Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ဗီယက်နမ် ST25 ဆန် တတိယအကြိမ် ရွေးချယ်ခံရ

      ဗီယက်နမ် ST25 ဆန်သည် The Rice Trader အဖွဲ့အစည်းက နှစ်စဉ်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆန်ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် တတိယအကြိမ် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

     ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် အရည်အသွေးမြင့် ဆန်အမျိုးအစားအုပ်စုတွင် ဗီယက်နမ်ဆန်၏ ရပ်တည်မှုကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ပြီး ဆယ်စုနှစ်ကြာ စမ်းသပ်ပြုလုပ်ခဲ့ သော သုတေသနဆောင်ရွက်ချက်များကို အထင်အရှားဖော်ပြလျက်ရှိကြောင်းသိရှိရပါသည်။

    နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆန်ကုန်သွယ်မှု ညီလာခံတွင် အဆိုပါ ဆန်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဗီယက်နမ် ST25 ဆန်သည် ယခုနှစ်၏ အကောင်းဆုံးထိပ်တန်းဆန်နေရာကို ကမ္ဘောဒီးယား၏ Phka Romdoul ဆန်အမျိုးအစားနှင့် ပူးတွဲ၍ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

    ST25 ဆန်သည် သုတေသနပညာရှင် H Quang Cua နှင့် ၎င်း၏အဖွဲ့က မဲခေါင်မြစ်ဝှမ်းတွင် ဆယ်စုနှစ်များစွာ စမ်းသပ်ပြုလုပ်ခဲ့ခြင်းမှ ထွက်ပေါ်လာသော ရလဒ် တစ်ခုဖြစ်ကြောင်း၊ ဆန်လုံး အရွယ်အစား ရှည်လျားခြင်း၊ ဆန်သားကြည်လင်ခြင်း၊ သဘာဝဆွမ်းမွှေးရွက်၏ ရနံ့ရှိခြင်း၊ ချက်ပြီး သည့်နောက် အေးသည့်အချိန်ထိ ဆန်သား၏ နူးညံ့ပျော့ပျောင်းမှုသည် ပြောင်းလဲသွားမှုမရှိခြင်း စသည့် ဝိသေသများကြောင့် လူကြိုက်များလျက်ရှိကြောင်း၊ အဆိုပါ ဆန်၏ ရနံ့အရည်အသွေးကို စားဖိုမှူးများ၊ အစားအသောက် ကျွမ်းကျင်သူများနှင့် အပြည်ပြည်ဆိုင်ရာ ဆန်အကဲဖြတ်ဒိုင်များက ကြိမ်ဖန်များစွာ ချီးမွမ်းထားကြောင်း သိရှိရပါသည်။

Source : Vietnam News, Nov 10, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်ကုန်သွယ်မှု သဘောတူညီချက် စင်ကာပူနှင့်ထိုင်း လက်မှတ်ရေးထိုး

      ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်လျက် ထိုင်းနှင့် စင်ကာပူ နှစ်နိုင်ငံ အစိုးရများအကြား ဆန်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ (Memorandum of Cooperation ̶ MOC) ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီချက်အား ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြား ကုန်သွယ်မှုဌာနနှင့် စင်ကာပူနိုင်ငံဘက်မှ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) တို့က အဓိကပါဝင် သည့် အေဂျင်စီများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

      အဆိုပါ MOC တွင် ပါဝင်သည့် အဓိကအချက်များအနက် လက်မှတ်ရေးထိုးသည့်နေ့မှစပြီး ငါးနှစ်အတွင်း စင်ကာပူအစိုးရထံ ဆန်တန်ချိန် တစ်သိန်းအထိ ရောင်းချရန် ထိုင်းအစိုးရ၏ ကတိ ကဝတ်များ ပါဝင်ကြောင်း သိရသည်။ စင်ကာပူ၏ လိုအပ်ချက်နှင့် နှစ်နိုင်ငံလုံး၏ ထုတ်လုပ်မှုနှင့် သုံးစွဲမှု အခြေအနေများပေါ် မူတည်၍ အဆိုပါ သဘောတူညီချက်အား ငါးနှစ်အထိ ပြန်လည် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။

     ရောင်းဝယ်မှုစနစ်သည် ပုံသေစျေးနှုန်း ကြိုတင်သတ်မှတ်ထားခြင်းမရှိပဲ အရောင်းအ၀ယ် တစ်ကြိမ်ပြုလုပ်တိုင်း ယင်းအချိန်ကာလ၌ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံတကာဈေးကွက် ပေါက်ဈေး အပေါ် မူတည်၍ ပေးချေရန် သဘောတူညီထားသည်။ ၎င်း MOC လက်အောက်ရှိ ငွေပေးငွေယူ ကိစ္စရပ်များကို နိုင်ငံတကာ ကုန်သွယ်မှု ကျင့်ထုံးများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

     စင်ကာပူအနေဖြင့် တန်ချိန် ၁၀၀၀၀၀ ကို အပြည့်ဝယ်ယူရန်မလိုအပ်ကြောင်း၊ ၎င်းပမာဏ သည် ငါးနှစ်အတွင်း ဝယ်ယူရန် အများဆုံးတန်ချိန် သတ်မှတ်ထားခြင်းဖြစ်ပြီး အမှန်တကယ် ကုန်သွယ်မှုသည် စင်ကာပူဘက်မှ လိုအပ်ချက်အပေါ် မူတည်ကြောင်း၊ ငါးနှစ်တာကာလအတွင်း မည်သည့်ဘက်မှမဆို စာချွန်လွှာကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပြုပြင်ပြောင်း လဲခြင်းများကို နှစ်ဖက်သဘောတူချက်ဖြင့် တောင်းဆိုနိုင်ကြောင်း၊ မည်သည့်ဘက်မှမဆို သံတမန် လမ်းကြောင်းများမှတစ်ဆင့် အနည်းဆုံးခြောက်လ ကြိုတင်၍ အကြောင်းကြားစာပေးပို့လျက် သဘောတူညီချက်ကို ရပ်စဲနိုင်ကြောင်း သိရှိရသည်။

     ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စင်ကာပူသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၂.၁၄ သန်းရှိသော ဆန် ၁၁၃၅၄၉ တန်ကို တင်ပို့နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၉၀၀၃၁ တင်ပို့ထားပြီးဖြစ်ရာ ပမာဏအားဖြင့် ၈၅၇၄၂ တန်ရှိခဲ့သည့် ၂၀၂၄ ခုနှစ် အလားတူကာလထက် ၅% တိုးတက်လာခဲ့ပါသည်။ ထိုသို့ တင်ပို့သည့် ဆန်ပို့ကုန် အများစုမှာ ထိုင်းစံပယ်ဆန် (၄၉.၉၉%)၊ ဆန်ဖြူ (၂၉.၀၄%) နှင့် ထိုင်းဆန်မွှေး (၁၆.၂၆%) တို့ဖြစ်သည်။ လက်ရှိကာလ၌ ထိုင်းသည် စင်ကာပူသို့ တတိယမြောက် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး စျေးကွက်ဝေစု ၂၂.၃၄% ဖြင့်လည်းကောင်း၊ အိန္ဒိယမှ ၄၂.၈၂% ဖြင့်လည်းကောင်း၊ ဗီယက်နမ်မှ ၂၈.၁၀% ဖြင့်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိကြသည်။

Source: The Nation Thailand, November 07, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ စီးပွားရေးစီမံကိန်းအသစ်နှင့်အညီ ကုန်သွယ်နိုင်ရန် ထိုင်းအစိုးရ ပြင်ဆင်

      ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်နှင့် လိုက်လျောညီထွေရှိစေရန်နှင့် ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံရှိ ထိုင်းကုန်သွယ်ရေးရုံးများအား ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများကို ပြန်လည် ဆန်းစစ်ချိန်ညှိရန် ညွှန်ကြားထားသည်။

     အဆိုပါ စီးပွားရေးမဟာဗျူဟာများသည် တရုတ် နိုင်ငံတကာသွင်းကုန် ပြပွဲ (၂၀၂၅) အခမ်း အနားတွင် တရုတ်ဝန်ကြီးချုပ် Li Qiang မှ ကြေညာထားခဲ့သော တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် ကိုက်ညီရမည်ဖြစ်သည်ဟု ဝန်ကြီး Mrs Suphajee Suthumpun က ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရသည် အစိမ်းရောင် စီးပွားရေး၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကို အားပေးမြှင့်တင်ခြင်းတို့အပြင် အလယ်အလတ် အဆင့် လူတန်းစား၏ ဝင်ငွေကိုလည်း မြှင့်တင်ရန် ဦးတည်လျက်ရှိသည်။

   ထိုင်းနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ လူသုံးနှင့်စားသောက်ကုန်များ၊ တိရစ္ဆာန် အစားအစာများ၊ ကျန်းမာရေးအစားအစာများ၊ ဂိမ်းများနှင့် ဒီဂျစ်တယ်ထုတ်ကုန်များကဲ့သို့ တရုတ် ဈေးကွက်သို့ ဝန်ဆောင်မှုပေးနိုင်သည့် သီးခြားကဏ္ဍများကို ဖော်ထုတ်ရန်အတွက် အဆိုပါ ၅ နှစ် တာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို ဆန်းစစ်လေ့လာရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အလယ် အလတ်တန်းစား လူဦးရေကို သန်း ၄၀၀ မှ သန်း ၈၀၀ သို့ နှစ်ဆတိုးရန် ရည်မှန်းထားခြင်းသည် ထိုင်းနိုင်ငံအတွက် ကြီးမားသော ဈေးကွက်အခွင့် အလမ်းဖြစ်နိုင်သောကြောင့် ၎င်းအစီအစဉ်ကို ဆန်းစစ်လေ့လာခြင်းသည် အလွန်အရေးပါကြောင်း Mrs Suphajee က ပြောကြားခဲ့သည်။

   တရုတ်စားသုံးသူများသည် ယခုအခါ ဈေးနှုန်းချိုသာမှုထက် တီထွင်ဆန်းသစ်မှု၊ အရည် အသွေးနှင့် ရေရှည်တည်တံ့နိုင်မှုကို ပိုမိုအလေးထားလာကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံဆိုင်ရာ စီးပွားရေးသံမှူးများ အနေဖြင့် တရုတ်နိုင်ငံရှိ ပြည်နယ်အသီးသီး၏ ထူးခြားသော အခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများကို အကဲဖြတ်ကာ ထိရောက်သော ဈေးကွက်ဝင်ရောက်မှု ဗျူဟာများ ရေးဆွဲသင့် ကြောင်း Mrs Suphajee က ဖြည့်စွက်ပြောကြားခဲ့သည်။

    ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် တွေ့ဆုံသည့် အစည်းအဝေးအတွင်း တရုတ်နိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံမှူးများသည် ထိုင်းပို့ကုန်များအတွက် ဒေသဆိုင်ရာ ကုန်သွယ် ရေးအခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့် ရည်မှန်းထားသည့် ထုတ်ကုန်အမျိုးအစားများကို အဓိက အုပ်စု ငါးခုဖြင့် တင်ပြခဲ့ကြသည်။

    ပထမအုပ်စုတွင် စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များဖြစ်သည့် ဆန်၊ ဒူးရင်း၊ သရက်၊ မင်းဂွတ်သီးစသည့် အပူပိုင်းဒေသထွက် သစ်သီးဝလံများနှင့် ပြုပြင်ထားသော အစားအစာ များ၊ အသင့်စား အစားအစာများနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ကြောင်း၊ ဒုတိယအုပ်စုတွင် တရုတ်နိုင်ငံ၏ မြို့ပြ အိမ်မွေးတိရစ္ဆာန်ယဉ်ကျေးမှု တိုးတက်လာသည့်အတွက် အိမ်မွေးတိရစ္ဆာန် အစာနှင့် အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်မှု ပစ္စည်းများကဲ့သို့  အိမ်မွေးတိရစ္ဆာန်ဆိုင်ရာထုတ်ကုန်များ ပါဝင်ကြောင်း သိရှိရသည်။

     တတိယအုပ်စုတွင် ကျန်းမာရေးဝန်ဆောင်မှု၊ ချွေးထုတ်အနှိပ်ခန်းသုံး ပစ္စည်းများ၊  အုန်းရည်၊ အပင်မှထုတ်ယူရရှိသည့် ပရိုတင်းထုတ်ကုန်၊ ငှက်သိုက်ထုတ်ကုန် စသည့် ကျန်းမာရေးနှင့် အလှအပ ဆိုင်ရာ ကုန်စည်များပါဝင်ကြောင်း စီးပွားရေးသံမှူးများက ဖော်ထုတ်တင်ပြခဲ့ကြသည်။

