Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)ဦးဆောင်၍ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) တို့သည် ၁၉-၃-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ စားသုံးသူ (၁၃) ဦး တို့အား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုအမျိုးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန်အကြောင်း၊ ကုန်သွယ်ရေး ဦးစီးဌာန၏ eComReg System Reportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးတင်မောင်ထွန်း (ရုံးအုပ်) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့ ပါဝင်သော အဖွဲ့ သည် ၁၉-၃-၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော ဦးဘိုဝင်း(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးဘိုဝင်း(ကုန်စုံဆိုင်) မှ BRAVO အမှတ် တံဆိပ်ပါ ခရမ်းချဉ်သီးဆော့(စ်)တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို့သိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၆၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

သာကေတမြို့နယ်အတွင်းရှိ အွန်းလိုင်းမှတ်ပုံတင်လျောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း

           (၁၆.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့်ဝန်ထမ်းများသည် သာကေတမြို့နယ်ရှိ “ရွှေစိမ့်” စားသောက်ကုန်ပစ္စည်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ / မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံ တင်လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသောက်ကုန်ပစ္စည်းများဖြစ်သည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း (၁၈)ရှိကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါကုန် အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီရောင်းချနေမှုအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

          ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများပုံမှန်ရောင်းချပေးနိုင်ရန်နှင့် စက်သုံးဆီမလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း၊ ဝယ်ယူခြင်း မရှိစေရေးတို့အတွက် မြို့နယ်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် မတ်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း စက်သုံးဆီရောင်းချသော Max၊  Moon Sun၊ Star High၊ Kyaw San စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ စက်သုံးဆီရောင်းချဈေးနှုန်း၊ စက်သုံးဆီအမျိုးအစားအလိုက် ဆိုင်လက်ကျန် ကျန်ရှိနေမှုများအား စစ်ဆေးခြင်းနှင့် စက်သုံးဆီများကို မလိုအပ်ဘဲ ဝယ်ယူမှုများမရှိစေရေး၊ စက်သုံးဆီများကို ဝယ်ယူစုဆောင်းပြီး သိုလှောင်မှုများရှိပါက မီးဘေးအန္တရာယ်များရှိလာနိုင်၍ စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီများအား စနစ်တကျ ထိန်းသိမ်းရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

Online Sale လျှောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၃.၂၀၂၆) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် GY Food Co.,Ltd အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၃၁၉/၃၂၀)၊ ဝတ်မဆွတ်ဝန်ထောက်လမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့်မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး ၎င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့်ဖြင့် Online မှတ်ပုံတင်သည့် အကြောင်း အရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA (ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      (၁၇.၃.၂၀၂၆) ရက်နေ့ နံနက် (၁၁:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် မြို့မဈေးများနှင့် Ocean Center တို့၌ စားသုံးဆီအမျိုးမျိုးရောင်းချနေခြင်းအား တာဝန်ခံများပူးပေါင်းပါဝင်လျက် ကုန်အညွှန်းအမှတ် အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များကို သက်ဆိုင်ရာမိတ်ဖက်ဌာနများ နှင့် အတူ စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးမှာ ကောင်းမှကောင်း၊ Healthy Chef၊ City Selection ၊စံချိန်၊ရွှေအုံ၊ သူကြီးကတော် ဇမ္ဗူအေး၊ နှစ်သက်နှင့် သိဒ္ဓိအမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားပြီး အလေးချိန် နေရာတွင် ဂရမ်၊ လီတာ များကိုလည်း ရေးသားဖော်ပြ ထားကြောင်း စစ်ဆေတွေ့ရှိရပြီး ထုတ်လုပ်သူ၊ ရောင်းချသူများမှလည်း မှန်ကန်သောရောင်းဝယ်မှု၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းဝယ်လာခြင်းဖြင့် တရားမဝင်ကုန်စည်များ၊ စားသုံးရန်/ သုံးစွဲရန်မသင့်သော ကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားမည်ဖြစ်ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း၊ သုံးစွဲနိုင်ခြင်းများဖြစ် ပေါ်လာစေရေးအတွက် လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးအရာရှိပါ (၄) ဦး တို့သည် အမှတ် (၁၉၆)၊ အမှတ် (၃) လမ်းမကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်ရှိ မြို့မဈေးများတွင် (၁၇.၃.၂၀၂၆) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် ပတ်သက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Terminal-M Ocean မှ တာဝန်ခံနှင့် မြို့မဈေးများမှ ဈေးတာဝန်ခံများပါ ပူးပေါင်းပါဝင်လျက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလတွင် စစ်ဆေးရမည့် အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဌာနမှအရောင်းဆိုင် တာဝန်ခံ၊ ပိုင်ရှင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသည့်(၂/၂၀၂၉)ညွှန်ကြားချက်ပါ အသေးစိတ် အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆေးအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များ နှင့်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာ ပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေရာစုံ၊ ကုန်ပစ္စည်းအစုံတို့အားအစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

