ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်ခရိုင်တွင် မန်ကျည်းသီးမှည့် ဈေးကွက်အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်း မန်ကျည်းပင်များ သဘာဝအလျောက် ပေါက်ရောက် မှုများရှိပြီး ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ စုဆောင်းရောင်းချလျက်ရှိကြောင်း သိရသည်။ မန်ကျည်းသီးမှည့်ကို အစေ့ပါနှင့် အစေ့လွတ်ဟူ၍ နှစ်မျိုးခွဲခြားထားရာ အစေ့လွတ်မန်ကျည်းမှည့်များက ဈေးကွက်တွင် ပိုမိုဝယ်လိုအားရှိကြောင်း၊ အကြောင်းမှာ အစေ့ထုတ်ပြီး အဆင်သင့်သုံးစွဲနိုင်ခြင်း၊ အကြောသင်ခြင်း၊ ချက်ပြုတ်ရာတွင် အဆင်ပြေခြင်းတို့ကြောင့် ဖြစ်သည်။

   ပုသိမ်ခရိုင်အတွင်း မန်ကျည်းသီးမှည့်ကို အဓိကအားဖြင့် ဒေသခံအကြော်ဆိုင်များ၊ အဖျော် ယမကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်တွင်းအသုံးပြုသူများက ဝယ်ယူလျက်ရှိသည်။ ဧပြီလ ဒုတိယပတ်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀၊ (၅၀)ကျပ်သားလျှင် ကျပ် ၅,၀၀၀၊ အစေ့ပါမန်ကျည်းသီးမှည့်မှာ တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၅,၀၀၀ အထိ ရောင်းချနေကြောင်း ဒေသခံရောင်းချသူများထံမှ သိရသည်။

    ဈေးနှုန်းကွာခြားရခြင်းမှာ အစေ့လွတ်မန်ကျည်းမှည့်အား လူကြိုက်များပြီး လုပ်အားပိုမို လိုအပ်သောကြောင့် ဖြစ်သည်။ ထို့အပြင် မန်ကျည်းသီးမှည့်ကို ဒေသအတွင်း စားသောက်ကုန်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး ပြည်ပသို့တင်ပို့မှုအနည်းငယ်ရှိကြောင်း ကုန်သည်များက ဖြည့်စွက် ပြောကြားသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် နေကြာသီးနှံဈေးနှုန်း ပြောင်းလဲမှုများရှိ

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးများ စိုက်ပျိုးရောင်းချမှုများ ရှိနေပြီး၊ မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။ ဆောင်းရာသီတွင် အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးကာ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းလေ့ရှိပြီး၊ ဒေသအတွင်း ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြစသည့် မြို့များရှိ ကုန်စည်ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

   နေကြာစိုက်ပျိုးရာတွင် ဒေသအလိုက် မျိုးစေ့ရွေးချယ်မှုနှင့် စိုက်ပျိုးနည်းစနစ်ကွဲပြားမှုကြောင့် အထွက်နှုန်းလည်း ကွာခြားကြောင်း သိရသည်။ ဈေးနှုန်းအရ ဧပြီလစတုတ္ထပတ်အတွင်း နေကြာ (၁) တင်းလျှင် ကျပ် ၅၇,ဝဝဝ ဖြင့် ရောင်းချခဲ့ရာမှ မေလပထပတ်တွင် ကျပ် ၅၅,ဝဝဝ အထိ ကျဆင်း သွားကာ တစ်တင်းချင်းလျှင် ကျပ် ၁,ဝဝဝ ခန့် လျော့နည်းလာကြောင်း ဒေသခံ ကုန်သည်များက ပြောကြားသည်။

    ထိုသို့ ဈေးနှုန်းအတက်အကျရှိရာတွင် ပြည်တွင်းဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်နှင့် ရာသီဥတုအခြေအနေတို့က အဓိကလွှမ်းမိုးနေသည်ဟု ဆိုသည်။ နေကြာဆီနှင့် စားသုံးကုန် လုပ်ငန်းများအတွက် ဒေသအတွင်း ဝယ်လိုအားမြင့်မားမှုကြောင့် စိုက်ပျိုးသူများ အနေဖြင့် ဈေးကွက် အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းရှိထန်းလျက်၊ ပေါက်ပေါက်လုံး၊ ကရေရာ၊သကြား၊ ကြံသကာဈေးနှုန်းများ

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ မြို့မဈေးထဲတွင် ရောင်းချနေသော ထန်းညက်ဈေးနှုန်းမှာ ရေစကြိုထန်းလျက် (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ သကြားထန်းလျက် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ထန်းလျက်အချွန် (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဇီးထန်းလျက် (သကြား) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မုန့်လုပ် ထန်းလျက်(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဇီးထန်းလျက်(ရိုးရိုး) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အုန်းထန်းလျက် (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပေါက်ပေါက်လုံး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကရေကရာ (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ် ကြံသကာ တစ်ပိဿာ (၁၀၀၀၀)ကျပ်နှုန်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၏ သား၊ငါးဈေးနှုန်းနှင့် အခြေခံကုန်ဈေးနှုန်းများ