    အခြားသော ဈေးကွက်ဝင်နိုင်သည့် ထုတ်ကုန်အမျိုးအစားမှာ ဂေဟစနစ်နှင့်လိုက်လျောညီ ထွေရှိ၍ ရေရှည်တည်တံ့နိုင်သော ထုတ်ကုန်များဖြစ်ပြီး ဇီဝဗေဒနည်းဖြင့် သဘာဝပြိုကွဲပျက်စီးနိုင် သော ထုပ်ပိုးမှုပစ္စည်းများ၊ အော်ဂဲနစ်အလှကုန်ပစ္စည်းများ၊ ပြန်လည်ပြုပြင်ထားသော အဝတ်အစား များ၊ သဘာဝအိမ်တွင်း အလှဆင်ပစ္စည်းများနှင့် ဂေဟအကျိုးပြုခရီးသွားလုပ်ငန်းတို့ ပါဝင်သည်။ နောက်ဆုံးအုပ်စုတွင် ဉာဏဆိုင်ရာမူပိုင်ခွင့်ထုတ်ကုန်များ၊ ရုပ်ရှင်များ၊ ဂိမ်းများနှင့် ကာတွန်းများ ကဲ့သို့ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်အကြောင်းအရာများ ပါဝင်သည်။

    ဝန်ကြီး Mrs Suphajee သည် ထိုင်းအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက တရုတ်နိုင်ငံ၌ စီစဉ်ကျင်းပသည့် ထိုင်း-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကွန်ရက်ချိတ်ဆက်ပွဲသို့ ဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ပါသည်။ ၎င်း တွေ့ဆုံပွဲကို တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (၂၀၂၅) အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့သည့် ထိုင်းလုပ်ငန်းရှင်များနှင့် တရုတ် ဝယ်လက်များ၊ တရုတ် သွင်းကုန်လုပ်ငန်းရှင်များအကြား စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Bangkok Post, 7 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

မိုးသည်းထန်မှုဒဏ်ကြောင့် ယခုနှစ်၌ အိန္ဒိယ၏ မိုးသီးနှံပဲမျိုးစုံအထွက် ကျဆင်းနိုင်

   အိန္ဒိယနိုင်ငံ၏ နေရာ‌ဒေသများစွာ၌ မိုးရွာသွန်းမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့ရာ ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီတွင် စိုက်ပျိုးထုတ်လုပ်မှုမှ ပဲမျိုးစုံထွက်ရှိနိုင်မှုမှာ ယခင်နှစ်အောက် လျော့နည်းကျဆင်းမည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုကြောင်း၊ အထူးသဖြင့် မိုးရာသီ၌ စိုက်ပျိုးမှု အများဆုံးဖြစ်သော ပဲစင်းငုံသည် ယခင်နှစ်တွင် တန်ချိန် ၃.၅၆ သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၃ သန်းမှ ၃.၄ သန်း အတွင်းသာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းလျက်ရှိကြကြောင်း Informist Media သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

     အလားတူ မတ်ပဲထုတ်လုပ်မှုသည်လည်း ယခင်နှစ်တွင် တန်ချိန် ၁.၃ သန်းခန့်ရှိခဲ့ရာမှ ၂၀၂၅ မိုးသီးနှံရာသီ၌ တန်ချိန် ၉ သိန်းမှ ၁.၂ သန်း အကြားသို့ လျော့နည်းထွက်ရှိနိုင်ကြောင်း၊ မိုးပဲတီစိမ်း ထုတ်လုပ်မှုမှာ ယခင်နှစ်၌ တန်ချိန် ၁.၇၅ သန်းရှိပြီး ယခုနှစ်တွင် တန်ချိန် ၁ သန်းမှ ၁.၇ သန်း အကြားသို့ ကျဆင်းနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောဆိုထားသည်။

     စိုက်ပျိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးမှုဧရိယာ အပြီးသတ်စာရင်းများအရ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ပဲစင်းငုံ ဟက်တာ ၄.၆၆ သန်းရှိပြီး ယခင်နှစ် စိုက်ဧရိယာ ဟက်တာ ၄.၆၅ သန်းထက် အနည်းငယ် ပိုမိုခဲ့သည်။ မတ်ပဲစိုက်ဧရိယာသည် ဟက်တာ ၂.၄၄ သန်းဖြင့် ယခင်နှစ် စိုက်ပျိုးမှုထက် ၇ ရာခိုင်နှုန်း ပိုမိုခဲ့သည်။ ပဲတီစိမ်းမှာမူ ယခင်နှစ် စိုက်ပျိုးနိုင်မှု ဟက်တာ ၃.၅၀ သန်း အောက်သို့ အနည်းငယ်လျော့နည်းလျက် ဟက်တာ ၃.၄၉ သန်း စိုက်ပျိုးနိုင်ခဲ့သည်။

     အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုရာသီ နောက်ဆုံးအချိန်ကာလ၌ နိုင်ငံတစ်ဝန်းလုံး ရှိ နယ်မြေဒေသအများအပြားတွင် ပြင်းထန်သည့်အဆင့်မှ အလွန်အမင်း ပြင်းထန်သောအဆင့်ရှိ သည့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ကြုံတွေ့ခဲ့ကြရပြီး အခြေခံအဆောက်အအုံများ ထိခိုက် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ဇွန် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အနောက်တောင်မုတ်သုံရာသီ ကာလအတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်အထက်တွင် ၉၃၇.၂ မီလီမီတာဖြင့် မိုးရေချိန်ရရှိခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ အချက်အလက်များအရ သိရှိရသည်။

  မုတ်သုံလေ ပြန်လည်ဆုတ်ခွာမှု ရက်သတ္တနှစ်ပတ်ခန့် ရပ်တန့်နေခဲ့သည့် ကာလအတွင်း နိုင်ငံ၏ နေရာဒေသ အများစု၌ စိုစွတ်သည့်ရာသီဥတု ဖြစ်ပေါ်နေခဲ့ခြင်းက မုတ်သုံရာသီကာလကို တိုးချဲ့ရရှိသည့် အခြေအနေဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် မုတ်သုံဆုတ်ခွာသည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ ကာလ၌ နယ်မြေဒေသများစွာသည် ခြောက်သွေ့သော ရာသီဥတုကို ကြုံတွေ့ရ လေ့ရှိသည်။

   အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးစီးသည့် အောက်တိုဘာ ၁၆ ရက်နေ့ နောက်ပိုင်း တွင်လည်း နိုင်ငံအတွင်း နေရာဒေသ အများအပြားသည် ကာလရှည် မိုးဆက်လက်ရွာသွန်းမှုကို ကြုံ တွေ့ခဲ့ကြရသည်။ နေရောင်ခြည် ဆက်တိုက်ရရှိချိန် တိုတောင်းခြင်းက စိုက်ခင်းများကို ခြောက်သွေ့ စေရမည့်အစား ရိတ်သိမ်းပြီးသီးနှံများကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေခဲ့ပြီး ပြည်နယ်များစွာက သီးနှံ မျိုးစုံ ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းပေးပို့တင်ပြခဲ့ကြသည်။ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကာလအတွင်း အိန္ဒိယနိုင်ငံအနေဖြင့် မိုးရေချိန် ၁၂၀.၆ မီလီမီတာ စံချိန်တင် ရရှိခဲ့ပြီး ပုံမှန်မိုးရေချိန် ၈၃.၆ မီလီမီတာထက် ၄၄ ရာခိုင်နှုန်း ပိုမိုကြောင်း အိန္ဒိယမိုးလေဝသဌာနက ဖော်ပြ ခဲ့သည်။

     မူဝါဒဆိုင်ရာမျက်မှောက်ရေးရာတင်ဆက်သူနှင့် ကုန်စည်ဈေးကွက်ကျွမ်းကျင်သူ တစ်ဦးဖြစ် သော G. Chandrashekhar က မိုးသီးနှံရာသီမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း ထုတ်လုပ်မှု စုစုပေါင်း သည် စက်တင်ဘာ ၂၉ ရက်နေ့၌ တန်ချိန် ၆.၄ သန်းရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပြီး ယခင်နှစ် အလားတူ ကာလ၌ ထုတ်လုပ်မှု တန်ချိန် ၆.၆၁ သန်းအောက် ကျဆင်းခဲ့သည်။ မိုးသီးနှံရာသီမှ ပဲစင်းငုံ တန်ချိန် ၃.၄ သန်း၊ မတ်ပဲ တန်ချိန် ၁ သန်းနှင့် ပဲတီစိမ်း တန်ချိန် ၁.၇ သန်း အသီးသီးထွက်ရှိနိုင်ကြောင်း သို့သော် အောက်တိုဘာလ၌ မိုးဆက်လက်ရွာသွန်းမှုရှိနေသဖြင့် ၎င်း၏ခန့်မှန်းချက်မှာ ပြင်ဆင်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအပေါ် အရေအတွက်အရ ဆုံးရှုံးမှုနှင့် အရည်အသွေးအရ ဆုံးရှုံးမှုဟူ၍ ထိခိုက်နိုင်သည့် အချက်နှစ်ရပ်ရှိကြောင်း၊ ကိန်းဂဏန်းအရ တိုးတက်မှုရှိသော်လည်း ရိတ်သိမ်းရရှိမှုမှာ အရေအတွက် လျော့ကျနိုင်ကြောင်း၊ ထိုသို့ထွက်ရှိလာရာတွင်လည်း သီးနှံအချို့ သည် သင့်တင့်မျှတသော ပျမ်းမျှအရည်အသွေး (FAQ) ကို ပြည့်မီခြင်းမရှိသော စံချိန်စံညွှန်း မပြည့်မီ သည့် အခြေအနေရှိနိုင်ကြောင်း Mr. Chandrashekhar က ပြောဆိုထားသည်။

   မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် သီးနှံစိုက်ပျိုးမှုနှင့် ထွက်ရှိမှုတို့ကို ရိုက်ခတ်မှုဖြစ်ပေါ်ခဲ့ချိန်၌ ရိတ်သိမ်းရရှိလာမည့် ကောက်ပဲသီးနှံများ၏ တစ်စိတ်တစ်‌ဒေသသည်လည်း အရည်အသွေးပိုင်း  ထိခိုက်မှုဖြစ်ပေါ်နေခဲ့သည်။ မဟာရဋ္ဌပြည်နယ် Solapur မြို့ အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ Mukesh Sanklecha က ပဲတီစိမ်းဈေးကွက်တွင် အရည်သွေးကောင်းမွန်သည့် ကုန်ပစ္စည်းများ ဝင် ရောက်မှု ကင်းမဲ့နေကြောင်း၊ စက်တင်ဘာ ဒုတိယလဝက် ကာလအတွင်း မိုးလွန်ကဲစွာ ရွာသွန်းခြင်း က ရိတ်သိမ်းပြီးနှင့် သိုလှောင်ထားသည့် ပဲများကို အစိုဓာတ်မြင့်မားစေလျက် ထိခိုက်ပျက်စီးစေ ကြောင်း၊ လက်ရှိကာလတွင် ဈေးကွက်၌ အရည်အသွေး နိမ့်ကျသည့်အဆင့်မှ အလယ်အလတ်တန်း အဆင့်ရှိသော ပဲများကိုသာ လက်ခံရရှိလျက်ရှိကြောင်း ပြောကြားခဲ့သည်။

   အလားတူ IGrain ကုမ္ပဏီမှ ဒါရိုက်တာ Rahul Chauhan က မိုးသီးနှံ ပဲမျိုးစုံထုတ်လုပ်မှုမှာ အထွက်ကျဆင်းပြီး စုစုပေါင်း တန်ချိန် ၅.၈ သန်းခန့်သာရှိမည်ဟု ခန့်မှန်းထားသည်။ ထိုကဲ့သို့ ကိန်းဂဏန်းပမာဏ ကြီးမားစွာ ကျဆင်းသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် မိုးကြီးမှုကြောင့် သီးနှံများ ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုပင် ဖြစ်ကြောင်း၊ ပဲမျိုးစုံနှင့် ပဲပုပ်သီးနှံများ ထိခိုက်ပျက်စီးမှု ရှိသည်ဟု အစီရင်ခံတင်ပြချက်များရှိပြီး ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် နည်းပါးလိမ့်မည်ဖြစ် ကြောင်း၊ ကျန်ရှိသည့် အခြားသီးနှံများမှာမူ ယခင်နှစ်ကထက် အထွက်များပြားဖွယ်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီမှ ပဲစင်းငုံ တန်ချိန် ၃ သန်း၊ မတ်ပဲ တန်ချိန် ၁.၂ သန်းနှင့် ပဲတီစိမ်း တန်ချိန် ၁.၆ သန်း အသီးသီးထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုခဲ့သည်။

      Mr. Sanklecha ၏ ပြောဆိုချက်အရ ပဲစင်းငုံ အဓိကစိုက်ပျိုးရာ မဟာရဋ္ဌနှင့် ကာနာတကာ ပြည်နယ်များတွင် ရာသီဥတု မျက်နှာသာမပေးမှုနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ပဲစင်းငုံထွက်ရှိမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းဖွယ်ရှိကြောင်း သိရှိရသည်။

