ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုအား အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် (၁၂၇၈၉၃)ဧကလျာထားစိုက်ပျိုးခဲ့ပြီး မိုးရာသီလှိုင်းမြစ်ရေမြင့်တက်ခြင်းကြောင့် စိုက်ဧကခြောက်သောင်းကျော် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ ဧကငါးသောင်းကျော်ပျက်စီးမှုဖြစ်ခဲ့သည့်အတွက် ပြန်လည်စိုက်ပျိုးခဲ့ရာ စက်တင်ဘာလ ဒုတိယပတ်အထိ ဧကသုံးသောင်းခွဲခန့်စိုက်ပျိုးပြီးစီးခဲ့ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက မိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့ထားပြီး စိုက်ပျိုးရန်ကျန်ရှိသောဧကများအား အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့တွင် ရောင်းချနေသော ပဲ အမျိုးမျိုး ဈေးနှုန်း ဈေးကွက်

     မအူပင်မြို့နယ်တွင် ပဲအမျိုးမျိုးရောင်းချနေပြီး အခြေခံစားသောက်ကုန် မွန်းလိုက် လက်လီ/ လက်ကားအရောင်းဆိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိသည်။ ရောင်းချနေသော ပဲမျိုးစုံများတွင် ကုလားပဲ၊ ပဲငုံကြား၊ ဘိုကိတ်အနက်၊ ဘိုကိတ်အဖြူ၊ ပဲနီပြား၊ မြေပဲ၊ စတော်ပဲ၊ ပဲထောပတ် တို့ဖြစ်ပြီး  ထိုပဲအမျိုးမျိုးတွင် ပဲနီပြား၊ မြေပဲ နှင့် ပဲထောပတ် ကဈေး အမြင့်ဆုံးဖြစ်သည်။

    ပဲဈေးနှုန်းများမှာ ကုလားပဲဆံ ၁ပိဿာ ၇၄၀၀ကျပ်၊ ပဲငုံကြား ၁ပြည် ၇၆၀၀ကျပ်၊ ဘိုကိတ်နက် ၁ပြည် ၇၉၀၀ကျပ်၊ ဘိုကိတ်ဖြူ ၁ပြည် ၇၅၀၀ကျပ်၊ ပဲနီပြား ၁ပြည် ၁၂၀၀၀ကျပ်၊ မြေပဲဆံ ၁ပိဿာ ၁၂၀၀၀ကျပ်၊ စတော်ပဲ ၁ပြည် ၉၅၀၀ကျပ်၊ ပဲထောပတ်ပြား ၁ပြည် ၁၂၀၀၀ ရှိကြောင်း သိရသည်။ ယခုအပတ် ပဲဈေးနှုန်းအနည်းငယ် တည်ငြိမ်နေပြီး ပဲများပြတ်လပ်မှု မရှိသော်လည်း မိုးတွင်းကာလတွင် ပဲအဟောင်းများကိုသာ ရောင်းချရ၍ အရောင်းအဝယ်ပါး ကြောင်း၊ နတ်တော်-ပြာသိုလ ပဲပေါ်ချိန်တွင် ဈေးကောင်းပြီး ရောင်းအားပိုမိုကောင်းမွန်ကြောင်း၊ ယခုအချိန် ပုံမှန်ပဲပြုတ်ရောင်းချသူများရှိသောကြောင့် တစ်နေ့ စားတော်ပဲ (၁)အိတ် ရောင်းချရပြီး ဈေးနှုန်းအနေဖြင့် ၂၂၅၆၀၀ကျပ် ဖြစ်သည်။ ပဲအမျိုးမျိုးကို ရန်ကုန် ဘုရင့်နောင်မှ မှာယူရောင်းချပြီး၊ ပဲစိုက်ပျိုးသီးနှံပေါ်ချိန်တွင် ဈေးကောင်း၍ ရောင်းအား ပိုမိုကောင်းမွန်ကြောင်း မွန်းလိုက် မိုးသီးဆိုင်ရှင် ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်ဒေသထွက် သင်ဖြူးဖျာဈေးနှုန်း ဈေးကွက်နှင့် ရောင်းချတင်ပို့မှု အခြေအနေ

