ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကွမ်းဈေးကောင်း၍ ကွမ်းခြံပိုင်ရှင် မိသားစုများ ဝင်ငွေရ

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ တလုပ်လပ်အနောက်ရွာတွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်း အတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုး လျက်ရှိပြီး ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ စိုက်ပျိုးကြသည်။ ကွမ်း ခြံတစ်ခြံစိုက်ပျိုးပါက သက်တမ်း ၄နှစ်ထိ စိုက်ပျိုးနိုင်သည်။

    ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)များကို တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၃၀၀ ဖြင့် ဝယ်ယူကာ ကွမ်းခြံတစ်ခြံတွင်   ကွမ်းအညွန့် ၁၀၀၀၀ ခန့် စိုက်ပျိုးရကြောင်း၊ ကွမ်းကို ၂၀၂၄ခုနှစ် ဝါခေါင်လတွင် စတင်စိုက်ပျိုး၍ တပေါင်းလတွင် ကွမ်းရွက်များ စတင်ခူးဆွတ်ရပြီး ကွမ်းညွန့် မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ အနည်ဆုံး နှစ်နှစ်မှ ငါးနှစ်ခန့်အထိ ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ၁ဧကလျှင် ငွေကျပ် ၅၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၁၀ ပိဿာခန့် ထွက်ရှိရာ တစ်လလျှင် ပိဿာချိန် ၆၀ ထွက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ ဖြင့်ရောင်းချရပြီး အကျိးအမြတ် အနေဖြင့် ငွေကျပ် ၅၀၀၀၀၀/-ကျန်ရှိပြီး ကွမ်းကို မအူပင်မြို့ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကွမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့သို့ အများဆုံးတင်ပို့ရောင်းချကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ပုဂံ (ရွှေပင်) ပဲချောင်း မုန့်လုပ်ငန်းရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေ

    ဒေသထုတ်ကုန်ဖြစ်သော “ရွှေပင်” ပဲချောင်းမုန့်လုပ်ငန်းအား ရောင်းဝယ်ဖြန့်ဖြူးမှု အခြေအနေနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ အမှတ်တရလက်ဆောင်မုန့်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိသော ဒေသထွက်ထုတ်ကုန်တစ်ခုဖြစ်သည့် ဘာသာမရွေး သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ရန် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ပုဂံ (ရွှေပင်) ပဲချောင်းပြုလုပ်ရာတွင် ဒုံးပျံတံဆိတ် ဂျုံကိုသာ အဓိက အသုံးပြုရပြီး ဂျုံ ၁အိတ်လျှင် အချိန် ၁၅ပိဿာပါ (၁၈၀၀၀၀/-ကျပ်)ဖြင့် ဝယ်ယူရပါသည်။ အခြားပါဝင်ပစ္စည်းများမှာ ပဲ၊ ဆီ၊ သကြား၊ ဆား၊ ရေသန့်တို့ပါဝင်ပြီး ပါဝင်ပစ္စည်းများကို မအူပင်မြို့နယ်တွင် ဝယ်ယူ၍ ရရှိကြောင်းသိရသည်။ ပြုလုပ်ပုံမှာ ဂျုံသားကိုနှဲ၍ ပဲကိုပြုတ်ပြီး ချေထားကာ ဂျုံနှင့် ပဲ ရောနှပ်၍ မုန့်ကြိုးလိမ်ချောင်း၊ မုန့်ခေါင်းအုံး၊ မုန့်ခါဂျာ၊ ပဲချောင်း မျိုးစုံကို ဆီဖြင့်ကျော်ပြီးလျှင် ကြိုထားသော သကြားထဲကိုနှစ်၍ အအေးခံ၍  အိတ်သွပ်၍ ၅ထုတ်တွဲ အတွဲထုတ်ရပါသည်။ တစ်နေ့လျှင် ဂျုံ ၁အိတ်အသုံးပြုပြီး ၁လလျှင် ၃ရက် မုန့်ထုတ်လုပ်ရကြောင်း သိရသည်။ မုန့်ထုတ်ပါက ခေါင်းအုံးမုန့် ၅၀၀ထုတ်၊ ၁ထုတ်လျှင် ၁၀၀ကျပ် လက်ကားဈေးပေးရသည်။ မုန့်ကျိုးလိမ် ၅၀၀ထုတ်၊ ခါဂျာမုန့် ၉၀၀ထုတ်၊ ပဲချောင်းမုန့် ၅၀၀ထုတ် ထွက်ရှိသည်။

