Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၈.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဉီးတို့သည် အင်းစိန်မြို့နယ်ရှိ ကော့စမိုပရီမီယံ ကလိုသင်း အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(ခ/၅၅၂)၊ မင်းစေတီလမ်းသွယ်(၁)၊ ရွာမအနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ “ကော့စမိုပရီမီယံကလိုသင်း”အမည်ဖြင့် Online စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။ DOCA (ရန်ကုန်)

မကွေးမြို့၊ ရန်ကင်းဈေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းဈေး၌ရောင်းချလျက်ရှိသော ကုန်စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ပုဇွန်၊ ပဲပြား၊ ပိတ်ဆွယ်၊ ပဲနီလေး၊ အရောင်တင်မှုန့်၊ နနွင်း မှုန့်၊ ငရုပ်သီးမှုန့်၊ ငါးခြောက်၊ ငပိ၊ မုန့်ဟင်းခါးဖတ်တို့၌ အစားအစာများတွင်သုံးစွဲရန် မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ Mobile Lab Van ဖြင့် စစ်ဆေးခဲ့ရာ သုံးစွဲရန် မသင့်သော ချွတ်ဆေးများနှင့် တာရှည်ခံဆေးများသုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။ DOCA(မကွေး)

ဂျိုဂျိုးလိုကယ်အွန်လိုင်းရှော့သို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၈.၇.၂၀၂၅ ရက်နေ့ နံနက်(၀၉:၁၅) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၁၄)၊ မြိုင်သာယာလမ်း၊ တောင်သူကုန်းရပ်ကွက်တွင် ဂျိုဂျိုးလိုကယ်အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

မြိတ်ခရိုင်သို့ ဆန်အိတ်များ ရေယာဉ်(လှေ)ဖြင့်ရောက်ရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သည့်ဒေသဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဝယ်ယူ၍ MV ရတနာခိုင်ထွန်း(၈)ရေယာဉ် ဖြင့် ဆန်အိတ်များသယ်ယူလာခဲ့ပြီး (၈.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါရေယာဉ်(လှေ)တွင် ဆန်တန် (၃၀၀)၊ အိတ်ရေ (၆၀၀၀) ပါရှိပြီး စားသုံးသူရေးရာဦးစီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့ဝင်များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့တွင် တရားမဝင် Simcard ရောင်းဝယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ပူးပေါင်း၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖြင့် မြိတ်မြို့ပေါ်ရှိ ဖုန်းအရောင်းများသို့ သွားရောက်၍ တရားမဝင် Sim Card(ဆင်းကတ်) ရောင်း ဝယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း Sim Card(ဆင်းကတ်) ရောင်းချနေမှုနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ မှတ်ပုံတင်ပြီးမှရောင်းချခြင်းနှင့် တရားမဝင်ဆင်းကတ် များရောင်းချနေ ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ချက်များအတိုင်းဆောင်ရွက်ရန် နှင့် ပြည်သူများသို့ ဝန်ဆောင်မှုနှင့်ပတ်သက်၍ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၈)ရက်နေ့တွင် မြစ်သားမြို့နယ် ၊ နွားကူးလေးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ တက်ရောက် လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များ နှင့် Consumer Call Center ဖြစ်သည့် (1535) သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov. mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ၊ ကျေးရွားသားများအား စားသုံးသူအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ DOCA(မန္တလေး)

“မြစ်သားမြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် ဇူလိုင်လ (၈)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်းပြီး မြစ်သားမြို့နှင့် ကူမဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ အရန်သင့်အစားအစာ အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ ကုန်စုံဆိုင်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များလိုက်နာရမည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် ၄င်းအချက် အလက်များမှပုဒ်မ(ခ)ရှိကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာ ဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ပဲကြော်နှင့်ပဲလှော်လုပ်ငန်းအားကွင်းဆင်းစိစစ်”

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စိန်နဂါး၊ နီလာနှင့် မြ ပဲကြော်နှင့် ပဲလှော်လုပ်ငန်းများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိ စေရေး၊(Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စိန်နဂါး၊နီလာနှင့်မြ ပဲကြော်နှင့်ပဲလှော်လုပ်ငန်း အမှတ်တံဆိပ် ထုတ်လုပ်သည့် လုပ်ငန်းရှင် များအား စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားရန် ကုန်ကြမ်းများစနစ်တကျ သိုလှောင်သိမ်းဆည်းရန် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ ၄၃ အရ စီးပွားရေး လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ ပြည့်စုံစွာဖော်ပြ ထားရှိရန်နှင့် လုပ်ငန်းရှင်မှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရန် အလေးထား ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၀ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေး ခဲ့ပါသည်။ DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၀-၇-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ချမ်းအေးသာဇံမြို့နယ် အ.လ.က (၇) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးဌာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်က အဖွင့် အမှာစကား ပြောကြားပြီး သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူရေးရာဌာနခွဲမှ ဦးတင်ချစ်ကောင်း (ဦးစီးအရာရှိ)က စားသုံးသူများ နစ်နာ ဆုံးရှုံးမှုရှိက Call Center ၁၅၃၅ သို့ တိုင်းကြားနိုင်သည့် နည်းလမ်းများ အား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၅၆)ဦး တက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား လည်းကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသတင်းရရှိပါသည်။ DOCA(မန္တလေး)

ရည်ညွှန်းဈေးနှင့်ဆီများရောင်းချမှုရှိစေရန်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုဆောင်ရွက် ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေး အတွင်းရှိ ဒေါ်အိအိဖြူ (ဆီဆိုင်) နှင့် ဦးထွန်းမြင့်နိုင် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၈.၇.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ် စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