Main menu

HighLight News

Powered by Drupal

အစားအသောက်ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အား ကွင်းဆင်းစစ်ဆေးခြင်း

           (၂၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးကျော်ခိုင်ပါ(၄)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ(၁)ဦး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးရုံးမှ (၁)ဦးတို့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ  သိန်းမေတ္တာ(၁)စားသောက် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် သိန်းမေတ္တာ(၁)ဆိုင်ရှင် ဦးမြင့်ဇော်ဦးဆိုင်သို့ ရောက်ရှိခဲ့ရာ ချက်ပြုတ်သည့်နေရာများ သန့်ရှင်မှုမရှိခြင်း၊ သားငါး၊ ဟင်းသီးဟင်းရွက်များစနစ်တကျထားသိုမှုမရှိခြင်း၊ အမှိုက်ပုံးများ ဖုံးအုပ်မထားခြင်း၊ ဟင်းချက်စဉ် အေပရွှန်၊ ခေါင်းစွပ်တို့ကို မဝတ်ဆင်ထားခြင်း၊ မီးနူး စာရွက်များတွင် ဈေးနှုန်းများရေးထားခြင်း မရှိခြင်းတို့တွေ့ရှိရပြီး မိမိတို့ဌာနမှ အစားအသောက်သည် စားသုံးသူပြည်သူများအား ကျန်းမာရေးကို အဓိကကျသော အချက်ဖြစ်သောကြောင့် သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချရမည်ဖြစ်ကြောင်း၊ အမှိုက်ပုံးများကို စနစ်တကျဖုံးအုပ်ထားရန်၊ ဟင်းချက်စဉ် အသုံးပြုရမည့် ဝတ်စားဆင်ယင်မှုများကိုလည်း ပြုလုပ်ရမှာဖြစ်ကြောင်း ဈေးနှုန်းများကိုလည်း အများမြင်သာသောစာလုံးအရွယ်ဖြင့် ဖော်ပြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

         

Sunkit အချိုရည်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

           (၂၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်၊ ဇေကမ္ဘာဝင်းရှိ Sunkit အချိုရည်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၁၅၁)၊ (၁၀)လမ်းရှိ Sunkit အချိုရည်စက်ရုံမှ စက်ရုံမှူးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်သူရအောင်၊ အကြီးတန်းစာရေးတို့ ပူးပေါင်းပါဝင်လျက် Sunkit အချိုရည်စက်ရုံမှ ထုတ်လုပ်သော စပါကလင်၊ လိမ္မော်၊ လီမွန်နိတ်၊ စပျစ်တို့တွင် စားသုံးသူကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၇)၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထပ်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် အမှတ်(၁၉၇/၁၉၈/၁၉၉)၊ (၁၀)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum စက်ရုံသို့ (၂၂.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ဦးကျော်သူရအောင်မှ ပူးပေါင်းပါဝင်လျက် Yum Yum အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော CHEMAMY၊ CHICKEN၊ SHRIMY၊ TOMYUM တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာအချက်များနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုထောက်ခံချက်အမှတ်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမွေးမြူရေးဇုန်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

         (၂၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၁၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အဝင် သတ်မှတ်နေရာ၌ တိုက်ကြီးမြို့နယ်မွေးမြူရေးဇုန်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေဿကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဉီးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန ညွှန်ကြားရေးမှူး၊ တိုက်ကြီးခရိုင်/ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်ခွဲတာဝန်ခံ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ မွေးမြူရေးဇုန်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ ဉီးဆောင်၍ တက်ရောက်လာကြသောအဖွဲ့ဝင်များနှင့်အတူ ဆိုင်းဘုတ်စိုက်ထူခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖြန်းခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနအစည်းအဝေးခန်းမတွင် သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားအား ကျင်းပ

       (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင် ခရိုင်အဆင့်ရှာဖွေရေးသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအသင်းအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံနှင့်လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခြင်း၊ သင်တန်းမှူးမှ ဆက်လုပ်ခွင့်တောင်းခံခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲတွင် ကယ်ဆယ်ရေးပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှု၍ သင်တန်းမှူးများမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၏ အသုံးပြုပုံများအား ရှင်းလင်းတင်ပြခြင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား(၁၀၀) ဦးအား သင်တန်းပို့ချခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တိုက်ကြီးမြို့နယ်၊ စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခြင်း

          တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၁.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ စားနပ်ရိက္ခာထောက်ပံ့ပေး အပ်ပွဲအခမ်းအနားအား တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံနှင့်ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုံခြုံရေးအဖွဲ့ဝင်(၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

           အခမ်းအနားတွင် လုံခြုံရေးအဖွဲ့ဝင် (၁)ဦးလျှင် ဆန်(၆)ပြည်အိတ်(၁)အိတ်၊ ဆီ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ၊ ကြက်သွန်ဖြူ(၅၀)သား၊ ငါးသေတ္တာ(၃)ဗူး၊ ဆပ်ပြာမှုန့်အသေး(၂)ထုပ်၊ လက်ဖက်ခြောက်(၁)ထုပ်၊ ပဲကြာဆံအထုပ်သေး(၁)ထုပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၂၁၀၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါအရှိန်အဟုန်မြှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

          (၂၂.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သွေးလွန် တုပ်ကွေးရောဂါအရှိန်အဟုန်မြှင့်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

         အစည်းအဝေးတွင် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးနှင့် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ခံများ စုစုပေါင်းအင်အား(၁၀၀)ဉီးခန့် တက်ရောက်ခဲ့ရာ မြို့နယ်ပြည်သူကျန်းမာရေးဉီးစီးဌာနမှ ဌာနမှူးဒေါက်တာမင်းသိန်းမှ သွေးလွန်တုပ်ကွေးရောဂါအရှိန်အဟုန်မြှင့်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခြင်း၊ ဒေါက်တာမင်းသိန်းက Fogging Machine အသုံးပြုပုံအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အဘိတ်ဆေးခေတ်ခြင်း၊ ရေဝပ်နိုင်သော နေရာများတွင် ပိုးလောက်လန်းများရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အမှတ်(၁၀)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        (၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ အမှတ်(၁၀)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ ဆရာမ (၆)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးတို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမွန်မှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အင်းစိန်မြို့နယ်၊ အ.ထ.က (၆)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ဟောပြောပွဲတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံတို့ကို ရှေးဦးစွာ အသိပညာပေးပြောကြားခဲ့ပြီး ဆက်လက်၍ ဒေါ်နီလာဦး၊ ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉  ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပါယ် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၄၇)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

သက်ဆိုင်ရာထောက်ခံချက်မရှိသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

           ၁၀.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် မရမ်းကုန်းမြို့နယ် သမိုင်း City Mart၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးနှင့် လှိုင်မြို့နယ် အုတ်ကျင်းဈေးများသို့ သက်ဆိုင်ရာထောက်ခံချက်မရှိသော စားသုံးဆီများနှင့် စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးများအတွင်း၌ ရောင်းချနေသော စားသုံးဆီများဖြစ်သည့် Meizan(ဟင်းသီးဟင်းရွက်ဆီ)၊ Lotus(နေကြာဆီ)၊ ရန်ကုန်ပဲဆီသန့်၊ အမေထွား(မြေပပဆီ)၊ Good Choice (ဟင်းသီးဟင်းရွက်ဆီ)၊ Sunar(နေကြာဆီ)၊ ငွေသဇင်မင်း(မြေပဲဆီသန့်)၊ ရွှေပျား(ဟင်းသီး ဟင်းရွက်ဆီ) များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News