    တစ်နေ့လျှင်ကုန်ကျစရိတ် ၈သိန်း ဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၀၉၀၀၀၀/-ကျပ် ရရှိပါသည်။ ဈေးကွက်အနေဖြင့် ဖျာပုံ၊ ကျိုတ်လတ်၊ မော်ကျွန်းဘက်သို့ ဖြန့်ဖြူးကြောင်း သိရသည်။

 

DOCA (ဧရာဝတီ)

မအူပင်မြို့ ချောင်းကလေးကျေးရွာတွင် စိုက်ပျိုးသော ဖီးကြမ်းငှက်ပျောသီး ထွက်ရှိ၍ အရောင်းအဝယ်ဖြစ်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ငှက်ပျောစိုက်ပျိုးသူများရှိ၍။ မအူပင်ချောင်းကလေးကျေးရွာမှ ထွက်ရှိသော ငှက်ပျောသီးများကို မအူပင် မင်္ဂလာဈေးအတွင်း ရာသီမရွေူ တင်ပို့ ရောင်းချနေကြောင်း သိရသည်။ မအူပင်ခရိုင်တွင် ငှက်ပျောစိုက်ဧက ၃၇၅၀ ဧက စိုက်ပျိုးပြီး နှစ်စဉ် စိုက်ပျိုး၍ မြို့နယ်တွင်းနှင့် ရန်ကုန်သို့ ငှက်ပျော ထွက်ရှိချိန် တင်ပို့ရောင်းချကြောင်း သိရသည်။ ဖီကြမ်း ငှက်ပျောစိမ်းကို အဓိကစိုက်ပျိုးသည်။

    ငှက်ပျောဖီကြမ်းမျိုးကို  ၁ဧက စိုက်ပျိုးပြီး အပင်ရေ ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။  ။  ငှက်ပျော်စိုက်ပျိုးမှု ကုန်ကျစရိတ် ၁ဧက တွင် ငွေကျပ် ၅၀၀၀၀၀၀ ကုန်ကျကြောင်း၊  ငှက်ပျော စတင်စိုက်ပျိုးလာသည်မှာ ၅နှစ်ရှိပြီဖြစ်သည်။   ငှက်ပျောကို ၄လ တစ်ကြိမ် အခိုင် ၅၀ခန့် ခုတ်ရ၍၊ တစ်နှစ်တွင် အခိုင် ၁၅၀ခန့် ထွက်ရှိပြီး ဈေးကွက်တင်ပို့ကြောင်း စိုက်ပျိုးသူထံမှ သိရသည်။ ငှက်ပျောဖီး ထွက်ရှိမှု အနေဖြင့် စိုက်ပျိုးဧကပေါ်တွင် အခိုင် ၇၀၀-၈၀၀ ခန့် ထွက်ရှိသည်၊ ဖီးကြမ်း တစ်ခိုင်လျှင် ၆ဖီးမှ ၁၂ဖီး အထိ ထွက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ် ဇူလိုင်လ ငှက်ပျော ဈေးနှုန်းအနေဖြင့် ငှက်ပျော တစ်ဖီးကို ငွေကျပ် ၂၅၀၀ဖြင့် လက်ကား ဖြန့်ဖြူးရောင်းချရပြီး ငှက်ပျောဖီး တစ်ခိုင်ကို ငွေကျပ် ပျမ်းမျှ ၃၀၀၀၀ နှုန်းရရှိသည်။ မိုးတွင်းကာလ ရောက်ရှိပါက အပင်ဟောင်းနှင့် ငှက်ပျောပင်အကြမ်းများကို ရှင်းလင်းပြီး ငှက်ပျောပင် တစ်ပင်စီသာ ချန်ထား၍ အပင်ပြန်လည်ပျိုးရသည်၊   စိုက်ပျိုးမှု  အကျိုးအမြတ်အနေဖြင့်  တစ်နှစ်အတွင်း ငွေကျပ် ၅၄၀၀၀၀၀ ခန့် အကျိုးအမြတ်ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

         

DOCA (ဧရာဝတီ)

ပုသိမ်မြို့ငါးမြစ်ချင်းဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၏မြို့တော်ဖြစ်သော ပုသိမ်မြို့သည် ငါးနှင့် ပင်လယ်စာများ ပေါများရာဒေသ ဖြစ်ပြီး အထူးသဖြင့် မြစ်ချောင်းအင်းအိုင်များမှ ထွက်ရှိသည့်ငါးမျိုးစုံဖြင့်သည်လည်းပါသည်။ ပုသိမ်ငါးဈေးကွက်တွင် ငါးမြစ်ချင်းအဝင်များနေပြီး အရွယ်အစားအလိုက် တစ်ပိဿာလျှင်၁၂၀၀၀၀ကျပ်မှ၁၃၀၀၀၀ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