     ပေါင်းတည်မြို့ရှိရွေတည်ဈေးနှင့် မြို့မဈေးတွင် ယခု ဧပြီလ ပထမအပတ်အတွင်းရောင်းချနေ   သော သား၊ ငါးဈေးနှုန်းနှင့် အခြေခံကုန်းဈေးနှုန်းများမှာ CPကြက် တစ်ပိဿာ (၂၃၀၀၀)ကျပ်၊ ဗမာ   ကြက်တစ်ပိဿာ (၂၆၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာ (၂၃၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၃၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်ကြီး တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ငါးခူတစ်ပိဿာ (၂၃၀၀၀)ကျပ်၊ အခြေခံစားကုန်များဖြစ်သော ကြက်သွန်နီ ထိပ်စ တစ်ပိဿာ (၃၀၀၀)ကျပ်၊ အသေးတစ်ပိဿာ   (၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိဿာ (၃၅၀၀၀)ကျပ်၊ အာလူးအကြီး တစ်ပိဿာ (၈၀၀၀)ကျပ်၊ အာလူးအသေး တစ်ပိဿာ (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်းစုံစမ်းသိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်ရှိကြက်ဥဈေးနှုန်း

     နတ်တလင်းမြို့နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံး တင်သွင်းကြပြီး  ယခင် မတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးတစ်လုံးလျှင်  (၅၅၀)ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် (၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံး လျှင် (၄၅၀)ကျပ် ၊ ဥလတ် (၄၃၀)ကျပ်၊ ဥသေး (၄၀၀)ကျပ်ရှိကြောင်းသိရှိရပြီး ဧပြီလ ပထမအပတ်တွင် ယခင်ဈေးနှုန်း များအတိုင်း အရောင်းအဝယ် ပြုလုပ်နေပါကြောင်းနှင့် ဈေးနှုန်းအပြောင်းအလဲမရှိပဲ ဈေးနှုန်းတည် ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော ရာသီစာဂွေးတောက်ရွက်ဈေးနှုန်း

          မြင်းခြံမြို့ပေါ်ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ် ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ပေါ်ဦးပေါ်ဖျားဂွေးတောက်ရွက်ကို ကြက်ဉဖြင့်ရောကြော်၍လည်းကောင်း၊ ကြက်သားဖြင့် ဟင်းရည်ချက်၍လည်းကောင်း ၊ ငါးပိရည် ငံပြာရည်ချက်တို့နှင့် အတို့အမြှပ်ဖြင့်လည်းကောင်း၊ ဘယာကြော်နှင့်ရောနှောချက်ပြုတ်၍လည်းကောင်းစားသုံးကြရာ လွန်စွာမှ ထမင်းမြိန်စေပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အေးမြသီတာဈေးတွငရောင်းချနေသည့် ဂွေးတောက်ရွက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် သမုန်းကိုင်း၊ ပျော်ဘွယ်၊ စံပြကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ပဲပင်ပေါက် ဈေးနှုန်းဈေးကွက်

        ပဲပင်ပေါက်သည်ရာသီမရွေးရောင်းချသော ဟင်းသီးဟင်းရွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲတီစိမ်းကို ပဲတီအပင်ဖောက်၍ ရောင်းချရာ အပင်ဖောက်ရာတွင်လည်း အသစ်ပေါ်သော အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာ ရွေးဝယ်ပြီး ပဲတီပင်ဖောက်ကြ ကြောင်းသိရှိ ရပါသည်။ပဲပင်ပေါက်ကို ကန်စွန်းရွက်နှင့် ရောကြော်စားခြင်း၊ ပဲပင်ပေါက်အချဉ်သိပ်၍ ပဲပင် ချဉ်ပြုလုပ်၍လည်းကောင်း၊ ပဲပင်ပေါက်ကို ဟင်းရည်အမျိုးမျိုးတွင် ထည့်၍ စားသောက်ခြင်းဖြင့်လည်းကောင်း၊ အသုပ်စုံတွင်ထည့်၍လည်းကောင်း စားသုံးများပြားသည့် အသီးအနှံဖြစ်ပါသည်။  မြင်းခြံမြို့ အေးမြသီတာဈေး၊ စံပြဈေးတို့တွင် ပဲပင်ပေါက်ဈေးနှုန်းမှာ (၂၅)ကျပ်သား (၇၀၀)ကျပ်ရှိပြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

