ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငှက်ပျောစိုက်ပျိုး ဝင်ငွေတိုး

        တစ်နှစ်ပတ်လုံးငွေရရန် သေချာသော ငွေရသီးနှံအဖြစ်အရေးပါသည့် စားသုံးသီးနှံဖြစ်သော ငှက်ပျောကို ပဲခူး (အရှေ့) တွင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။ ငှက်ပျောအမျိုးအစားပေါင်းများစွာရှိသည့်အနက် ဖီးကြမ်းကို အဓိကထားစိုက်ပျိုးပြီး ဖြူးမြို့နယ်အနောက်ပိုင်းရှိ ပဲခူးရိုးမတောင်ယာတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာလည်း ဒေသတွင်းသာမက အခြားမြို့ရွာများထိ နာမည်ရလျက်ရှိသည်။ ငှက်ပျောကို မိုးဦးကျခါနီးအချိန်တွင် ဧပြီလ၊ မေလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးချိန် (၆)လကြာမြင့်လျှင် အဖူးထွက်ပြီး ငှက်ပျောပင်တစ်ခိုင်ရင့်မှည့်ချိန်တွင် ၃လမှ ၄လအထိကြာမြင့်တတ်သည်။ ငှက်ပျောကို ဧကအလိုက်စိုက်ပျိုး၍ အခင်းသစ်တွင် တစ်ဧကအထွက်နှုန်း (၄၈) တန်၊ ပထမနှစ် လမိုင်းခင်းတွင် (၃၆) တန်၊ ဒုတိယနှစ် လမိုင်းခင်းတွင် (၂၂) တန်ထွက်ရှိကြောင်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် သီးမွှေးငှက်ပျောအကြီးတစ်ဖီးလျှင် ကျပ်၆၀၀၀၊ အလတ်တစ်ဖီးလျှင် ကျပ်၅၀၀၀၊ အသေးတစ်ဖီးလျှင် ကျပ်၄၀၀၀ဖြင့်ရောင်းချလျက်ရှိပြီး ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၄၀၀၀ကျပ်နှုန်းဖြင့် ဒေသတွင်းငှက်ပျောကုန်သည်များက လာရောက်ဝယ်ယူကြကြောင်းသိရှိရသည်။ ထို့ပြင် ငှက်ပျောသီးမှည့်များကို သကြားဖြူး၍နေလှန်းပြီး တာရှည်ခံသော ငှက်ပျောခြောက်ပြုလုပ်သည့်အပြင် ငှက်ပျောကြော်၊ ငှက်ပျောပေါင်း စသည်ဖြင့်လည်း မိသားစုတစ်နိုင်တစ်ပိုင် ပြုပြင်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ထုံးကြီးမြို့ရှိ တစ်နိုင်တစ်ပိုင် ခရမ်းချဉ်သီးယိုလုပ်ငန်း

        ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ထုံးကြီးကျေးရွာဟုကြားလိုက်သည်နှင့်  စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်ပြီး ယိုမျိုးစုံထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ကျေးရွာတစ်ရွာဟု တွေးမိတတ်ကြသည်။ ထုံးကြီးကျေးရွာတွင် ခရမ်းချဉ်သီးများကို ခရမ်းချဉ်သီးထွက်ရှိချိန်၌ ခရမ်း၊ သက္ကလ၊ ပဲခူးနှင့် ဘိုင်းဒါးဒေသများမှဝယ်ယူပြီး အခြားအချိန်ကာလများတွင် ရှမ်းပြည်နယ်ဘက်မှ အင်းသီးများကိုဝယ်ယူ၍ ခရမ်းချဉ်သီးယိုလုပ်ငန်းလုပ်ကိုင်လျက်ရှိပါသည်။ ခရမ်းချဉ်သီးယိုထုတ်လုပ်ရန်အတွက် ကုန်ကြမ်းမှာ ခရမ်းချဉ်သီးနှင့် သကြားကိုအသုံးပြုရပြီး လုပ်သားအရေအတွက် ၅ဦးခန့်ဖြင့်လုပ်ကိုင်လျက်ရှိပါသည်။ တစ်ရက်လုပ်သားခပေးချေရမှုအနေဖြင့် ၉၀၀ဝ- ၁၀၀၀ဝ ကျပ်ခန့်ပေးချေရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သည် သယ်ယူပို့ဆောင်ခအပါအဝင် ခရမ်းချဉ်သီးယို ၁ပိဿာလျှင် ၂၆၀၀ဝကျပ်ခန့်ကုန်ကျပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ တတိယအပတ်တွင် ၁ပိဿာလျှင် ၃၁၀၀ဝကျပ်ခန့်ဖြင့် ပြန်လည်ရောင်းချကြသည့်အတွက် အကျိုးအမြတ်အားဖြင့် ၁ပိဿာလျှင် ၅၀၀ဝကျပ်ခန့်ရရှိပါသည်။ ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုမှာ ဒေသတွင်းနှင့် ရန်ကုန်မြို့တွင်းသို့ တင်ပို့ရောင်းချကြပြီး ကုန်ကြမ်း ၅ပိဿာလျှင် ကုန်ချော ၂ပိဿာ၊ ၇၀ကျပ်သားခန့်ရရှိပြီး တစ်နေ့လျှင် ၈ပိဿာကျော်ခန့်ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့မှ ပန်းပု၊ ပန်းပွတ် အနုပညာလုပ်ငန်း