   ပုသိမ်မြို့ရှိ ငါးဒိုင်များနှင့် လက်လီရောင်းချသူများသည် ငါးမြစ်ချင်းများကို ဒေသခံများသာမက ရန်ကုန်အပါအဝင် အခြားမြို့ကြီးများသို့ပါ တင်ပို့ရောင်းချလျက်ရှိပါသည်။ ငါးမြစ်ချင်းအပြင် ငါးကြင်း၊ ငါးဖယ်၊ငါးပြေမစသည့် ဒေသထွက်ငါးများလည်း ဈေးကွက်တွင် ရောင်းအားကောင်းနေသည်ကို တွေ့ရပါသည်။ အထူးသဖြင့် မိုးရာသီဖြစ်သည့်အတွက် ငါးဖမ်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နောက်ရက်များတွင်လည်း ငါးများအဝင်များပြီး ဈေးနှုန်းများ ဆက်လက်တည်ငြိမ်ဖွယ်ရှိနိုင်ကြောင်းကို ငါးလုပ်ငန်းရှင် တစ်ချို့က သုံးသပ်ပြောကြားပါသည်။

( DOCA ဧရာဝတီ)

 

ဧရာဝတီတိုင်းဖရဲသီးဈေးကောင်းရ၍ တောင်သူများမျှော်လင့်ချက်ပြည့်ဝ

    ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း  ယခုနှစ်ဖရဲသီးစိုက်ပျိုးမှုအောင်မြင်ပြီး ဈေးကောင်းရရှိနေခြင်း ကြောင့်တောင်သူများဝမ်းသာပျော်ရွှင်လျက်ရှိကြောင်းသိရပါသည်။ ပြီးခဲ့သောနှစ်များက ဖရဲသီးဈေးနှုန်းများ မတည်ငြိမ်မှုများကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်တွင်ဈေးနှုန်းမြင့်တက်လာခြင်းက တောင်သူများအတွက် မျှော်လင့်ချက်များ ပြန်လည်အသက်ဝင်စေခဲ့သည်။ လက်ရှိဈေးကွက်၌ ပုသိမ်တွင်ဖရဲသီး တစ်လုံးလျှင်၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေပြီးအရွယ်အစားနှင့်အမျိုးအစားအလိုက်ကွာခြားမှုရှိကြောင်းကို ဒေသခံများက ပြောကြားပါသည်။ အထူးသဖြင့်ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချမှုများပြားပြီး ဝယ်လိုအားမြင့်တက်နေခြင်းက ဈေးကောင်းရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါသည်။

    ဧရာဝတီတိုင်းဒေသကြီးသည်  မြေဆီမြေဩဇာကောင်းမွန်ပြီး ဖရဲသီးစိုက်ပျိုးရန် သင့်တော်သောရာသီဥတု ရှိသောကြောင့်ဖရဲသီးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ဖရဲသီးဈေးကောင်းရရှိမှုကြောင့် တောင်သူများ အနေဖြင့်လာမည့်နှစ်များတွင် ဖရဲသီးစိုက်ပျိုးဧကတိုးချဲ့ရန် စဉ်းစားနေကြကြောင်း သိရှိရပါသည်။ အရည်အသွေးမြင့် ဖရဲသီးများထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးနည်းပညာများ ပိုမိုလေ့လာသင်ယူရန်စိတ်ဝင်စားမှုများလည်း ရှိနေပါသည်။  သို့သော်ဈေးကွက်တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများလိုအပ်နေသေးကြောင်း တောင်သူများက ထောက်ပြပါသည်။ ယခုနှစ်ဧရာဝတီတိုင်း ဖရဲသီးဈေးကောင်းရရှိမှုသည်ဒေသခံတောင်သူများ၏ စီးပွားရေးကိုများစွာအထောက်အကူပြုခဲ့ပြီး နောင်နှစ်များအတွက်လည်း ကောင်းမွန်သောနမိတ်တစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။

( DOCA ဧရာဝတီ)

မြန်မာ့နဂါးမောက်သီးကျန်းမာရေးနှင့် စီးပွားရေးအလားအလာများ

    နဂါးမောက်သီးကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြပြီး ထူးခြားသောအရသာနှင့် ကျန်းမာရေးကောင်းကျိုးများကြောင့် လူကြိုက်များသောအသီးတစ်မျိုးဖြစ်သည်။ နဂါးမောက်သီးသည် ရှားစောင်းပင်မျိုးနွယ်ဝင်အသီးတစ်မျိုးသည်။ နဂါးမောက်သီးကို အခွံခွာ၍အစိမ်းစားကြသလို ဖျော်ရည်၊ယိုများ ပြုလုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြသည်။ အရသာချိုမြိန်ပြီး အေးမြသောသဘာဝရှိသဖြင့် နွေရာသီတွင် စားသုံးရန်အထူးသင့်လျော်သည်။                

