Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနှင့်ပါကစ္စတန်ထံမှ ဆန်တန်ချိန် တစ်သိန်းတင်သွင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရ အတည်ပြု

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရသည် ရာမဒန် ဥပုသ်လမြတ် မတိုင်မီ စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ရန်နှင့် ကုန်စျေးနှုန်းများ တည်ငြိမ်စေရန်အတွက် ဆန်၊ စားသုံးဆီနှင့် ပဲနီလေးများ တင်သွင်း ခြင်း အပါအဝင် အဆိုပြုချက် အများအပြားကို အတည်ပြုလိုက်သည်။

          ဒီဇင်ဘာ ၂၃ ရက်နေ့၊ အတွင်းဝန်ရုံးရှိ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ် Dr Salehuddin Ahmed က သဘာပတိအဖြစ် ဆောင်ရွက် သော အစိုးရဝယ်ယူမှုဆိုင်ရာ အကြံပေးကောင်စီ ကော်မတီအစည်းအဝေးတွင် စားနပ်ရိက္ခာဝန်ကြီး ဌာနမှ တင်ပြထားသည့် စုစုပေါင်း ဆန်တန်ချိန် ၁၀၀,၀၀၀ ဝယ်ယူရန် အဆိုပြုချက်နှစ်ခုကို ထောက်ခံ အတည်ပြုခဲ့ခြင်းဖြစ်သည်။

          ၎င်းအနက် ဘာစမာတီမဟုတ်သည့် ပေါင်းဆန် တန်ချိန် ၅၀,၀၀၀ ကို နိုင်ငံတကာ တင်ဒါ စနစ်ဖြင့် အိန္ဒိယနိုင်ငံထံမှ တင်သွင်းမည်ဖြစ်ပြီး တာကာငွေ ၂၁၇.၅၃ ကုဋေခန့်ကုန်ကျမည် ဖြစ် သည်။ ကျန်တန်ချိန် ၅၀,၀၀၀ ရှိသော ဆန်ဖြူကိုမူ အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်သည့် (G2G) အစီအစဉ်ဖြင့် ပါကစ္စတန်နိုင်ငံထံမှ တင်သွင်းမည်ဖြစ်ပြီး တာကာ ၂၄၁.၅၂ ကုဋေခန့် ကျခံသုံးစွဲရ မည်ဖြစ်သည်။

          အခြေခံစားသောက်ကုန်များအပေါ် ဝယ်လိုအား သိသာစွာ မြင့်တက်လာလေ့ရှိသည့် ရာမဒန် ဥပုသ်လအတွင်း စျေးကွက်မတည်ငြိမ်မှုကို ထိန်းချုပ်ရန်နှင့် ပြည်သူလူထုအတွက် စားနပ်ရိက္ခာ အလုံအလောက် သိုလှောင်ထားနိုင်ရန် ဤဆန်တင်သွင်းမှုများက အထောက်အကူဖြစ်စေမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တင်သွင်းလာသော ကုန်ပစ္စည်းများ အချိန်မီရောက်ရှိလာစေ ရန်နှင့် အရန်ရိက္ခာသိုလှောင်မှုကို ပိုမိုခိုင်မာစေရန်အတွက် စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနက ဝယ်ယူမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

          ထို့ပြင် စားသုံးဆီစျေးနှုန်းများ တည်ငြိမ်စေရန်အတွက် အဆိုပါအစည်းအဝေးတွင် စားသုံးဆီ လီတာ ၄.၇၅ ကုဋေ ဝယ်ယူရေးကိုလည်း အတည်ပြုခဲ့ရာ ပြည်တွင်းမှ သန့်စင်ပြီး ဖွဲနုဆီ လီတာ ၁ ကုဋေနှင့် ပြည်ပမှ ပဲပုပ်ဆီ လီတာ ၃.၇၅ ကုဋေတို့ကို တိုက်ရိုက်ဝယ်ယူမှုစနစ်များဖြင့် ဝယ်ယူခြင်း တို့ ပါဝင်သည်။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB) သည် အဆိုပါစားသုံးဆီများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချကာ ဖြန့်ဖြူးပေးသွားဖွယ် ရှိသည်။