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် သစ်ကိုအခြေခံ၍ အနုပညာလက်မှုပစ္စည်းပြုလုပ်သောလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း(၁)ခုရှိပါသည်။ ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံ အသုံးပြုပြီး ကုက္ကို၊ ဘင်ဂ၊ ပိတောက်သားများအသုံးပြု၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား (၁၅)ဦးခန့်အသုံးပြုပြီး တစ်ရက်လုပ်အားခငွေကို ပုတ်ပြတ် ၈၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိပေးချေရကြောင်းသိရှိရပါသည်။ ပန်းပု၊ ပန်းပွတ် အနုပညာပစ္စည်းများပြုလုပ်ရာတွင် သစ်သားကို လွှပိုင်းဖြင့်သော်လည်းကောင်း၊ ချိန်းစောအတိုဖြင့်သော်လည်းကောင်း ပုံကြမ်းဖော်ခြင်း၊ ပညာရှင်မှ ပန်းပု၊ ပန်းပွတ်ဖြင့် ပုံပြန်ဖော်၍ အချောချောခြင်း၊ ဆေးတင်ခြင်းဖြင့် အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အကျိုးအမြတ်မှာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ၂၀% ခန့်အကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။ ကုန်ကြမ်းကို ကျွဲပွဲနှင့် တောင်ငူမြို့တွင်းမှ ဝယ်ယူရရှိကြောင်းသိရှိရပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချသည့်အပြင် ရန်ကုန်မြို့ Shopping Center များနှင့် ပဲခူးမြို့ ဒေသထွက်ကုန် အရောင်းစင်တင်တွင်လည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)   

ပဲခူးတိုင်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ရှောက်ပျားရည်

        ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထွက် အိမ်ပြန် လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြည်းဖြည်းဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို နီးစပ်ရာမြို့ဖြစ်သော ရွှေကျင်ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်လျှင် လိုအပ်သလောက်ဝယ်ယူရပြီး ရှောက်သီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၂၅၀) ကျပ်ထိဝယ်ယူရကြောင်း သိရှိရသည်။

       ရှောက်ပျားရည်ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကိုထက်ခြမ်းခွဲပြီး စက်ဖြင့် ရှောက်ရည်ကို ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချဉ်ရည်တို့ဖြင့် အချိုးအစားညီမျှစွာရောစပ်ပြီး အပူချိန် ( 90°C )အတွင်း ကျိုချက်၍ ထုတ်လုပ်ရကြောင်းသိရှိရသည်။ ရှောက်ပျားရည်တစ်ပုလင်းအတွက် ရှောက်သီး (အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ်မူတည်၍ ရှောက်သီး (၇လုံးမှ ၁၀လုံး)ခန့်အသုံးပြုရကြောင်းသိရှိရသည်။ ရှောက်ရည်ညှစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသော ရှောက်သီးဖတ်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန်အတွက်အသုံးပြုပြီး  ပုံသဏ္ဌာန်အမျိုးမျိုးအနေဖြင့် ပျားရည်နှင့်နှပ်ထားသော (ရှောက်သီးဆေးပြားဘူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး လက်ရှိတွင် လုပ်သားအရေအတွက် (၃၀)ဦးခန့်ဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ တတိယအပတ်တွင် တစ်ရက်လုပ်သားခအနေဖြင့် လုပ်သားတစ်ဦးလျှင် (၁၀၀၀ဝ) ကျပ်ခန့်ပေးချေရကြောင်းသိရှိရပါသည်။ ထုတ်လုပ်မှုပမာဏအားဖြင့် တစ်နှစ်လျှင် ‌ရှောက်ချဉ်ရည်ပုလင်း နှစ်သိန်းခန့်၊ ‌ရှောက်ပျားရည်ပုလင်း ၅၀၀၀ခန့်၊ ‌‌‌ရှောက်သီးဆေးပြားတစ်နှစ်လျှင် ပိဿာချိန် (၇၀၀၀)ခန့်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ရှောက်ပျားရည်တစ်ပုလင်းလျှင် ၄၅၀ဝကျပ်ဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော် (ပျဉ်းမနား)အပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားသို့  တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များကြောင်းလည်းသိရှိရသည်။