                       ထိုသို့ဆောင်ရွက်လျက်ရှိရာ (၁၂.၃.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ စစ်ဆေးရေးမှူးများသည် မြင်းခြံမြို့ရှိ အမှတ် (၁၆)ရပ်ကွက်ရှိ ‘‘အောင်ဇော်မင်း’’ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသော ဆေးဝါးများနှင့် ဆေးအပိုပစ္စည်းများတွင် အရည်အသွေးမပြည့်မီ သည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင်မရှိသည့် ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့်စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများ သာရောင်းချစေရေး၊ သတ်မှတ်ချက်နှင့်ကိုက်ညီသောဆေးဝါးများရောင်းချရာတွင် လက်ကား ဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုသော အမြတ်တင်ရောင်းချမှုများမဖြစ်ပေါ်စေရေး၊ ဆေးဝါးလက်ကျန် အခြေ အနေနှင့် ဆေးဝါးများပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း စိစစ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

                     ကွင်းဆင်းစစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိသော ကြောင့် စားသုံးသူပြည်သူများ ကုန်စည်များကို ရွေးချယ်ဝယ်တတ်လာပြီး လုပ်ငန်းရှင်များမှလည်း ဥပဒေပြဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

                စားသုံးသူရေးရာဦးစီးဌာန ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် မြင်းခြံခရိုင်ဦးစီးမှူး ၊ ဦးသန်းစိုး (လ/ထ ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် မြင်းခြံခရိုင် မီးသတ်ဦးစီးဌာန၊ မြင်းခြံဒု-ခရိုင်မီးသတ်ဦးစီးမှူး၊ ဦးကျော်သူ(ဦးစီးအရာရှိ)နှင့် မီးသတ်ဝန်ထမ်းများ ပူးပေါင်း၍ (၁၂.၃.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ရာ  ဦးစွာပထမ မြင်းခြံဒု-ခရိုင်မီးသတ်ဦးစီးမှူး၊ ဦးကျော်သူ က မီးသတ်ဦးစီးဌာနတွင် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇) ရပ်ရှိပါကြောင်း၊ မီးသတ်အဖွဲ့အနေဖြင့် အေဒီ(၁၀၄၄) ပုဂံခေတ်မှ စတင်တည်ရှိခဲ့ပါကြောင်း ၊ နှစ်စဉ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား မေလ(၅)ရက်နေ့သတ်မှတ်ခဲ့ပါကြောင်းနှင့် မကြာမီ ပူးပြင်းခြောက်သွေ့ သော ရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဌာနပိုင် အဆောက်အဦးများ မီးဘေးလုံခြုံမှုရှိစေရန် အဆောက်အဦးဝန်းကျင်များ၌ မီးတားလမ်းများဆောင်ရွက်ထားရှိရန်၊ မီးဘေးနှင့် အရေးပေါ်ကြုံတွေ့ လာပါက ဌာနရှိ ဝန်ထမ်းများအနေဖြင့် မီးငြိမ်းသတ်မှုများကို စနစ် တကျအရေးကြီး (ပထမ၊ဒုတိယနှင့် တတိယ) ဦးစားပေး ဆောင်ရွက်ရမည်ကိစ္စရပ်များအား နည်းလမ်းမှန်ကန်စွာ အချိန်မီ သယ်ယူ ရွှေ့ ပြောင်း၍ မီးငြိမ်းသတ်နိုင်ရေးနှင့် မီးသတ်ဆေးဗူးများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး၊ မီးသတ် ဆေးဗူးများတွင် ဆေးရည်များ ရှိမရှိ နှင့် ကောင်းစွာအသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက် သွားရန်နှင့် မီးလောင်မှုများ ဖြစ်ပွားပါက အချိန်မီ လျင်မြန်စွာမီးငြိမ်းသတ် နိုင်ရေးအတွက် လိုအပ်သည့် မီးသတ်ဆေးဘူးများ ၊ မီးချိပ်၊ မီးကတ်များ၊ ရေပုံးနှင့်သဲ စသည့်ပစ္စည်းများအား အရန်သင့် ထားရှိနိုင်စေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထို့နောက် အရေးပေါ်မီးဘေးအန္တရာယ်များနှင့်တွေ့ကြုံလာပါက ထိရောက်စွာ မီးငြိမ်းသတ် နိုင်ရန်အတွက်   မီးသတ်ဆေးဘူး အသုံးပြုပုံကို လက်တွေ့စနစ်တကျသင်ကြားပြသခြင်း၊ မီးဘေး လုံခြုံရေးအတွက် မီးငြိမ်းသတ်မှု လက်တွေ့သရုပ်ပြသမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းနှင့် ဌာနပိုင်ရုံးနှင့်အဆောက်အဦးများရှိ ရေစင်များနှင့်ရေဖြည့်တင်းနိုင်သော ရေကန် များတွင် အစဉ်အမြဲ ရေများဖြည့်ဆည်းထားရှိစေနိုင်ရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