Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်ဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၄.၉.၂၀၂၅ ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင် ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်နိုင်နိုင်ထွန်းပါ(၅) ဦး၊  မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှ ရုံးအုပ် ဒေါ်နီနီသိန်းပါ(၂) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးလွင်ပါ(၅) ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာထွန်း ပါ(၂) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့နယ်အတွင်း လက်လီရောင်းချလျက် ရှိသော ဆန်ဆိုင်(၅) ဆိုင်သို့ သွားရောက်၍ ဆန်ဈေးနှုန်းများ မြင့်မားစွာရောင်းချမှု မရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လက်လီဆန်ရောင်းချနေသော ဆိုင်များအား စစ်ဆေးခဲ့ပြီး သတ်မှတ် ဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချပါက ဥပဒေအရ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စစ်ဆေးမှုပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြံခင်းမြို့ Online Sale ဖြင့်ရောင်းချသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

 

            စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၈.၉.၂၀၂၅)ရက်နေ့  နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ဘုရားကြီးလမ်း၊ ရွာသစ်ရပ်ကွက်ရှိ Online စနစ်ဖြင့် ရောင်းချ လျက်ရှိသော Win Maw Swe Store အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင် ရွက် ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ် ကယ် တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ  စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ဒေါ်စိုးယုမော်နှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၉.၉.၂၀၂၅)ရက်နေ့ နေ့လည် (:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေ များနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့် လက်လီ အရောင်းဆိုင်၊ အိမ်ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းသုံးဆီ ဖြန့်ဝေရာတွင် လည်း လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊   စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အခွင့်အရေးအား အပြည့်အဝရရှိစေရန်  ရည်ရွယ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ အတွက် စားအုန်းဆီများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေး ထားပြီး ဖြစ်သည့် အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ်လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် ဝန်ထုတ်ဝန်ပို မဖြစ်စေဘဲ   အမှန် တစ်ကယ်သုံးစွဲ‌နေသောလိုအပ်ချက်စာရင်းကိုသာတင်ပြလျှောက်ထာနိုင်ကြောင်း စသည်တို့ကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဝန်ထမ်းများသည်(၂၄.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကလောမြို့ပေါ်ရှိ ကုန်စုံဆိုင် များတွင် အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့၊(၁၀:၀၀)နာရီ အချိန်တွင် ကလောမြို့ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်း တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၄၁)ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)သည် စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှု့ရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစားများ စားသုံးရန်သင့်/မသင့် သိရှိသင့် သည့် ကုန်အညွှန်းအမှတ်အသားပါအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည်  (၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက  ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော စားသုံးသူများ အခွင့်အရေးအပြည့်အဝရရှိစေရေး၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ စားသုံးသူများထံ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ စားသုံးသူတိုအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သတ်၍လည်း လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း စသည်တို့ကို  အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဒို့တောင်ပေါ် ကော်ဖီလုပ်ငန်းအားကွင်းဆင်းစိစစ်

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၁၈-၉-၂၀၂၅)ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပင်းတယမြို့၊ ရေဖြူကျေးရွာရှိ ဒို့တောင်ပေါ် ကော်ဖီလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး(Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ဒေသဦးစီးမှူးမှ ကုန်စည် နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိ တို့အား စစ် ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါစီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဇ)တို့ပါအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီးကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက် ရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

ပင်းတယမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၅)ရက်နေ့တွင် ပင်းတယမြို့ပေါ်ရှိ Aku ဆန်ဆိုင်အားလည်းကောင်း၊ (၂၃.၉.၂၀၂၅)ရက်နေ့တွင် စိုးပြည့်စုံ ဆန် ဆိုင်အား လည်းကောင်း ပြည်တွင်းစား ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/မရှိနှင့် ဆန်သိုလှောင်မှုအခြေအနေ လက်ကျန် ဆန်အိတ်များ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

     ၁၉.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့နယ် ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်း များသည် ပင်းတယမြို့၌ ဈေးကွက်အတွင်း “အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး တို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော အသင့်သောက် ကော်ဖီ၊ လက်ဖက်ရည် အမျိုးမျိုး”  ရောင်းချနေကြောင်း သိရသည်။

DOCA(ရှမ်း)

 

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် စက်တင်ဘာလ(၁၆၊၁၇၊၂၂) ရက်တို့တွင် ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးပြီး စာအုပ်မပါသောသူများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