     အိန္ဒိယ ပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) မှ အတွင်းရေးမှူး Satish Upadhyay က ယခုနှစ်တွင် ၎င်းတို့အသင်းအနေဖြင့် ကွင်းဆင်းစစ်တမ်းကောက်ယူမှုများ လုပ်ဆောင်နိုင်ခြင်း မရှိ သော်လည်း ဈေးကွက်အရင်းအမြစ်များအရ မိုးသီးနှံ ပဲမျိုးစုံထွက်ရှိမှု ကျဆင်းမည်ဟု ခန့်မှန်းထား ကြောင်း၊ ပဲစင်းငုံသည် တန်ချိန် ၂.၈ သန်းမှ ၃ သန်းအတွင်း လျော့နည်းထွက်ရှိနိုင်ပြီး ပဲတီစိမ်းမှာမူ တန်ချိန် ၁ သန်းမှ ၁.၅ သန်းအတွင်း ထွက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ မတ်ပဲထွက်ရှိမှုမှာ သိသာစွာ လျော့နည်းပြီး တန်ချိန် ၉ သိန်းမှ ၁ သန်းအကြား ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

    Mr. Upadhyay ၏ အဆိုအရ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းရှိ နိုင်ငံ၏မတ်ပဲထုတ်လုပ် ရာ အဓိကဒေသတစ်ခုဖြစ်သော Bundelkhand တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယခုနှစ် မတ်ပဲအထွက်ကို ထိခိုက်မှုဖြစ်စေခဲ့ကြောင်း၊ ထို့အပြင် မတ်ပဲ အဓိကစိုက်ပျိုးသည့် အခြားဒေသ တစ်ခုဖြစ်သော ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ Saharanpur ဒေသတွင်လည်း မိုးသည်းထန်မှုကြောင့် မတ်ပဲစိုက်ပျိုးမှု၏ ၅၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကြောင်း၊ သို့သော် ၎င်းပြည်နယ်ရှိ Chandausi ဒေသ ၌မူ မတ်ပဲအထွက် ကောင်းမွန်ကြောင်း သိရှိရသည်။

     ထိုကဲ့သို့ သီးနှံများ ထိခိုက်ပျက်စီးခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် စိုက်ပျိုးမှု သက်တမ်းတိုတောင်းသော ရက် ၉၀ ပဲစင်းငုံစိုက်ခင်းများမှ သီးနှံရိတ်သိမ်းခူးဆွတ်မှုမှာ နှောင့်နှေးမှု များဖြစ်ပေါ်လျက်ရှိသည်ဟု ဈေးကွက်အတွင်းလုပ်ကိုင်သူများက ပြောဆိုသည်။ မဟာရဋ္ဌပြည်နယ် Akola မြို့အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သော Ashok Gupta က ကာနာတကာပြည်နယ်၌ အဆိုပါ ပဲစင်းငုံမျိုးကို ရိတ်သိမ်းမှုမှာ ၁၅ ရက်ခန့် နှောင့်နှေးဖွယ်ရှိသော်လည်း ၎င်းတို့ပြည်နယ်တွင်မူ တစ်လ ကြာအထိ ကြန့်ကြာမှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

   အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် မိုးသီးနှံရာသီမှ ပဲမျိုးစုံထွက်ရှိနိုင်မည့် အခြေအနေကို လေ့လာ ဆန်းစစ်သူ ၃ ဦးက ခန့်မှန်းထားရှိမှုအား အောက်ပါဇယားအတိုင်း တွေ့ရှိရသည်။

ပဲအမည်

၂၀၂၄ ခုနှစ် အမှန်ထွက်ရှိမှု (တန်ချိန်သန်း)

၂၀၂၅ ခုနှစ် ခန့်မှန်းအထွက်ပမာဏ (တန်ချိန်သန်း)

G. Chandrashekhar

Rahul Chauhan

Satish Upadhyay

ပဲစင်းငုံ

3.56

3.4

3

2.8 မှ 3

မတ်ပဲ

1.3

1

1.2

၀.၉ မှ 1

ပဲတီစိမ်း

1.75

1.7

1.6

1 မှ 1.5

Source: Informist Media, 8 November 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လာမည့် ဈေးကွက်ရာသီ၌ အိန္ဒိယ၏ သကြားတင်ပို့မှု တန်ချိန် ၂ သန်းသို့ မြင့်တက်ဖွယ်ရှိ

     သကြားမှအီသနောလောင်စာထုတ်လုပ်မှုသို့ ပြောင်းလဲသုံးစွဲမှု နည်းပါးလျက်ရှိပြီး ပြည်တွင်း ၌ သကြားပမာဏ အမြောက်အမြား ပိုလျှံမှုဖြစ်ပေါ်နိုင်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ရှေ့လာမည့် ဈေးကွက်ရာသီကာလတွင် ပြည်ပသို့ သကြားတန်ချိန် ၂ သန်းအထိ နှစ်ဆတိုး၍ တင်ပို့ရဖွယ်ရှိသည် ဟု အိန္ဒိယသကြားလုပ်ငန်းနယ်ပယ်မှ အရာရှိများက နိုဝင်ဘာ ၆ ရက်နေ့၌ ပြောဆိုခဲ့ကြသည်။ သို့ ဖြစ်ရာ ကမ္ဘာ့ ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်သော အိန္ဒိယမှ တင်ပို့မှုမြင့်မားလာခြင်း သည် ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သော နယူးယောက်နှင့် လန်ဒန် သကြား ကြိုတင်အရောင်း စံပြုဈေးနှုန်းများအပေါ် ဖိအားများသက်ရောက်နိုင်ခြေရှိနေသည်။

    အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဈေးကွက်ရာသီနှစ်အထိ ငါးနှစ်တာကာလအတွင်း နှစ်စဉ် ပျမ်းမျှ သကြားတန်ချိန် ၆.၈ သန်းခန့် တင်ပို့မှုနှင့်အတူ ကမ္ဘာ့သကြားတင်ပို့မှု ဒုတိယအများဆုံး နေရာ၌ ရပ်တည်ခဲ့သည်။ သို့သော် ရာသီဥတုခြောက်သွေ့မှုနှင့် ကြုံတွေ့ရပြီးနောက် ၂၀၂၃-၂၄ ခုနှစ်မှ စတင် ၍ ပြည်ပသို့သကြားတင်ပို့မှုကို အစိုးရက ပိတ်ပင်တားမြစ်ခဲ့ပြီး ယမန်နှစ်၌ တန်ချိန် ၁ သန်းမျှကိုသာ တင်ပို့ရန် ခွင့်ပြုပေးခဲ့သည်။