          ကော်မတီသည် အမျိုးသားအဆင့် ပွင့်လင်းမြင်သာသော တင်ဒါစနစ်ဖြင့် ပဲနီလေး တန်ချိန် ၁၀,၀၀၀ ဝယ်ယူရန်အတွက်လည်း အတည်ပြုခဲ့ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ တာကာငွေ ၇၂.၂၀ ကုဋေ ဖြစ်သည်။ အဆိုပါ ပဲနီလေးများကို ၅၀ ကီလိုဂရမ်ဝင် အိတ်များဖြင့် ဝယ်ယူမည်ဖြစ်ပြီး ဈေးကွက်တည်ငြိမ်စေရန်နှင့် ဝင်ငွေနည်းပါးသော မိသားစုများနှင့် လူလတ်တန်းစား စားသုံးသူများ ကို ထောက်ပံ့ကူညီရန်အတွက် အစိုးရ၏ ဖြန့်ဖြူးရေးလမ်းကြောင်းများမှတစ်ဆင့် ရောင်းချပေးသွား မည်ဖြစ်သည်။

Source: The Business Standard, 23 December 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လယ်ယာထွက်ကုန် နောက်ကြောင်းခြေရာခံစနစ် ဗီယက်နမ်၌ စတင်ဆောင်ရွက်

     ဗီယက်နမ် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် လယ်ယာထွက်ကုန် နောက်ကြောင်းခြေရာခံစနစ် ထူထောင်ခြင်းကို ကနဦးစမ်းသပ်မှုအဖြစ် ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ် ကုန်သွယ်ရောင်းဝယ်ရာတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ လယ်ယာထွက်ကုန်များအားလုံးသို့ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

          ဟနွိုင်းမြို့တွင် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အဆိုပါ လယ်ယာထွက်ကုန် နောက်ကြောင်းခြေရာခံ စနစ် စတင်မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဌာန၏ ပြောကြားချက်အရ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များအား ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ် ပိုးခြင်း၊ သယ်ယူခြင်း၊ ဖြန့်ဝေခြင်း စသည်တို့ပြုလုပ်ရာတွင် ထွက်ကုန်များ၏ ပင်ရင်းဒေသများအား မှတ်တမ်းတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် အတွက် အဆိုပါစနစ်အား  ဒစ်ဂျစ်တယ်စင်္ကြံတစ်ခုသဖွယ် အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ စင်္ကြံမှတစ်ဆင့် စားသုံးသူများ အနေဖြင့် ထုတ်ကုန်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်ကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနိုင် ပြီး အစိုးရအာဏာပိုင်များအနေဖြင့်လည်း စောင့်ကြည့်ထိန်းကျောင်းခြင်း၊ အချက်လက်စုဆောင်း ခြင်းနှင့် နောက်ကြောင်းခြေရာခံခြင်းကို လိုအပ်သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခု အကောင်အထည်ဖော်မှုသည် အချက်အလက် ပွင့်လင်းမြင်သာမှုရှိခြင်းကို တိုးမြှင့်ရန်၊ အစားအစာ လုံခြုံစိတ်ချရမှု သေချာစေရန်၊ ဗီယက်နမ်လယ်ယာထွက်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များအထိ တိုးချဲ့ရန် စသည်ဖြင့် ရည်ရွယ်ကြောင်း သိရှိရသည်။

          ၎င်းစနစ်ကို Technology Convergence Corporation (Netacom) က ကနဦး စမ်းသပ်မှု အဖြစ် ဆောင်ရွက်လျက်ရှိပြီး နည်းပညာဆိုင်ရာဖြေရှင်းမှုများနှင့် ပူးပေါင်းမှုများကို ပံ့ပိုးပေးလျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနသည် နောက်ကြောင်းပြန် ခြေရာခံခြင်းစနစ်ကို ဒူးရင်းသီးတွင် စမ်းသပ်လျက် ရှိပြီး အီလက်ထရောနစ် အသိအမှတ်ပြု ကုန်အညွှန်းအမှတ်အသားများအား အချက်အလက် ထား သိုမှုစနစ်အတွင်းသို့ ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသား နှင့် အချက်အလက်ထားသိုမှု စနစ်တို့အကြား တိကျသေချာမှုရှိစေရေး ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

