောက်အသင့်တင့်ရှိပြီး မိုးကောင်းသောက် ဧရိယာ များတွင် မိုးစပါးများကိုလည်း ဒေသတွင်းဝမ်းစာဖူလုံစေရန် စိုက်ပျိုးထားကြောင်း သိရှိရသည်။ မိုးစပါးများကို ဇူလိုင်လ၊ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် မြင်းခြံမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးဧက (၁၁၈၅၉) စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စီမံကိန်းလျာထားချက်နှင့် အညီရာနှုန်း ပြည့်မီအောင် စိုက်ပျိုးထား ကြောင်း၊ သက်လတ်စပါးမျိုးဖြစ်သော မနောသုခ စပါးမျိုးများကို စိုက်ပျိုးထားကြောင်း၊ မိုးစပါး များကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတွင်  စတင်ရိတ် သိမ်းမည်ဖြစ်ကြောင်း၊ ယခင်နှစ်မိုးစပါးအထွက် နှုန်းအနေဖြင့် (၇၀)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊  ယခင်နှစ်မနောသုခစပါး တစ်တင်းခွဲ တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသအတွင်း၌သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် ရာသီဥတုကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင်ကြောင်း မိုးစပါး စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်၏၂၀၂၅-၂၀၂၆ခုနှစ်၊ ဖူးစားပြောင်းသီးနှံစိုက်ပျိုးထားရှိမှု

   နွားထိုးကြီးမြို့နယ်၏ မိုးကောင်းသောက် ဧရိယာများတွင် ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံများစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးထားကြောင်း သိရှိရ သည်။ ဖူးစားပြောင်း(မိုး)သီးနှံကို ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဖူးစားပြောင်း သီးနှံကို စီးမံကိန်းဖြင့် (၃၅၀၈)လျာထားဧကတွင် စိုက်ပျိုးပြီး ဧက(၂၀၃၅) ဧကစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသောဧကများအား နိုဝင်ဘာလအတွင်း လျားထားချက် ပြည့်မီအောင်ဆက်လက် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထားရှိသောကျေးရွာများမှာ မြင်းနီရွာ၊ လက်ဝဲရွာ၊ ကံရွာ၊ ကံဆွယ်နှင့် နနွင်းတော်ဘိုးကျေးရွာ များတွင် ဖူးစားပြောင်းသီးနှံများ စိုက်ပျိုးထားကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၅၅၅၀) ဖူးထွက်ရှိခဲ့ကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှုကောင်းမွန်ပါက အထွက်နှုန်း ကောင်းနိုင်မည်ဖြစ်ကြောင်း ဖူးစားပြောင်း စိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း