   အိန္ဒိယနိုင်ငံ သကြားနှင့်ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း (ISMA) မှ ညွှန်ကြားရေးမှူးချုပ် Deepak Ballani က ယခုလာမည့် သကြားဈေးကွက်ရာသီနှစ်အတွက် ဖြစ်တန်ခြေရှိသော တင်ပို့မှု ပမာဏသည် တန်ချိန် ၂ သန်းအထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

   အောက်တိုဘာ ၁ ရက်နေ့၌ စတင်ခဲ့သော ၂၀၂၅-၂၆ ဈေးကွက်တင်ရောင်းဝယ်ရေးနှစ်တွင် အိန္ဒိယ၏ သကြားထွက်ရှိမှုမှာ အီသနောထုတ်လုပ်ရန်အတွက် ပြောင်းလဲသုံးစွဲမည့် တန်ချိန် ၃.၄ သန်းခန့်ကို နုတ်ပယ်ပြီးပါက တန်ချိန် ၃၀.၉၅ သန်းခန့်ရှိနိုင်ကြောင်း၊ ယင်းပမာဏသည် ယခင်နှစ် ကထက် ၁၈.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ISMA အသင်းက ဖော်ပြထားသည်။ ယခုနှစ် အီသနောထုတ်လုပ်မှုအတွက် အသုံးပြုမည့် သကြားပမာဏသည် တန်ချိန် ၄.၅ သန်းမှ ၅ သန်းအတွင်းရှိမည်ဟု အဆိုပါအသင်းက အစောပိုင်းကာလများတွင် ခန့်မှန်းထားခဲ့သည်။ သို့သော် ဇီဝလောင်စာ ထုတ်လုပ်ရန် လျာထားချက် စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်းခန့်သို့သာ သကြားအခြေပြု အီသနောထုတ်လုပ်မှုရှိပြီး ကျန်ပမာဏသည် မွေးမြူရေးအစားအစာအခြေပြု အီသနောထုတ်လုပ်မှု လုပ်ငန်းများသို့ ခွဲဝေရောက်ရှိခဲ့သည်။

    အမျိုးသား သကြားစက်ရုံများ သမဝါယမအသင်းချုပ် (NFCSF) မှ အုပ်ချုပ်မှုဒါရိုက်တာ Prakash Naiknavare က ၎င်းတို့အနေဖြင့် သကြားစက်ရုံများမှ ဆောလျင်စွာ သကြားတင်ပို့ခွင့်ကို စတင်ခွင့်ပြုပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း၊ သို့မှသာ ၎င်းလုပ်ငန်းများသည် ရာသီကာလ အစပိုင်းတွင် ပြည်ပတင်ပို့ရန်အတွက် သကြားကုန်ကြမ်းများကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ဘရာဇီးနိုင်ငံမှ ရာသီအသစ်တွင် စတင်ထုတ်လုပ်သည့် သကြားများ ဈေးကွက်သို့ ဝင် ရောက်လျက် ကမ္ဘာ့သကြားဈေးနှုန်းများအပေါ် ဖိအားများဖြစ်ပေါ်ခြင်း မရှိမီအချိန်၌ အိန္ဒိယ အနေ ဖြင့် သုံးလကြာမျှ တိုတောင်းသော ပြည်ပသို့ သကြားတင်ပို့ရန် အခွင့်အရေးရှိနေပါသည်။

      လက်ရှိကာလတွင် အိန္ဒိယပြည်တွင်း၌ သကြားဈေးနှုန်းများသည် ကမ္ဘာ့ပေါက်ဈေးနှုန်းများထက် မြင့်မားလျက်ရှိပြီး ရာသီအသစ်မှ ထုတ်လုပ်သည့် သကြားများ စတင်ဝင်ရောက်လာခြင်းက ပြည်တွင်းဈေးကွက်အပေါ် ဖိအားသက်ရောက်နိုင်မှုအရ ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ ပြည်ပတင်ပို့နိုင်ရန် သကြားစက်လုပ်ငန်းများက မျှော်လင့်လျက်ရှိကြောင်း၊ ဓာတ်ဆီ၌ အီသနော ၂၀ ရာခိုင် နှုန်း ရောစပ်သုံးစွဲရန် အစိုးရ၏ တွန်းအားပေးမှုအောက်တွင် သကြားစက်အများအပြားသည် ၎င်းတို့ ၏ ကြိတ်ခွဲထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ခဲ့ကြကြောင်း၊ အီသနောထုတ်လုပ်ရန်အတွက် အသုံးမပြုရ သေးသောပမာဏ ကြီးမားစွာကျန်ရှိနေခြင်းက ၎င်းတို့အတွက်ဆုံးရှုံးမှုဖြစ်စေနိုင်ကြောင်း၊ ထို့အပြင် ၎င်းစက်ရုံလုပ်ငန်းများသည် သကြားများ ပိုမိုထပ်မံထုတ်လုပ်ရန်လည်း ရှိနေကြောင်းဖြင့် ISMA မှ ညွှန်ကြားရေးမှူးချုပ် Mr. Ballani က ပြောဆိုခဲ့သည်။

Source: The Hindu Business Line, 6 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယားဆန် ကမ္ဘာ့အကောင်းဆုံးဆုကို ထပ်မံရရှိ

   ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော The Rice Trader (TRT) ကမ္ဘာ့ဆန်ညီလာခံတွင် ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor သည် ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့သည်။ ယခင် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နှင့် ၂၀၂၄ တို့တွင် ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားဆန်သည် ဤဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုကို ခုနစ်ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဆန်ညီလာခံသည် ဆန်လုပ်ငန်းနှင့်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး နှင့် စားသုံးမှုတို့တွင် ပါဝင်ပတ်သက်သော အကျိုးတူပါဝင်သူများကို စုစည်းပေးသည့် နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာပွဲတစ်ခုဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) မှ အစီရင်ခံစာ တစ်ခုအရ ၂၀၂၅ ခုနှစ် ပထမ (၉) လအတွင်း နိုင်ငံတော်သည် ဆန်တန်ချိန် ၅၉၆,၃၄၁ တန် တင်ပို့ခဲ့ပြီး ယမန်နှစ်ကာလတူတွင် တန်ချိန် ၄၄၅,၉၁၃ တန် တင်ပို့ခဲ့ပြီး ၃၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မှတ်တမ်းတင်ထားသော အမေရိကန်ဒေါ်လာ ၃၃၅ သန်းမှ ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