          လက်ရှိအချိန်တွင် ဒူရင်းသီးတင်ပို့နေသည့် ကုမ္ပဏီ (၆) ခုသည် အီလက်ထရောနစ် အသိ အမှတ်ပြု ကုန်အညွှန်းအမှတ်အသားများအား တွဲဖက်ဖော်ပြခြင်းဖြင့် ကနဦး စမ်းသပ်နေသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ ကနဦးစမ်းသပ်မှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုလုပ်မီ နည်းပညာ စံချိန်စံညွှန်းများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုကောင်းမွန်စေရန်အတွက် တိကျသည့် အချက်အလက်၊ အဆင်ပြေချောမွေ့မှု၊ ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးများကို တာဝန် ရှိသူများက စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။

          မိတ်ဆက်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ဝန်ကြီး Tran Duc Thang က ယနေ့သည် ကမ္ဘာ့စီးပွားရေးကို နက်ရှိုင်းစွာ ပေါင်းစည်းခြင်းဖြစ်ကြောင်း၊ နောက်ကြောင်းခြေရာခံခြင်းသည် ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်နေသည့် လယ်ယာထွက် ကုန်များအတွက် မဖြစ်မနေဆောင်ရွက်ရမည့်စနစ်ဖြစ်ကြောင်း ပြောကြားထားပါသည်။

Source : Saigon Giai Phong News, December 27, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်နိုင်ငံ၌ အများပြည်သူသုံး လျှပ်စစ်စက်ဘီး ထောင်ပေါင်းများစွာ အသုံးပြုသွားရန်စီစဉ်

   ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်းသည် ပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့် သယ်ယူပို့ဆောင် ရေးစနစ်သို့ ပြောင်းလဲရာတွင် အရှိန်မြှင့်တင်သည့်အနေဖြင့်  အများပြည်သူသုံး  လျှပ်စစ် စက် ဘီး   ထောင်ပေါင်းများစွာ အသုံးပြုသွားရန် စီစဉ်နေကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဒီဇင် ဘာ ၂ ရက်တွင် ဖော်ပြထားသည်။

    Tri Nam ဒစ်ဂျစ်တယ်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပူးပေါင်းစတော့ကုမ္ပဏီသည် ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မြို့တွင်းရှိ နေရာ ၁၃၀ အထူးသဖြင့် မြို့ပတ်လမ်း - ၁ အတွင်း လျှပ်စစ်စက်ဘီး ၅၀၀ ကို ဖြန့်ကြက်ချထား အသုံးပြုနေပြီဖြစ်သည်။ ယင်းကုမ္ပဏီသည် ယခု ဒီဇင်ဘာလမှစတင်ကာ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်ကာလတွင် ဟနွိုင်းမြို့ဧရိယာအတွင်း လျှပ်စစ် စက်ဘီး ၅၀၀၀  ကျော်  ဝန်ဆောင်မှုပေးသွားရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီညွှန်ကြားရေးမှူး ငုယင်ဒန်ခွာက ပြောကြားသည်။

   Gleximco ပူးပေါင်းစတော့ကုမ္ပဏီသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လျှပ်စစ်စက်ဘီး ၁၀၀၀ မှ ၂၀၀၀ အထိ လည်ပတ်သွားရန်၊ ဇူလိုင်လတွင် ၅၀၀၀ အထိ တိုးမြှင့်သွားရန်နှင့် ၂၀၂၈ ခုနှစ် ဒီဇင်ဘာလတွင် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ရောက်ရှိရန် စီစဉ်ထားကြောင်း သိရသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ပါကစ္စတန်နိုင်ငံ၌ ယခုနှစ်အောက်တိုဘာလတွင် ပို့ကုန် ၁၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်