       ထိုကဲ့သို့ ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင်  ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့်  အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့်ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးခရိုင်၊ သပြုကျေးရွာတွင် သတ္တုရည်ကျို ပုံလောင်းလုပ်ငန်းတွင်ကျယ်လျက်ရှိ

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သပြုကျေးရွာအတွင်း၌ သတ္တုရေကျို ပုံလောင်းလုပ်ငန်းများကို ဂျပန်ခေတ်ကျော်ကတည်းက လုပ်သားဦးရေ ထောင်နှင့်ချီ၍ စတင်ထုတ်လုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ သတ္တုကိုသန့်စင်၍ ထုတ်လုပ်ရာတွင် ဒယ်အိုးဆိုဒ်စုံ၊ မိုးဗြဲဒယ်၊ ပန်ကာဆိုဒ်စုံ၊ ငရုတ်စုံဆိုဒ်စုံ၊ လျှပ်စစ်မီးကလစ်၊ အသံချဲ့စက်ဟွန်း၊ အလှဆင်အိုး၊ ရေနွေးအိုးများ စသည်ဖြင့် ထုတ်လုပ်လျက်ရှိကြောင်းသိရပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းအား  စော်ဘွားကြီးကုန်း၊ တောင်ဒဂုံတို့မှ ဒါန်သတ္တုအကြမ်းတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ သန့်စင်ပြီးအချောတစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ ကုန်ကြမ်းဝယ်ယူရာတွင် ကား၊ ဆိုင်ကယ်အပိုပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ၊ ဒယ်နီထုတ်လုပ်သည့် နည်းပညာမြင့်ကုမ္ပဏီများနှင့် ပြိုင်ဆိုင်ဝယ်ယူရသောကြောင့် ကုန်ကြမ်းရရှိမှုအခက်အခဲရှိကြောင်းသိရှိရသည်။ စက်လှေပန်ကာများကို ထားဝယ်၊ ဘိတ်၊ တောင်ကြီးနှင့် နယ်စုံများသို့ ပို့ဆောင်ပြီး မိုးဗြဲဒယ်နှင့် အခြားပစ္စည်းများကို စစ်တွေ၊ မောင်းတောနယ်စပ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိကြောင်းသိရှိရပြီး ပဲခူးမြို့ဒေသထွက်ကုန်ပစ္စည်းအရောင်းစင်တာသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရသည်။  ထို့နောက် ပြုလုပ်ပြီးအိုးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိရောင်းချရကြောင်းသိရှိရသည်။

      သတ္တုရေကျို ပုံလောင်းလုပ်ငန်းကို သပြုကျေးရွာအတွင်း လုပ်ငန်းရှင်ပေါင်း ၆၀ကျော်လုပ်ကိုင်လျက်ရှိကြောင်းသိရပြီး အသေးစားမှ အကြီးစားလုပ်ငန်းရှင်အလိုက် လုပ်သားဦးရေ ၁၅ယောက်မှ အယောက် ၄၀ကျော်ထိအသုံးပြုကြကြောင်းသိရှိရသည်။ ထိုသို့ လုပ်ငန်းတွင်ကျယ်လာသည်နှင့်အမျှ နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ ရွာနီးပတ်ဝန်းကျင်ရွာများမှ လာရောက်လုပ်ကိုင်ကြသူများလည်းရှိကြပြီး သံရည်ကျို၍ ပုံလောင်းထုတ်လုပ်ရေးလုပ်ငန်းသည် လုပ်ငန်းတိုးချဲ့၍ အဆင့်မြင့်နည်းပညာများကိုအသုံးပြု၍ ထုတ်လုပ်ပါက လုပ်ငန်းရှင်အတွက်လည်း တွက်ခြေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ‌ဒေသတွင်းစီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်ထွက် ဖီးကြမ်းငှက်ပျောသီး ဈေးကောင်းရလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ်ဇလီတောကျေးရွာတွင် ဖီးကြမ်းငှက်ပျောကို အိမ်ခြံမြေများ၊ ယာမြေများတွင် တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။