DOCA(ရန်ကုန်)

 

ဗီယက်နမ်နိုင်ငံသည် ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် တန်ဖိုးရှိ လက်ဖက်ရည်များကို ပြည်ပသို့တင်ပို့

   ဗီလက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း လက်ဖက်ရည်တန်ချိန် ၁၀၉၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၈.၂ သန်း ရရှိခဲ့ကြောင်း ဒေသခံသတင်းစာ Hanoi Moi က စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ကိုကား၍ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

          ၎င်းသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၀.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၁.၂ ရာခိုင်နှုူန်း ကျဆင်းခဲ့ပါသည်။ ပျှမ်းမျှတင်ပို့မှု ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇၂၃.၄ သို့ အနည်းငယ် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်မှ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

          ပါကစ္စတန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး လက်ဖက်ခြောက်တင်ပို့သူအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၄၁.၂ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် သကြားကိုယ်တိုင်ဖူလုံနိုင်ရန် အင်ဒိုနီးရှားရည်မှန်း

  နိုင်ငံ၏အစားအစာဖူလုံမှုအားကောင်းရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားသည် ၂၀၂၆ ခုနှစ်တွင် သကြားကိုယ်တိုင်ဖူလုံရန် ရည်ရွယ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့ပါ သည်။ Sulaiman က လာမည့်နှစ်တွင် ၎င်းတို့သည် သကြားကိုယ်တိုင်ဖူ လုံနိုင်စွမ်းရှိပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Perkssa Roeslani နှင့် Plantation and Industry Downstream ပရိုဂရမ်နှင့်ပတ်သတ်၍ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ အစိုးရသည် ကြံပင်ထုတ်လုပ်နိုင်စွမ်းတိုးမြှင့်ခြင်းနှင့် သကြားစက်များကို ခေတ်မီစေရန် ဆောင်ရွက်ခြင်းအားဖြင့် လာမည့် ၃ နှစ်မှ ၄ နှစ်အတွင်း သကြားအပြည့်အဝကိုယ်တိုင်ဖူလုံနိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Sulaiman က ထိုကနဦးဆောင်ရွက်မှုသည် စိုက်ပျိုးမှုကဏ္ဍအားကောင်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ အကြား စီးပွား‌ရေးအမီအခိုကင်းလွတ်မှုမြှင့်တင်ရေးတို့တွင် အဓိက ကျသောခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းနှင့် အစိုးရသည်ကမ္ဘာ့ဒုတိယအကြီးမားဆုံးသကြားတင်ပို့သူ အဖြစ်ရပ်တည်ခဲ့သည့် နိုင်ငံ၏ ၁၉၃၀ ခုနှစ်များကရွှေရောင်နေ့ရက်များဆီသို့ပြန်လည်ရောက်ရှိရန် ရည်ရွယ်ထား ကြောင်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲထား သည့် နိုင်ငံတော်သကြားကိုယ်တိုင်ဖူလုံနိုင်ရေးလမ်းပြမြေပုံသည် စားသုံးရန်သကြားလိုအပ်ချက် ကို ၂၀၂၈ ခုနှစ်တွင် ဖူလုံရန်နှင့် စက်မှုကဏ္ဍနှင့် ဘိုင်အိုအီသနောလိုအပ်ချက်ပါဝင်သော စုစုပေါင်း သကြားဖူလုံနိုင်စွမ်းကို ၂၀၃၀ ခုနှစ်တွင် ပြည့်မီရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ သမ္မတ Prabowo Subianto က ဝန်ကြီးဌာနအား ထိုအချိန်အတွင်းအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားသည် ကြံစိုက်ခင်း ၅၃၈၀၀၀ ဟတ်တာမှ တန်ချိန် ၂.၇၅ သန်းထွက်ရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ကိုယ်တိုင်ဖူလုံနိုင်စွမ်း ရရှိရန်အတွက် အစိုးရသည် ပိုမိုကောင်းမွန်သော မျိုးစေ့များအသုံးပြုခြင်း၊ ဆည်မြောင်းစနစ်များ အဆင့်မြှင့်တင်ခြင်းနှင့် ကြံစိုက်ခင်းကို ဟတ်တာ ၅၀၀၀၀၀ ထပ်မံတိုးချဲ့ခြင်းတို့ဖြင့် ထုတ်လုပ်မှု တိုးမြှင့်ရန်စီစဉ်နေကြောင်း သိရပါသည်။ သကြား စက်ရုံ ၁၀ ခုကိုလည်း ဂျဗားနှင့် အခြားဒေသများ တွင်တည်ဆောက်ခြင်းသို့မဟုတ် ပြန်လည်လည်ပတ် ခြင်းတို့ဆောင်ရွက်သွားမည်ဟု သိရပါသည်။

DOCA (ရန်ကုန်)

အင်ဒိုနီးရှားကော်ဖီရောင်းချမှုအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား MoU လက်မှတ်ရေးထိုး