    ပါကစ္စတန်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပို့ကုန်ဝန်ဆောင်မှုများ အမေရိကန်ဒေါ်လာ ၈၂၆ သန်းနီးပါးအထိ မြင့်တက်လာရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရိုက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    အဆိုပါအောက်တိုဘာလအတွင်း သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ၊ ၁၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၂၄ ဒသမ ၈ သန်း ရှိရာ  ၂၀၂၄ ခုနှစ် အောက်တိုဘာလကထက် အနည်းငယ် လျော့နည်းခဲ့သည်ဟု သိရသည်။

      လစဉ်ပို့ကုန် ၂ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သွင်းကုန် ၃ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ အချက်အလက်များအရ တင်ပို့မှု အမေရိကန်ဒေါ်လာ ၃ ဒဿမ ၀၃ ဘီလီယံ ရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ဒသမ ၉၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။ ဗျူရို၏ အချက်အလက်များအရ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၁၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ စုစုပေါင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ ရှိသည်ဟု သိရသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ပလတ်စတစ်အိတ်စက်ရုံဖွင့်လှစ်

    အာဖဂန်နစ္စတန်မြောက်ပိုင်း ဘာခ်ရှ် ပြည်နယ်တွင် ပလတ်စတစ်အိတ် ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ဒီဇင်ဘာ ၆ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း ၎င်း၏မန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့သည်။

    ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ခြောက်သန်း အကုန်အကျခံတည်ဆောက်ထားသော စက်ရုံသည် လူဦးရေ ၂၀၀ အတွက် အလုပ်အကိုင်များ ဖန်တီးပေးခဲ့ပြီး စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု တိုးချဲ့လာသည်နှင့်အမျှ အလုပ်သမားများ ပိုမိုခန့်အပ်သွားမည်ဟု ၎င်းကဆိုသည်။

    အဆိုပါစက်ရုံတွင် ကနဦးထုတ်လုပ်မှု တန်၂၀ ရှိပြီး အပ်ချည်များကိုလည်း ထုတ်လုပ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

   ထိုစက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို လျှော့ချရန်နှင့် အလုပ်အကိုင်များဖန်တီးပေးရန်အတွက်  အာဖဂန်နစ္စတန်တွင် ရင်းနှီးမြှုပ်နှံသည့် ပုဂ္ဂလိကကဏ္ဍနှင့် ကုမ္ပဏီများကို အစိုးရက ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ဒေသဆိုင်ရာ စင်တာဖွင့်လှစ်

   တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏  ဒေသဆိုင်ရာ စင်တာကို ဒီဇင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ မှ  စီးပွားရေး ကျွမ်းကျင်သူ ဂျွန်နက်ဝီဂန်အား ၎င်းစင်တာ၏ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အာရှပစိဖိတ်ဒေသရေးရာလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရန် အတွက်   ၎င်းစင်တာက ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။

    ၎င်းစင်တာသည် ထွန်းသစ်စ ဈေးကွက်များနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများ အတွက် ငွေကြေးဆိုင်ရာသုတေသနနှင့် အသိပညာများမျှဝေရာ နေရာအဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း  သိရသည်။  ကမ္ဘာလုံးဆိုင်ရာ  စီးပွားရေးကဏ္ဍတွင်  မသေချာမှုများ မြင့်တက်နေချိန်တွင် ၎င်း မသေချာမှုများကို လွန်မြောက်စေရေးအတွက် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့  ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တီလီနားဂျီဂျီဗာက   ပြောသည်။

    ယခုစင်တာဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းကို ပြသနေကြောင်း တရုတ်နိုင်ငံ ပြည်သူ့ဘဏ်အကြီးအကဲ ပန်ဂိုရှန်က ပြောသည်။  ယခု  ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံနှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြားနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ဗီယက်နမ်နိုင်ငံ၌ ငရုတ်ကောင်းတင်ပို့မှု အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲကျော်ရှိ

