ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးရှိ အမဲသား၊ ဝက်သားနှင့် ဆိတ်သားဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာ(၃၃၀၀၀)ကျပ်၊ ဝက်ပေါင်သား (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၂၉၀၀၀)ကျပ်၊  အမဲသားသန့်(၁)ပိဿာ လျှင်(၃၀၀၀၀)ကျပ်နှင့် ဆိတ်သား(၁)ပိဿာလျှင် (၃၇၀၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိရာ  ယခု နိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဝက်သား(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အမဲသား(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာ ကြောင်း  အသားရောင်းချသူများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ခရမ်းချဉ်သီးနှင့် အာလူးသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြု ကြသည့်အတွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိကြောင်း ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယ ပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၂၂၅၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၄၅၀)ကျပ်၊ အာလူးသီး(၁)ပိဿာလျှင် (၄၀၀၀) ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျ ဆင်းလျက်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ နေ့စဉ်အရောင်းအဝယ်ဖြစ်သည့် CPကြက်သားနှင့် ဗမာကြက်သား

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သား များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း  CPကြက်ကောင်လုံး ဈေး(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ကြက်ခြေထောက် နှင့်ကြက်တောင်ပံ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ စားသောက် ဆိုင်များ၊ ထမင်းဆိုင်များက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း  ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင် များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချလျက်ရှိသော စားတော်ပဲပြုတ်နှင့် ပဲနီရေပွဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။

          စားတော်ပဲပြုတ်ကို ထမင်းဆီဆမ်းနှင့်တွဲဖက်စားသုံးကြသလို၊ ပလာတာ၊ အီကြာကွေးတို့ဖြင့်   လည်းတွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း စွန်တာနီပဲ(ခေါ်) ပဲနီရေပွ (၁)ပြည်လျှင် (၅၅၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၇၀၀)ကျပ်နှင့် စားတော်ပဲပြုတ်(၁)ပန်း ကန်လျှင်(၄၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၇၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ပဲနီရေပွ(၁)ပြည်လျှင် (၄၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၅၀)ကျပ်၊ စားတော်ပဲပြုတ်(၁)ပန်းကန်လျှင် (၁၀၀)ကျပ် ဈေးနှုန်း မြင့်တက်လာကြောင်း   ပဲနီရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်း/ဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါး အကြီး(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၅၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယ ပတ်အတွင်း တီလားဗီးယားငါး(၁)ပိဿာလျှင်(၂၀၀၀)ကျပ် မြင့်တက်လာကြောင်း ဈေးကွက်အနေ ဖြင့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှ ဝယ်ယူလျက်ရှိကြောင်း ငါးရောင်း ဝယ်ရေးဒိုင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၌ဖြစ်ပေါ်နေသော မြန်မာ့ရိုးရာရက်ကန်းထည် ဈေးနှုန်း၊ဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်း များကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ရက်ကန်းစင်မှ ထွက်ရှိလာသော အထည်များကို ကန့်ဘလူမြို့ပေါ်ရှိဒိုင်များသို့ ရောင်းချကြောင်း၊ ၎င်းတို့မှတဆင့် မန္တလေးမြို့နှင့် အခြားဒေသများသို့ ရောင်းချကြောင်း သိရသည်။

   မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် ရှေးယခင်ကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ ကြသည့် လက်မှုအတတ်ပညာဖြစ်ပြီး ရက်ကန်းထည်များမှာ ဒီဇိုင်ဆန်းသစ်လှပသောကြောင့် မြန်မာ အမျိုးသမီးများ ကြိုက်နှစ်သက်စွာ ဝတ်ဆင်သုံးစွဲလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ ပတ်အတွင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသည့် မြစ်ကြီးနားထွက် ကချင်ရိုးရာလုံချည်(၁) ထည်လျှင် (၃၃၀၀၀)ကျပ်၊ ကချင်လုံချည်ဝမ်းဆက် တစ်စုံစာလျှင် (၆၅၀၀၀မှ ၁၅၀၀၀၀)ကျပ်၊ ကန့်ဘလူဒေသထွက် လုံချည်(၁)ထည်လျှင်(၅၅၀၀၀)ကျပ်၊ ကချင်ပုဆိုး(၁)ထည်လျှင်(၄၅၀၀၀) ကျပ်နှင့် ကချင်ပရီမီယံပိုးထည်(၁)ထည်လျှင် (၂၀၀၀၀၀မှ ၂၃၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ချည်အမျိုးအစားနှင့် ရက်လုပ်ရသည့် အလွှားအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများကွာခြားမှု ရှိကြောင်း မြန်မာ့ရိုးရာရက်ကန်းထည် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် အခြားတိုင်းဒေသကြီးမှ ထွက်ရှိသော ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘို မြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေး နှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင် (၆၀၀)ကျပ်၊  အသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ခရမ်းသီး(၁) ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် ခဝဲသီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ် နှင့်(၁)တောင့်လျှင် (၅၀၀မှ ၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခုနိုဝင် ဘာလပထမပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း ဂေါ်ရခါးသီးဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးများကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရသည်။   