       နဂါးမောက်သီးတွင် ကိုလက်စထရောပါဝင်မှုနည်းပါးပါသည်။ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါသည်။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေလည်း ကာကွယ်ပေးပါသည်။  နဂါးမောက်သီးက အမျှင်ဓာတ်ကြွယ်ဝသောကြောင့် အစာခြေစနစ်ကို ကျန်းမာစေဖို့ အထောက်အကူ ပြုစေပါသည်။ နဂါးမောက်သီးကို ပြည်တွင်းတင်သာမက ပြည်ပသို့ပါတင်ပို့လျက်ရှိသည်။ ယခင်နှစ်များက မလေးရှား ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများသို့ အော်ဂဲနစ်နဂါးမောက်သီးများကို တင်ပို့ခဲ့ကြောင်း သိရပါသည်။

( DOCA ဧရာဝတီ)

ပုသိမ်မြို့ဈေးအတွင်းရှိကြက်သွန်နီနှင့်အာလူးဈေးကွက်အခြေအနေ

   ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ဈေးအတွင်းရောင်းချလျက်ရှိသော ကြက်သွန်နီလက်လီဈေးနှုန်းများမှာ ဇွန်လတတိယအပတ်မှ ဇွန်လနောက်ဆုံးအပတ်အထိ ကြက်သွန်နီအကြီးတစ်ပိဿာလျှင် ၂၀၀၀/ကျပ်၊အသေးတစ်ပိဿာလျှင် ၁၅၀၀/ကျပ်ဈေးနှုန်းဖြင့် လက်လီးရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့်အချိန်(၁၀)ပိဿာမှစတင်၍အိတ်လုံး ဈေးကြက်သွန်နီအကြီးတစ်ပိဿာလျှင်၁၈၀၀/ကျပ်၊ ကြက်သွန်နီအလတ် တစ်ပိဿာလက်ကား ဈေးနှုန်းမှာ ၁၆၀၀/ကျပ်၊ ကြက်သွန်နီအသေး လက်ကားဈေးနှုန်းတစ်ပိဿာလျှင် ၁၃၀၀/ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဇူလိုင်လဆန်းတွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းသွားပြီး ကြက်သွန်နီ (အကြီး)၁၆၀၀/ကျပ်ဈေးသို့ ကျဆင်းခဲ့ပြီးဇူလိုင်လတတိယအပတ်တွင် ကြက်သွန်နီဈေးနှုန်းများ ၁၈၀၀/၂၀၀၀ကျပ်ဈေးနှုန်းသို့ မြင့်တက်သွားကြောင်းဈေးကွက်အတွင်းမှ သိရှိရပါသည်။

    အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဇွန်လတတိယအပတ်တွင် ၅၀၀၀/ကျပ်ဈေးရှိခဲ့သော်လည်း ယခုဇူလိုင်လတတိယအပတ်တွင်လည်း အာလူးဈေးနှုန်းများမှာ ၅၀၀၀/ကျပ်ဈေးဖြင့်ရောင်းချနေသဖြင့် ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

ဈေးနှုန်းငြိမ်နေတဲ့ ပုသိမ်မြို့ ဂျင်းနှင့်ကြက်သွန်ဖြူဈေးကွက်အခြေအနေ

    ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်း များမှာ  ဇူလိုင်လ ပထမအပတ်တွင် ဂျင်း၁၀ကျပ်သားလျှင်၈၀၀/ကျပ်ရှိခဲ့ပြီး ယခုလတတိယအပတ်တွင်လည်း ၈၀၀/ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက်/အကျမရှိ ယခင်လဈေးနှုန်းအတိုင်း ဈေးငြိမ်နေပါသည်။

  ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇူလိုင်လပထမအပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၅၀၀/ကျပ်၊ ယခုဇူလိုင်လတတိယအပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ကျပ်သား လျှင်၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေပါသည်။ ကြက်သွန်ဖြူ(ရှမ်း) ဈေးနှုန်းအနေဖြင့် ဇူလိုင်လပထမအပတ်တွင် ၁၀ကျပ်သားလျှင် ၁၀၀၀/ကျပ်ပေါက်ဈေးရှိနေပြီး ယခုဇူလိုင်လ တတိယအပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ်နေပါသည်။ ဂျင်း၊ ကြက်သွန်ဖြူဈေးကွက်တို့မှာ ဈေးနှုန်းတည်ငြိမ်နေပြီး ပုံမှန်ရောင်း၀ယ်လျက်ရှိပါသည်။