မြန်အောင်ခရိုင်တွင် နွေစပါးများ စတင်ထွက်ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နွေစပါးစိုက်ပျိုးမှုမှာ    မြန်အောင်မြို့နယ်တွင် ၁၀၁၇၈ ဧက၊ ကြံခင်းမြို့နယ်တွင် ၂၄၄၆ ဧက၊ အင်္ဂပူမြို့ နယ်တွင် ၂၆၂၈၆ ဧကနှင့် စုစုပေါင်း ၃၈၉၁၀ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထက် ၁၅၅၆ ဧကပိုမိုစိုက်ပျိုး ခဲ့ပါသည်။ မြန်အောင်ခရိုင်မှ နွေစပါးစိုက် တောင်သူများအနေဖြင့် နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည် တို့မှ ဆည်ရေရရှိပြီး အောင်ရေအတွက် လိုအပ်ပါက စက်ရေတွင်းဖြင့် ရေတင်စိုက်ပျိုး ကြပါသည်။  ပခန်း၊ ဒဂုံသွယ်၊ GW 11 ၊ ရက် ၉၀ ၊ ဆာဖိုးသာ နှင့် နှံကောက်စပါးမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။

    ဧပြီလ တတိယသီတင်းပတ်တွင် စတင်ရိတ်သိမ်းကြပြီး တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၂၀ မှ ၁၅၀ ကြားထွက်ရှိသည့်အတွက် နွေစပါးစိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိပါသည်။ အစို ဓာတ် ၂၃ ရာနှုန်းဝန်းကျင်ရှိ နွေစပါး ၅၁ ပေါင် တင်း (၁၀၀)လျှင် ကွင်းအထိုင်ဈေး ၁၁သိန်း ကျပ်ခန့်ရှိပြီး ၊ ဆန်စက်အရောက်ဈေးမှာ ၁၂ သိန်းကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ကာလတူ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါး တင်း(၁၀၀) ပေါက်ဈေး ၁၆ သိန်း ကျပ် နှင့် နှိုင်းယှဉ်ပါက ကျပ် ၄သိန်းခန့် လျော့နည်းလျက်ရှိပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နွေစပါး စိုက်ပျိုးခြင်းအတွက် မျိုး၊ထွန်ယက်ခ၊ စိုက်ခ၊ သွင်းအားစု၊ ရေတင်ခ၊ ရိတ်ခြွေခ အပါအဝင် တစ်ဧက စုစုပေါင်း ကုန်ကျ စရိတ်မှာ ကျပ်ရှစ်သိန်းခွဲ ခန့်ရှိပါသည်။ တစ်ဧက ပျမ်းမျှ ထွက်နှုန်း တင်း ၁၂၀ ကို စက်အရောက် စပါးတင်း (၁၀၀)ဈေး ၁၂သိန်းကျပ်နှင့်တွက်ပါက ၁၄သိန်း ၄သောင်းကျပ်ခန့်ရရှိသည့် အတွက် ကုန်ကျစရိတ်နှုတ်ပြီး တစ်ဧကလျှင် ၅သိန်း၉သောင်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိ ပါသည်။

နွေစပါးသည် လိုအပ်သော ရေ Level ကို ထိန်းညှိနိုင်ခြင်း၊ သွင်းအားစုကို စနစ်တကျ ထည့် သွင်းခြင်း၊ နေရောင်ခြည်လုံလောက်စွာရရှိခြင်းတို့ကြောင့် တစ်ဧက တင်း (၁၀၀) ကျော်ထွက်ရှိနိုင် သည့်အတွက် တောင်သူတို့ တွက်ချေကိုက် အကျိုးရှိသော စိုက်ပျိုးမှုဖြစ်ကြောင်းလည်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

 

                                               

မြင်းခြံမြို့ရဲ့ ပဲသီးတောင့်ရှည်ဈေးနှုန်း

          မြင်းခြံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တောင်သူများသည် မိမိတို့ အိမ်ခြံဝန်းအတွင်းသော်လည်းကောင်း၊ ယာမြေများ၌ အဓိကစိုက်ပျိုးသည့်ရာသီ သီးနှံအပြင် မြေနေရာလွတ်များတွင်ဖြစ်စေ၊ လယ်ယာမြေကန်သင်ရိုးများတွင်ဖြစ်စေ အပိုဝင်ငွေရရှိနိုင်သည့် သီးပင်စားပင်များကိုလည်းစိုက်ပျိုးကြရာ စားဖိုဆောင်သီးနှံဖြစ်သော ပဲသီးတောင့်ရှည်ကိုလည်း တိုင်ထောင်၍ အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။ တိုင်ထောင်၍ စိုက်ပျိုးရသော ပဲသီး တောင့်ရှည်မှာ ဆောင်းရာသီဖြစ်သော ဇန္နဝါရီလတွင် စတင်ခူးဆွတ်ရောင်းချရကြောင်း ၊ မြင်းခြံမြို့ ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့်စံပြဈေးတို့တွင် စိုက်ပျိုးသူများမှ ကိုယ်တိုင် ဖြစ်စေ  ဖောက်သည်ပေး၍ဖြစ်စေ နှစ်စဉ်စိုက်ပျိုးရောင်းချကြကြောင်း သိရသည်။

