ပြည်မြို့၏ဈေးကောင်းရနေတဲ့ သင်္ဘောသီးအစိမ်းဈေးကွက်

Powered by Drupal

   သင်္ဘောပင်သည် နေရာဒေသမရွေး ပေါက်ရောက်ရှင်သန်နိုင်သော အပင်မျိုးဖြစ်ပါသည်။ သင်္ဘောသီးသည် လူတို့၏ ကျန်းမာအသက်ရေးအတွက် အဖိုးတန်သောအသီး၊ အာဟာရဓါတ်အလွန် များပြားသော အသီးအဖြစ်ကျော်ကြားလှပါသည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်သက်တမ်း ခုနစ်လ မှစ၍ အသီးစတင်ခူးဆွတ်လေ့ရှိကြောင်း၊ သင်္ဘောပင်၏ သက်တမ်းကို နှစ်နှစ်သား အထိထားလေ့ရှိပြီး သင်္ဘောပင်ကို စီးပွားဖြစ် အများဆုံးစိုက်ပျိုး ကြပါသည်။  သင်္ဘောပင်မျိုးတွင် မြန်မာမျိုးနှင့် ထိုင်ဝမ် မျိုးဟု၍ နှစ်မျိုးရှိပါသည်။ ယခုအခါ ထိုင်ဝမ်သင်္ဘောသီးကို စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ သင်္ဘောသီးအစိမ်းအလုံး အချော၊ အသေးပေါ်မူတည်ပြီး အချောအလုံးကြီးတစ်လုံးလျှင် ကျပ် (၁၅၀၀ -  ၂၀၀၀)၊ သင်္ဘောသီးအလတ်တစ်လုံးလျှင် ကျပ် (၁၀၀၀ - ၁၅၀၀)၊ သင်္ဘောသီးအသေးတစ်လုံးလျှင် (၅၀၀ - ၈၀၀) အထိရှိပြီး သင်္ဘောသီးအစိမ်းကို စားသုံးသူများက သရေစာအဖြစ်ထောင်း၍လည်းကောင်း၊ သုပ်၍လည်းကောင်း မျိုးစုံပြုလုပ် စားသုံးကြပါသည်။ ပြည်မြို့ရှိ အသုပ်ဆိုင်များ၊ ရခိုင်အစားအသောက် ရောင်းချသည့်ဆိုင်များ တွင်လည်းကောင်း၊ အချို့စားသောက်ဆိုင်များတွင် ယိုးဒယားသင်္ဘောသီးထောင်း အဖြစ် တွင်တွင်ကျယ်ကျယ်ရောင်းချကြပြီး အရောင်းအဝယ်ကောင်းသည့်အတွက် ပြည်မြို့တွင် သင်္ဘောသီးအစိမ်းမှာ ဈေးကောင်းရပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)