    ပန်းတနော်မြို့နယ်သည်  မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော စပါး၊ ပဲ၊ ပြောင်းကို အဓိကထားစိုက်ပျိုးပြီး ဟင်းသီးဟင်းရွက်နှင့် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များ၊ အစားအသောက်ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသောမြို့ဖြစ်သည်။ပန်းတနော်မြို့နယ်ရှိ  မြစ်မွေးမြူရေးလုပ်ငန်းသည် ရန်ကုန်ဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်သို့တင်ပို့ ရောင်းချလျက်ရှိပြီး  နိုင်ငံခြားဈေးကွက်ရရှိရေးအတွက် အလားအလာကောင်းများကို ရရှိပြီးဖြစ်သည်။ စပါး၊ ဆန်နှင့် မွေးမြူရေးထုတ်ကုန်များရှိရုံသာမက သင်ဖြူးဖျာလုပ်ငန်းကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချနေမှုကို ပန်းတနော်မြို့နယ်တွင် မြင်တွေ့ရသည်။

     ပန်းတနော် ယူကေစိန် ဖျာလုပ်ငန်းတွင် ပိုင်ရှင် ဦးသိန်းဇော်၊ ဒေါ်ဝေမြင့်ဖြစ်ပြီး သင်ဖျာရောင်းဝယ်မှုလုပ်ငန်းကို ၂၀၀၅ခုနှစ်က စတင်ခဲ့ပြီး ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးတွင် ရောင်းချလျက်ရှိသည်။ လုပ်ငန်းတွင် လုပ်သားအင်အား ၂၀ဦးရှိပြီး ဖျာအမျိုးမျိုးကို ယက်လုပ်ကာ တစ်နေ့ ထုတ်လုပ်နိုင်မှု ၁၅၀ချပ် ထွက်ရှိသည်။ ရောင်းချနေသော အမျိုးအစားအလိုက် ဈေးနှုန်းအနေဖြင့် ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ၅၀၀၀ ကျပ်၊ ၂ပေပတ်လည်ဖျာ ၁၆၀၀၀ကျပ်၊ ၁၈လက်မ ပတ်လည်ဖျာ ၂၀၀၀၀ကျပ်၊ ၆ပေ ၃ပေ တစ်ဖက်ချောဖျာ ၄၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ နှစ်ဖက်ချောဖျာ ၅၀၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ တစ်ဖက်ချောဖျာ ၆၀၀၀၀ ကျပ်၊ ၅ပေ ၄လက်မ ၂ပေဖျာ ၁၁၀၀၀ကျပ်၊  ၅ပေ ၄လက်မ ၄ပေ ၂လက်မ ဖျာ ၂၈၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၉လက်မ ဖျာ ၄၀၀၀၀ ကျပ်၊ ၆ပေ ၂ပေ ၁၀လက်မ ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၃၅၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ ၆၃၀၀၀ ကျပ်၊ ၆ပေ ၄ပေ (ခါးဆက်)ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၄ပေ ၄လက်မဖျာ ၃၅၀၀၀ ကျပ်ရောင်းချနေသည်။ယခင်နှစ် ဈေးထက် ၂၀၀၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်တွင် ဆိုင်ခွဲ ၂ဆိုင်ရှိပြီး တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ညောင်လေးပင်၊ ထားဝယ်နှင့် ဘိတ်ဒေသများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံ ဈေးနှုန်းဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၄၃၀၀၀)၊  နှမ်းနီ ကျပ်(၁၂၅၀၀၀)၊ နှမ်းနက်စမုန် ကျပ်(၂၂၀၀၀၀)၊ နှမ်းညို ကျပ်(၁၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ထက် နှမ်းဖြူ ကျပ်(၃၀၀၀)၊ နှမ်းနီ ကျပ်(၁၀၀၀၀)၊ နှမ်းညို ကျပ်(၁၅၀၀၀) ဈေးနှုန်းကျဆင်းခဲ့ပါသည်။ တစ်ပတ်အတွင်း နှမ်းဖြူ အိတ်ရေ(၁၄၀၀၀)၊ နှမ်းနီ အိတ်ရေ(၄၀၀၀)၊ နှမ်းနက်စမုန် အိတ်ရေ(၃၀၀၀)၊ နှမ်းညို အိတ်ရေ(၂၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  မကွေးကုန်စည်ဒိုင်တွင် နှမ်းမှာ အရောင်းအဝယ်အများဆုံးဖြစ်နေပြီး  မန္တလေးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရသည်။