    ယခုနှစ်  ပထမ  ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုမှ   ဒေါ်လာ  ၁ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း ဗီယက်နမ်ငရုတ်ကောင်း နှင့်   ဟင်းခတ်အမွှေးအကြိုင်အသင်း ၏   ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန် ထားသည်။

    ယင်းကာလအတွင်း ဗီယက်နမ်နိုင်ငံသည် ငရုတ်ကောင်းနက်  တန်ချိန် ၁၉၂၈၉၉ တန်နှင့် ငရုတ်ကောင်းဖြူ တန်ချိန် ၃၂၁၁၀ အပါအဝင် ငရုတ်ကောင်းတန်ချိန် ၂၂၅၀၀၉   တန် ကို   တင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

    ငရုတ်ကောင်းနက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၂၅ ဘီလီယံခန့်နှင့် ငရုတ်ကောင်းဖြူတင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၂၆၂ သန်းကျော် ဝင်ငွေရရှိကြောင်း  သိရသည်။

   အမေရိကန်သည်    ငရုတ်ကောင်း တန်ချိန် ၄၈၈၄၉ တန် သို့မဟုတ်  စုစုပေါင်းတင်ပို့မှု ၏  ၂၁ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်ငရုတ်ကောင်းအတွက် အကြီးမားဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Source: ဆင်ဟွာ                                                               

 DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်သွယ်ရေးတိုက်ပွဲများကြောင့် အကျိုးဆက်ခံစားခဲ့ရသည့် လယ်သမားများအတွက် ‌ထောက်ပံ့ ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် ထောက်ပံ့မည်ဟု Donald Trump ပြောကြား

          အမေရိကန်နိုင်ငံသမ္မတ Donald Trump သည် ၎င်း၏ ကုန်သွယ်ရေးမူဝါဒချမှတ်ခြင်းကြောင့် အကျိုးဆက်များခံစားခဲ့ရသည့် အမေရိကန်နိုင်ငံမှ လယ်သမားများအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိက်နိုင်ငံ မှ လယ်သမားများသည် ယခုနှစ်တွင် စံချိန်တင်ရိတ်သိမ်းမှုဖြင့် ကုန်းနှီးတင်ခဲ့ကြောင်းနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများ ရပ်တန့်နေချိန်တွင် တောင်အမေရိကမှ လယ်သမားများသည် တရုတ်နိုင်ငံသို့ ပဲပိစပ်များရောင်းချခြင်းမှ ဒေါ်လာ ဘီလီယံများစွာဆုံးရှုံးခဲ့ကြောင်း သိရပါသည်။ အစိုးရသည် အောက်တိုဘာလတွင် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၅ ဘီလီယံခန့်အား ကြေညာရန် မျှော်မှန်းခဲ့ပါသည်။ စိုက်ပျိုးရေးရာအတွင်းရေးမှူးဆိုသူ Brooke Rollins က ဖယ်ဒရယ် အစိုးရ၏ ၄၃ ရက်ကြာ ပိတ်ပင်မှုကြောင့် ချေးငွေထောက်ပံ့မှုများ နှောင့်နှေးလျက်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။ Bloomberg News သတင်းဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ချက်များအရ အဆိုပါ ထောက်ပံ့ငွေထောက်ပံ့ခြင်း အခမ်းအနားကို ကျွဲနွားမွေးမြူရေးသမားများနှင့် ပဲပိစပ်၊ ဝါဂွမ်းနှင့် အာလူးစိုက်ပျိုးသူများက တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဂျုံစားသုံးမှု တန်ချိန် ၂၃၉၅၈၆ တန်အထိမြင့်တက်လာ

