
ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့်နှမ်း၊နေကြာစသည့် ဆီထွက်သီးနှံများအပြင် မိသားစု အပိုဝင်ငွေရရှိရေးအတွက် ကျေးလက်တောရွာများ၌ သဘာဝအလျှောက်ပေါက်ရောက်သည့် စားသုံးပင် ဖြစ်သလို ခြံစည်းရိုးများတွင်စိုက်ပျိုးသည့် ဆူးခြုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ပင်ကိုလည်း စိုက်ပျိုး လာကြပါသည် ။ ကင်ပွန်းချဉ်ပင်စိုက်ပျိုးရာတွင် အစေ့မှမျိုးယူ၍စိုက်ပျိုး ရကြောင်းသိရှိရပါသည် ။ ကင်ပွန်းချဉ်ရွက်သည် အစာအိမ်ရောဂါ နှင့် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေကြောင်း၊ ဆံသားပျက်စီးမှု ကို သဘာဝအတိုင်းပြန်လည်ကုသပေးနိုင်ခြင်း၊ ကင်ပွန်းချဉ်ရွက်ကို ခေါင်းလျော်ရည်နှင့် ရေချိုးဆပ်ပြာ များပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ပါကြောင်း၊ အရေပြားရောဂါများကုသရာတွင်လည်း အသုံးပြုနိုင် ပါကြောင်း ကျန်းမာရေးဗဟုသုတ များအရသိရှိရပါသည် ။ ကျောက်ဆည်မြို့ ၊ အေးမြကြည်လင်စျေး တွင် ကင်ပွန်းချဉ်ရွက်(၁၀) ကျပ်သားလျှင်(၁၅၀၀/-)ကျပ်၊(၁)ပိဿာလျှင်(၁၂၅၀၀/-)ကျပ်စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျှက် ရှိကြောင်းသိရှိရပါသည်။ ကင်ပွန်ချဉ်ရွက်ကိုကြော်စားခြင်း၊ ဟင်းချိုချက်၍ သောက်သုံးခြင်း၊ အချဉ်ရည်ဟင်းပြုလုပ်၍လည်း ချက်ပြုတ်စားသုံးကြသောကြောင့် မိသားစုအပိုဝင်ငွေ ရရှိရေး အတွက်စိုက်ပျိုးထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