          ပဲသီးတောင့်ရှည်မှာ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ကြော်စားချက်စား၍သော်လည်း ကောင်း၊ သုပ်စား၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးကြပြီး လူအများကြိုက်နှစ်သက် သော သီးနှံတစ်မျိုးဖြစ်ပါသည်။ နံနက်ခင်းအစောပိုင်းတွင် ကျေးရွာသူကျေးရွာသားများက ဆိုင်ကယ်များဖြင့် တနိုင်တပိုင်တင်ကာ မြင်းခြံမြို့ပေါ်ရှိ ဈေးများသို့လာရောက်ပို့ဆောင်ရောင်းချ ကြောင်း ၊ ဧပြီလနောက်ဆုံးအပတ်တွင် ပဲသီးတောင့်ရှည်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ( ၄၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ဟင်္သာတ ကုန်စည်ဒိုင်တွင် ဆောင်သီးနှံအစေ့ထုတ်ပြောင်း ဈေးကွက်ဝင်ရောက်

   ဟင်္သာတခရိုင်တွင်အစေ့ထုတ်ပြောင်းကို  ဆောင်းသီးနှံအဖြစ်စိုက်ပျိုးပြီး မြေနုကျွန်းများ၊ သဲဆန်သော ကိုင်းမြေများ၊ မြစ်ကမ်းပါးများတွင်စိုက်ပျိုးကြပါသည်။ ယခု ၂၀၂၄ -၂၀၂၅  ခုနှစ် တွင် ဟင်္သာတ ခရိုင်၌ အစေ့ထုတ်ပြောင်းစိုက်ဧက ၁၅၃၈၃ ဧက စိုက်ပျိုးပြီး ယခင်နှစ်ကထက် ဧက သုံးထောင်ကျော် လျော့နည်း စိုက်ပျိုးခဲ့ပါသည်။

    ဟင်္သာတခရိုင်၏ အစေ့ထုတ်ပြောင်းပေါ်ချိန် ဧပြီလဆန်းသည် နွေရာသီဖြစ်သဖြင့် အခြောက်ခံ စက် မလိုပဲ တစ်နေပြရုံဖြင့် အစိုဓာတ် ၁၅ ရာနှုန်းကို ရရှိပြီး အရောင်လှ၍ အရည်အသွေးကောင်း သဖြင့် ဝယ်ယူသူကြိုက်သော ပြောင်းစိုက်ဒေသလည်းဖြစ်ပါသည်။ ယခု ၂၀၂၅ ခုနှစ် အစေ့ထုတ် ပြောင်းပေါ်ချိန် ဧပြီလဆန်းတွင် တစ်တင်းလျှင် ဟင်္သာတအထိုင်ဈေး ၃၃၀၀၀ ကျပ်ဈေးပေါက်ခဲ့ပြီး ယခင်နှစ်ကာလတူ ဈေးနှုန်းထက်  ၁၃၀၀၀ ကျပ်မြင့်တက်ပြီး ဈေးပိုရလျက် ရှိပါသည်။

     ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်းတစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ မျိုးစေ့၊ မြေပြင်၊ ရေတင်၊ ပေါင်းလိုက်၊ သွင်းအားစု၊ ရိတ်ချွေအတွက် ကျပ်သိန်း၂၀ ခန့် ရှိပြီး ထွက်နှုန်းမှာ တစ်ဧက တင်း ၁၀၀ ခန့်ထွက်ရှိ၍ တစ်ဧက အကျိုးအမြတ်မှာ ၁၃သိန်း ဝန်းကျင်ခန့်ရှိသည့်အတွက် တောင်သူတို့ တွက် ချေကိုက်သော နှစ်လည်းဖြစ်ပါသည်။ မဟာသင်္ကြန်ကာလအပြီး ၂၀၂၅ ခုနှစ် ဧပြီ လ (၂၃) ရက်တွင် ဟင်္သာတ ကုန်စည်ဒိုင်၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် ဟင်္သာတအထိုင်ဈေး ၃၂၂၀၀ ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး အစေ့ထုတ်ပြောင်း စပေါ်ချိန် ဧပြီလဆန်း ဈေးနှုန်းထက် ၈၀၀ ကျပ်ခန့် ကျဆင်းခဲ့ပါသည်။

ဟင်္သာတကုန်စည်ဒိုင်တွင် ဧပြီလ တတိယသီတင်းပတ်မှစ၍  အစေ့ထုတ်ပြောင်း ပိဿာ (၃၀) အိတ် (၂၅၀၀) မှ (၃၀၀၀) ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း