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်နယ်မှပြည်နယ်သို့ချုပ်ဆိုထားသော စာချုပ်အရ အမေရိကန်နိုင်ငံမှ စတုတ္ထအကြိမ်မြောက် ကုန်ပစ္စည်းတင်ပို့ခြင်းအား လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ တန်ချိန် ၆၀၉၅၀ တန်ခန့်ရှိသော ‌သီးနှံများကိုသယ်ဆောင်လာသော MV Lowlands   Patrasche အမည်ရှိသင်္ဘောသည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် Chattogram ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်္ဘောတွင်ပါဝင်သော တန်ချိန် ၂၃၉၅၈၆ တန်ခန့်သည် အမေရိကန်နိုင်ငံမှ တင်ပို့လိုက်သော ဂျုံများဖြစ်ကြောင်း သိရပါသည်။ ပထမအကြိမ်ပို့ဆောင် သယ်ယူမှုသည် အောက်တိုဘာလ၂၅ ရက်နေ့တွင် တန်ချိန် ၅၆၉၅၉ တန်ခန့်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် တန်ချိန် ၆၀၈၀၂ တန်ခန့်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တန်ချိန် ၆၀၈၇၅ တန်ခန့် စသဖြင့် သယ်ယူပို့ဆောင်မှု ၃ ကြိမ်ကို ဘင်္ဂလားဒေ့နိုင်ငံသည် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ဂျုံတင်သွင်းခြင်းကို အစိုးမှအစိုးရသို့ အစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ်မှ စတင်တင်သွင်းခဲ့ပြီး ၎င်းသည် ကုန်သွယ်ရေးကျဆင်းနေမှုများကို လျော့ချရန်နှင့် အမေရိကသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတင်ပို့မှုများကို ကာကွယ်ရန်ဖြစ်ကြောင်း သိရပါ သည်။ ဒီဇင်ဘာလ ပထမအပတ်တွင် ဘင်္ဂလားဒေ့နိုင်ငံ အကြံပေးကောင်စီက အစားအသောက်ရေးရာ ဝန်ကြီးဌာနအား ပြည်သူလူထု စားနပ်ရိက္ခများ ဖူလုံရေးအားကောင်းလာစေရန်အတွက် အမေရိကန်နိုင်ငံမှ ဂျုံတန်ချိန် ၂၂၀၀၀၀ တန်ခန့် ဆက်လက်တင်သွင်းရန်အတွက် ခွင့်ပြုချက်အား အတည်ပြုလိုက်ကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

နိုဝင်ဘာလတွင် ဘရာဇီးနိုင်ငံ၏ ပဲပိစပ်တင်ပို့မှုများ ၆၄ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိ

          ဘရာဇီးနိုင်ငံ၏ နိုဝင်ဘာလအတွင်း ပဲပိစပ်တင်ပို့မှုသည် တန်ချိန် ၄.၂ သန်းမက်ထရစ်တန် ခန့်ရောက်ရှိခဲ့ပြီး ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ၎င်းအစိုးရက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုမြင့်တက်ခြင်းသည် ကမ္ဘာ့အကြီးဆုံးပဲပိစပ်တင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ပဲပိစပ်ကူးပြောင်းမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံ၏ ပဲပိစပ်တင်ပို့မှုသည် ပုံမှန်အားဖြင့် ရိတ်သိမ်းရာသီအကုန်တွင် ကျဆင်းလျက်ရှိသော်လည်း ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားသို့တင်ပို့ရောင်းချရန်အတွက် လုံလောက်လျက်ရှိနေကြောင်း သိရပါသည်။ Anec စီမံကိန်း၏ ဒီဇင်ဘာလ ပို့ဆောင်မှုသည် တန်ချိန်အားဖြင့် ၂.၈ သန်း တန်ခန့်ရောက်ရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပဲပိစပ် တင်ပို့သည့် အဖွဲ့အစည်း၏ ပြောကြားချက်အရ ဘရာဇီးနိုင်ငံ၏ ပဲပိစပ်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၉၇.၃ သန်းတန်ခန့်ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၁၀ သန်းတန်သို့ မြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် အမေရိကန်နိုင်ငံမှ ပဲပိစပ် အမြောက်အများကို ဒီဇင်ဘာလအတွက် ဝယ်ယူခဲ့ပြီး ၎င်းသည် အမေရိကန်နိုင်ငံနှင့် ပြုလုပ်ခဲ့သော ကုန်သွယ်ရေး သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Successful Farming                                                       

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