   တောင်ကိုရီးယားရှိအင်ဒိုနီးရှားကုန်သွယ်ရေးတာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံ Goyang မြို့တော်အစိုးရသည် အင်ဒိုနီးရှားကော်ဖီအရောင်းမြှင့်တင်ရန်အတွက် MoU လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ Busan မြို့တော်ရှိ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၏ အကြီးအကဲဖြစ်သူ Husodo Kuncoro Yakti က Goyang မြို့တော်အစိုးရသည် မြို့တော်အား ၂၀၂၈ ခုနှစ်တွင် တောင်ကိုရီးယား၏ ကော်ဖီဖြန့်ဖြူးရာအချက်အချာအဖြစ်တည်ထောင်ရန် စီစဉ် ထားကြောင်းပြောကြားခဲ့ပါသည်။ Yakti ၏အဆိုအရ တောင်ကိုရီးယားတွင် ကော်ဖီ‌သောက်သုံးမှု မြင့်တက်လာခြင်းနှင့်အတူ အင်ဒိုနီးရှားက်ေဖီတင်ပို့သူများသည် ထိုအရှိန်အဟုန်ကို အသုံးချသင့် ကြောင်း သိရပါသည်။ Yakti က တောင်ကိုရီးယားတွင် ကော်ဖီသောက်သုံးမှုတည်ငြိမ်စွာမြင့်တက် လာခြင်းနှင့် Goyang မြို့တွင် ကော်ဖီဖြန့်ဖြူးမည့်စင်တာဖွင့်လှစ်မည့်အစီအစဉ်သည် အင်ဒိုနီးရှား ကော်ဖီအတွက် အကျိုးကျေးဇူးရှိကြောင်းနှင့် ၎င်းတို့သည် ထိုကော်ဖီဖြန့်ဖြူးရေးစင်တာက တောင်ကိုရီးယားတွင် အင်ဒိုနီးရှားကော်ဖီသောက်သုံးမှုကိုအရှိန်မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။ MoU ကို Yakti နှင့် Goyang မြို့တော်ဝန် Lee Dong-hwa တို့က တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာလ ၆ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။ ထိုကနဦးဆောင်ရွက်မှုတွင် အင်ဒိုနီးရှားသည် Goyang မြို့တော်နှင့်ပူးပေါင်းဆောင်ရွက် သည့်ပထမဆုံးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် လတ်တလောတွင် တောင်ကိုရီးယားသို့ ၁၃ ခုမြောက်အကြီးမားဆုံးကော်ဖီရောင်းချသူဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား၏ ရေနံနှင့် ဂတ်စ်မဟုတ်သည့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၀.၁၃ ဘီလီယံရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ တောင်ကိုရီးယားသို့ ရေနံနှင့်ဂတ်စ်မဟုတ်သည့်ထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉.၁၂ ဘီလီယံတန်ဖိုးရှိပြီး ရေနံနှင့်ဂတ်စ်မဟုတ်သည့်ထုတ်ကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈.၆၂ ဘီလီယံတန်ဖိုးရှိ ကြောင်း သိရပါသည်။ နှစ်နိုင်ငံအကြားရေနံနှင့်ဂတ်စ်မဟုတ်သည့်ထုတ်ကုန်များများကုန်သွယ်မှု မှာ ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ ၈.၈၄ ရာခိုင်နှုန်းမြင့်တက်လျှက်ရှိကြောင်း သိရပါ သည်။

 DOCA (ရန်ကုန်)

ရောင်းချရမှုနှေးကွေးနေသည့် ထိုင်းနိုင်ငံမော်တော်ဆိုင်ကယ်ဈေးကွက်

   ထိုင်းနိုင်ငံမော်တော်ဆိုင်ကယ်ဈေးကွက်သည် ၂၀၂၅ ခုနှစ်၏ စတုတ္ထ ၃ လပတ်ကာလတွင် ဆက်လက်နှေးကွေးရန်ခန့်မှန်းရကြောင်း Yamaha မော်တော်ဆိုင်ကယ်များကို ဖြန့်ဖြူးသူ ဖြစ်သည့် Thai Yamaha Motor က ပြောကြားခဲ့ပါသည်။ Thai Yamaha Motor ၏ စီးပွားရေး အကြီးအကဲ Panupol Kittikamron က ဘဏ်များနှင့် ဘဏ္ဍာရေးကုမ္ပဏီများထံမှ တင်းကြပ်သည့် ငွေချေးမှုတို့ကြောင့် ဈေးကွက်ကြီးထွားမှုကို ဆက်လက်အကန့်အသတ်ဖြစ် နေကြောင်းနှင့် ၎င်း သည် စတုတ္ထ ၃ လပတ်ကာလတွင် လုပ်ငန်းနယ်ပယ်ကိုသက်ရောက်စေ သည့် အဓိကအကြောင်း အရာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အောက်တိုဘာလမှစ၍ ပြည်တွင်းဘဏ္ဍာရေးအသင်းများ သည် စီးပွားရေးမသေချာမရေရာမှုများကြောင့် ငွေ‌ချေးမှုများကို တင်းကြပ်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီက ထိုစီမံချက်များ၏နောက်ကွယ်ရှိအကြောင်း ပြချက်သည် မြင့်မားသောအိမ်ထောင်စု ကြွေးမီနှင့် စားသုံးသူဝယ်လိုအားကျဆင်းမှုတို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခြားဖိအားများ တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ဈေးနှုန်းများကျဆင်းမှု၊ အိမ်ထောင်စုများ၏ဝင်ငွေနှင့် ငွေသုံးစွဲမှု ကိုထိခိုက်စေသည့် ရေလွှမ်းမိုးမှုတို့ပါဝင်ကြောင်း သိရပါသည်။ ထိုစိန်ခေါ်မှုများရှိနေသော်လည်း Thai Yamaha သည် ၂၀၂၅ ခုနှစ်အတွက် ရောင်းအားကို အစီးရေ ၂၈၀၀၀၀ သတ်မှတ်ထားပြီး ဈေးကွက်ဝေစုကို လက်ရှိ ၁၄ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းနှင့် လာမည့် ၃ နှစ်အတွင်း ၂၀ ရာခိုင်နှုန်း ထိရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် Yamaha သည် ထိုင်းနိုင်ငံတွင် အစီးရေ ၂၃၂၀၀၀ စီးရောင်းချခဲ့ရကြောင်း သိရပါသည်။ ကြီးထွားမှုကိုပံ့ပိုးရန်အတွက် ကုမ္ပဏီ သည် ၂၀၂၆ ခုနှစ်တွင် မော်ဒယ်သစ် ၃ မျိုးထပ်မံထုတ်လုပ်ပြီး ၎င်းတို့၏ အရောင်းကိုယ်စားလှယ် ကွန်ယက်ကို ၃၀ ခုထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း သိရပါသည်။ အခြေခံအဆောက်အအုံမလုံ လောက်မှုနှင့် မယှဉ်ပြိုင်နိုင်သောဈေးနှုန်းကြောင့် Yamaha သည် ထိုင်းနိုင်ငံတွင် လျှပ်စစ် မော်တော်ဆိုင်ကယ်ကိုမိတ်ဆက်ရန် အစီအစဉ်မရှိသေးကြောင်း သိရပါသည်။ ထိုင်းနိုင်ငံစက်မှု လုပ်ငန်းအဖွဲ့ချုပ်၏အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ပြည်တွင်းမော်တော်ဆိုင်ကယ် ရောင်းချရမှုမှာ အစီးရေ ၁.၃၁ သန်းဖြင့်၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဖွဲ့ချုပ်က တင်ပို့မှုအပါအဝင် ၂၀၂၅ ခုနှစ်အတွက် စုစုပေါင်းထုတ်လုပ်နိုင်စွမ်းကို အစီးရေ ၂.၁ သန်းခန့်မှန်းထားကြောင်း သိရပါသည်။ Thai Yamaha သည် ယခုနှစ်အတွက် စုစုပေါင်းပြည်တွင်းရောင်းချရမှုကို အစီးရေ ၁.၇ သန်း မျှော်မှန်းထား ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