      ပဲမျိုးစုံအနေဖြင့် ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)၊ ကုလားပဲ(HL) ကျပ်(၉၅၀၀၀)၊ ပဲကြီးဖြူ(လတ်) ကျပ်(၈၀၀၀၀)၊ ပဲကြီးဖြူ (သေး) ကျပ်(၇၈၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) ကျပ်(၈၅၀၀၀)၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၆၀၀၀၀)၊ မတ်ပဲ ကျပ်(၁၃၀၀၀၀)၊ စားတော်ပဲ ကျပ်(၁၄၀၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၄၀၀-၈၈၀၀)၊ လုံးဆံဖြူ ကျပ် (၈၅၀၀-၈၇၀၀)၊ မြေပဲဆံ(အောက်ကျ) ကျပ်(၆၅၀၀-၆၈၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ယခင်တစ်ပတ်ထက် ကုလားပဲ(HL)ကျပ်(၃၀၀၀)ဈေးကျခဲ့ပြီး မတ်ပဲ ကျပ်(၅၀၀၀)၊ စားတော်ပဲ ကျပ်(၁၂၅၀၀)ဈေးတက်ခဲ့ကြောင်း၊ ကျန်ပဲဈေးနှုန်းများ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ တစ်ပတ်အတွင်း ကုလားပဲ(929) (HL) အိတ်ရေ(၂၀၀၀)၊ ပဲကြီးဖြူ အိတ်ရေ(၄၀၀)၊ မတ်ပဲ အိတ်ရေ(၄၀၀)၊ စားတော်ပဲ အိတ်ရေ(၄၀၀)၊ ပဲစဉ်းငုံ အိတ်ရေ(၁၀၀)၊ မြေပဲလုံးဆံ အိတ်ရေ (၄၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲ၊ ပဲကြီးနှင့် မြေပဲအများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးဈေးနှုန်းများ ကျဆင်းလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်း သိရသည်။

    ဇေယျာသီရိဈေးအတွင်း ယခုအချိန်တွင် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ ခရမ်းချဉ်သီးများ  အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၎င်းဒေသများရှိ ခရမ်းချဉ်သီးစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိလျက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၁၈၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဩဂုတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်လျှင် ကျပ်(၃၀၀ မှ ၅၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် ခွန်အားသစ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ မိုးကောင်ကင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ရွှေပြည့်စုံ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၁၉၀၀၀ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ ပထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဈေးနှုန်းများအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။

         စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ (50)kg တစ်အိတ်လျှင်(၁၈၅၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၃၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင် (၃၆၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခုအပတ်တွင်း ဓာတ်မြေဩဇာဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း  ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းအခြေအနေ

      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်းသိရသည်။

    ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ်၇၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ်၃၀၀၀ဖြင့်လည်းကောင်း၊ ကွမ်း ရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများနှင့်နှိုင်ယှဉ်ပါက ယခုပတ်အတွင်း ကွမ်းဝင်ရောက်မှုများပြားသဖြင့် ကွမ်းဈေးနှုန်းများကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ ခရမ်းကျွတ်စိုက် တောင်သူများ အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ငလင်ပန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းကျွတ်သီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ဧက(၁၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

    မျိုးအနေဖြင့် နှင်းဆီတံဆိပ် ခရမ်းကျွတ်မျိုးစေ့ တစ်ထုပ်လျှင် ကျပ်(၂၅၀၀၀)ဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၂)ထုပ်ခန့် ကုန်ကျပြီး စိုက်ပျိုးရာတွင် မျိုးစေ့ကို ပထမဦးစွာ ပျိုးထောင်ရပြီး ရက်(၃၀)သားအရွယ်တွင် ဘောင်တန်းစီ၍ အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး  စက်တင်ဘာလဆန်းတွင်  လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ကျပ်(၂၀၀၀၀၀၀)ကုန်ကျကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၂၀၀၀)ခန့် ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့် သိန်း(၃၀)ခန့်ရရှိကြောင်း၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် လက်ကားဈေး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများမှ စိုက်ခင်းအရောက် လာဝယ်ယူကြကြောင်း၊ ယခင်နှစ်ကထက် ယခုနှစ်တွင်ဈေးပိုမိုရရှိသောကြောင့် တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ရွှေဘိုပဲတီစိမ်းဈေး အကျဘက်သို့ ဦးတည်နေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

        ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၇၆၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲတီစိမ်းတစ်မျိုးတည်းသာဝင်ရောက်မှုရှိပြီး အခြားသီးနှံများဝင်ရောက်မှုမရှိကြောင်း၊ ပဲတီစိမ်းဈေးအနည်းငယ်ကျဆင်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း