( DOCA ဧရာဝတီ)

မြန်မာ့ဈေးကွက်တွင် ဒူးရင်းသီးရောင်းအားကောင်းပြီး ဈေးနှုန်းမြင့်တက်

    အသီးအနှံတို့၏ ဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည့်ဒူးရင်းသီးသည်    မြန်မာ့ဈေးကွက်တွင်ရာသီပေါ်သီးနှံအဖြစ်ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် ရောင်းအားကောင်းမွန်လျက်ရှိသည်။   မွန်ပြည်နယ်မှ အဓိကထွက်ရှိသော ဒူးရင်းသီးများသည် ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဝယ်လိုအားမြင့်မားမှုကြောင့် ဈေးနှုန်းများမြင့်တက်နေသည်ဟု သိရှိရသည်။  လက်ရှိဈေးကွက်တွင် ဒူးရင်းသီးတစ်လုံးလျှင်အရွယ်အစားအလိုက် ၁၅၀၀၀၀ကျပ်မှ ၄၀၀၀၀၀ကျပ်အထိပေါက်ဈေးရှိနေသည်။ အထူးသဖြင့် မွန်ဒူးရင်းသီးနှင့် ကရင်ဒူးရင်းသီးများသည်ဈေးကွက်တွင် လူကြိုက်များပြီးရောင်းအားအကောင်းဆုံးဖြစ်သည်။

    ဒူးရင်းသီးရာသီသည်  ဇွန်လမှ ဩဂုတ်လအထိ အထွက်များလေ့ရှိပြီး ယခုနှစ်တွင် မိုးအစောပိုင်းရွာသွန်းမှုကြောင့် ဒူးရင်းသီးအထွက်နှုန်းမှာ ပုံမှန်အတိုင်းရှိသည်ဟု ဒူးရင်းစိုက်တောင်သူများကပြောသည်။     သို့သော် မြန်မာနိုင်ငံသားများသာမက ပြည်ပမှဝယ်ယူသူများ      အထူးသဖြင့် တရုတ်နိုင်ငံမှဝယ်လိုအားမြင့်တက်လာခြင်း ကြောင့်ဈေးနှုန်းများမှာယခင်နှစ်များထက် ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း    ဒူးရင်းကုန်သည်များက သုံးသပ် ပြောကြားပါသည်    အနံပြင်းသော်လည်း အရသာထူးကဲမှုကြောင့် လူကြိုက်များပြီး   ဒူးရင်းသီးစိုက်ပျိုးသူများအတွက်လည်း စီးပွားရေးကောင်းသောသီးနှံတစ်မျိုးဖြစ်နေရခြင်းဖြစ်ပါသည်။

( DOCA ဧရာဝတီ)

ပုသိမ်မြို့နာနတ်သီးဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ရှိဈေးကွက်များတွင် ယခုရက်ပိုင်းအတွင်း နာနတ်သီးများ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်းဈေးသည်များထံမှ သိရှိရပါသည်။  ပုသိမ်မြို့နယ်အနီး ပတ်ဝန်းကျင်ရှိကျေးရွာများမှ ထွက်ရှိသောနာနတ်သီးများကို မြို့မဈေး နှင့်အခြားရက်ကွက်ဈေးများတွင် နေ့စဉ်ရောင်းချလျက်ရှိပါသည်။ လက်ရှိဈေးကွက်တွင် နာနတ်သီးတစ်လုံးလျှင် အရွယ်အစားအလိုက် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ ရောင်းချနေကြောင်း သိရှိရပါသည်။

     ရာသီဥတုကောင်းမွန်မှုကြောင့် နာနတ်သီးအထွက်နှုန်း ကောင်းမွန်နေပြီး ဈေးကွက်သို့ ပုံမှန်ဝင်ရောက်မှုရှိနေပါသည်။ နာနတ်သီးကို အစားအသောက်အဖြစ် သုံးဆောင်ရုံသာမက ဖျော်ရည်နှင့်အချိုပွဲများပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။ ဈေးသည်တစ်ဦးက“ဒီရက်ပိုင်းနာနတ်သီးအဝင်လည်းမှန်တယ်။ ဈေးနှုန်းအတက်အကျ အတက်အကျလည်း ပုံမှန်ပါပဲ။  ဖျော်ရည်လုပ်သောက်ဖို့ကော၊ အစိမ်းလိုက်ဝယ်စားဖို့ရော ဝယ်ကြတာများပါတယ်” ဟုပြောကြားခဲ့ပါသည်။  

( DOCA ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း