         မယ်ဇလီတောကျေးရွာနေ တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် ဖီးကြမ်းငှက်ပျောမျိုးကို အပင်(၈၀၀)၊ (၀.၆)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကို ကျောင်းတော်ရာ၊ ပွင့်ဖြူမြို့မှဝယ်ယူကြောင်း၊ ငှက်ပျောမှာ နွေရာသီတွင် အထွက်နှုန်းကောင်းပြီး မိုးရာသီတွင် ပိုးကျတတ်၍ အထွက်နှုန်းလျော့ကျတတ်ကြောင်း၊ စိုက်ပျိုးပြီး(၁၀)လအကြာတွင် ခုတ်ယူနိုင်ကြောင်း၊ (၁)နှစ်စာကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်သိန်း (၅၀)ခန့်ရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၈၀ မှ ၁၀၀)ကျော်ရရှိကြောင်း၊ (၁)နှစ်လျှင် ပုံမှန် ငှက်ပျောခိုင်(၇၀၀ မှ ၈၀၀) ကြားထွက်ရှိကြောင်း၊ ယခု ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် ငှက်ပျောတစ်ခိုင်လျှင် ကျပ် (၂၀၀၀၀)၊ တစ်ဖီးလျှင် အလုံးအကြီး/ အသေးပေါ်မူ တည်၍ လက်လီဈေး ကျပ်(၃၅၀၀ - ၄၀၀၀- ၄၅၀၀) ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ၎င်းတို့ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ရောင်းချကြောင်း၊ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများရှိသော ကာလများတွင် ငှက်ပျောသီးရောင်းအားမှာ ပို၍ကောင်းကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်တွင် ပြောင်းစီး(အဖြူ)စိုက်ပျိုးမှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ်ဇလီတောကျေးရွာတွင် သကြားပြောင်းနှင့်ပြောင်းစီးကို တောင်သူ(၂၅)ဦးက စိုက်ဧက(၁၅)ဧကခန့်အား ၂၀၂၄ခုနှစ်၊ ဩဂုတ်လလယ်တွင် စတင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

          မယ်ဇလီတောကျေးရွာနေ တောင်သူ ဒေါ်စန်းဌေးက ၎င်းအနေဖြင့် ပြောင်းစီး(၀.၅)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ မျိုး(၂)ထုပ်ခန့်ကုန်ကျပြီး (၁)ထုပ်လျှင် ကျပ်(၅၀၀၀၀)ဖြင့် မင်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း (၆၇)ရက်အကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ ယခင်နှစ်တွင် ကျပ်(၁၅၀၀၀၀)ခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မျိုးဖိုး၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် အဖူးရေ(၂၀၀၀) နီးပါးထွက်ရှိပြီး တစ်ဖူးလျှင် ကျပ်(၃၀၀)ဈေးရရှိခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၄၅၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မန်းသံပုရာကန်ရေနံချက်စက်ရုံ (PIC) ဈေးတွင် ကိုယ်တိုင်သွားရောက်ရောင်းချကြောင်း၊ ပြောင်းသီးနှံမှာ စိုက်တောင်သူများအတွက် အကျိုးအမြတ်ဆတူရရှိသောသီးနှံဖြစ်၍ တိုးချဲ့စိုက်ပျိုးသင့်သောသီးနှံပင်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာတွင် သပြေပန်းစိုက်ပျိုးခြင်းဖြင့် တောင်သူများ အဆင်ပြေလျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာရှိ တောင်သူများသည် သပြေပန်းကို မိမိအိမ်ခြံဝန်းနှင့် ဥယျာဉ်ခြံမြေ၊ ယာမြေများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရသည်။

         မယ်ဇလီတောကျေးရွာနေ တောင်သူ ဒေါ်စန်းဌေးက ၎င်းအနေဖြင့် သပြေပန်းကို  ကိုင်းကူးမျိုးတစ်ပင်လျှင် ကျပ်(၃၀၀)ဖြင့် မန္တလေးမြို့မှဝယ်ယူ၍ စိုက်ဧက (၀.၅)ဧကပေါ်တွင် အပင်ရေ (၄၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ ကိုင်းကူးမျိုးဖြစ်သည့်အတွက် စိုက်ပျိုးပြီး (၅)လအကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ သပြေပန်းမှာ ရာသီမရွေးခူးဆွတ်နိုင်သောပန်းဖြစ်သော်လည်း မိုးရာသီနှင့်နွေရာသီတွင် သပြေပန်းအခက်များလှိုင်လှိုင်ပွင့်တက်ပြီး ဆောင်းရာသီတွင် ပိုးကျတက်သောကြောင့် အထွက်နှုန်းနည်းပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၀.၅)ဧကအတွက် မျိုးဖိုး၊ ရေသွင်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ထွက်ရှိသည့်သပြေပန်းများကို ကျပ်(၃၀၀-၅၀၀-၁၀၀၀)အစည်းများစည်း၍ မန်းသံပုရာကန်ရေနံချက်စက်ရုံ (PIC) ဈေးတွင် ကိုယ်တိုင်သွားရောက်၍ ရောင်းချကြောင်း၊  ဝင်ငွေအားဖြင့် နေ့စဉ် ကျပ်(၁၅၀၀၀)ခန့်ရရှိကြောင်း၊ သပြေပန်းမှာ နှစ်ရှည်ပင်ဖြစ်သောကြောင့် စိုက်ပျိုးထွက်ရှိချိန်မှစပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိသောအပင်ဖြစ်၍ မိသားစုအပိုဝင်ငွေကို တစ်ဖက်တစ်လမ်းမှရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာ၌ ဘူးပင်စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဘူးပင်စိုက်ဧက ၃ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

         မျိုးအနေဖြင့် ဘူးလည်လှ၊ ဘူးရှည်မျိုးများကိုစိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့(၁၀၀)ဂရမ်ထုပ် (၁၈)ထုပ်ခန့်ကုန်ကျကြောင်း၊ ဇွန်လလယ်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ ပထမပတ်တွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် မြေဩဇာ၊ မြေဆွေးများကိုရောမွှေကာ စိုက်ပေါင်ပြုလုပ်ကာ ကျင်းတစ်ကျင်းနှင့်တစ်ကျင်းအကြား တစ်ပေခွဲအကွာခြား၍ ကျင်းတွင် အစေ့ထည့်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ်၁၃၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ဘူးသီးလုံး (၅၀၀၀-၆၀၀၀) ထွက်ရှိပြီး ငွေကျပ်၁၂၀၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။

         ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် လက်ကားဈေး ဘူးသီးတစ်လုံးလျှင် (၅၀၀-၁၀၀၀) ကျပ်ဖြင့် မကွေးမြို့ပေါ်ရှိ ကုန်စိမ်းရောင်းချသည့်ဈေးသည်များမှာ စိုက်ခင်းထိလာရောက်ဝယ်ယူကြကြောင်း၊ ဘူးပင်စိုက်ပျိုးခြင်းဖြင့် ဘူးသီးများသာမက ဘူးညွန့်များလည်းရောင်းချရသောကြောင့် အကျိုးအမြတ်များရရှိကာ တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

စလင်းမြို့နယ်၊ ငလင်ပန်း‌ကျေးရွာ၌ ချဉ်ပေါင်ရွက်စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

        မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ချဉ်ပေါင်ကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပြီး ၄ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

         ချဉ်ပေါင်မျိုးအနေဖြင့် အဖြူ၊ အနီမျိုးကိုစိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့(၁.၅)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုထွန်ယက်ပြုပြင်ကာ ထွန်းကြောင်းဆွဲ၍ မျိုးစေ့ကို ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊  ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလ ပထမပတ်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်၃၅၀၀၀၀ကုန်ကြကြောင်း၊ အထွက်နှုန်းပိဿာလျှင် (၈၀၀-၉၀၀) ခန့်ထွက်ရှိပြီး  ငွေကျပ်၈၅၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်တွင် လက်ကားဈေး ချဉ်ပေါင်ရွက်တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀-၁၈၀၀) ဖြင့် မကွေးမြို့နှင့် မင်းဘူးမြို့သို့တင်ပို့ကြောင်း၊ မိုးရွာသွန်းမှုများပြားသော်လည်း အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရသောကြောင့် စိုက်ပျိုးရောင်းချသူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း