DOCA(စစ်ကိုင်း)

ပေါ်ဦးပေါ်ဖျား ပြည်ဒေသထွက်ဆီးသီးများ

    ယခုလို နိုဝင်ဘာလဒုတိယပတ် ဆောင်းရာသီအခါ သမယတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် ပြည် ဒေသထွက် ဆီးသီးများ မြို့ပေါ်ဈေးများသို့ စတင်ဝင်ရောက်လာပါသည်။ ယခုကာလတွင် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ညောင်ပင်သာရွာ၊ ရွှေဘုံသာရွာ၊ မန်ကျည်းစုရွာ၊ ဆင်တဲကျေးရွာများမှ ဝင်ရောက် မှုရှိနေပြီး လှိုင်လှိုင်ပေါ်ချိန်ဖြစ်သော နတ်တော်၊ ပြာသိုလများမှသာ ပြည်မြို့အနီး တစ်ဝိုက် မှော်ဇာရွာ၊ ဇီးအုပ်ရွာ၊ နတ်တလင်းကျေးရွာများမှ လှိုင်လှိုင်ဝင်ရောက်ကြောင်းလည်း သိရသည်။ ဝင်ရောက်မှုရှိသော ဆီးသီးများမှာ ချိုချဉ်အရသာရှိပြီး ဆောင်းရာသီဓါတ်စာအဖြစ် စားသုံးကြပြီး စားသုံးသူတိုက်ရိုက် ဝယ်ယူစားသုံးကြသလို အချဉ်ပေါင်းသည်များမှ လက်ကား ဝယ်ယူပြီး ရောင်းချကြကြောင်းလည်း သိရှိ ရပါသည်။ ဆီးသီးကိုအစိမ်းစားလေ့ရှိပြီး ငံပြာရည်၊ ငရုတ် သီးမှုန့်၊ ဆားတို့နှင့်တို့စား၊ သုပ်စားကြသည့် အလေ့လည်းရှိပါသည်။ ဆီးသီးအမှည့်ကို အခြောက် လှန်းကာ ထန်းလျက်ဖြင့် ယိုထိုး၍လည်း စားသုံးကြ ပါသည်။ ဆီးယိုပြုလုပ်ရောင်းချသူများမှ ဆီးသီးလှိုင်လှိုင်ပေါ်ချိန်မှသာ ဝယ်ယူသိုလှောင်ကြကြောင်း လည်း သိရပါသည်။ ဆီးသီးတွင် ဗီတာမင် C, K, A ၊ အမျှင်ဓါတ်နှင့် ပိုတက်စီယမ်ဓါတ်တို့ ပါဝင်သည့် အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကော အအေးမိ၊နှာစေး၊ချောင်းဆိုးခြင်းများကို မဖြစ်စေဘဲ စိတ်နှလုံး တည်ငြိမ်ကာ စိတ်ဖိစီးမှု ဖြေလျော့ပေးနိုင်ပြီး အာရုံကြောများကို ငြိမ်းအေးစေ၍ သဘာဝ အတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။ သည်းခြေအားနည်းသည့် စိတ်ဝေဒနာရှင်များအား ဆီးသီး နှင့် ဆီးယိုတို့ကို ဓါတ်စာအဖြစ်စားသုံးနိုင်ပြီး အမျှင်ဓါတ်ပါဝင်ခြင်းကြောင့် အူကို သန့်စင်စေပြီး အစာခြေ စနစ်ကောင်းမွန်ကာ ဝမ်းမှန်စေပါသည်။ ဗီတာမင် C ကြွယ်ဝ၍ မကောင်းသော LDL ကိုလက်စထရော များကို ဖယ်ရှားပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးကာ အသားအရေကြည်လင် တောက်ပစေပါသည်။ ဆီးသီးသည် ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိသော်လည်း အလွန်အကျွံ စားသုံးပါက ဆီးကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ဆီးသီးနှင့်စားတော်ပဲ တွဲစားမိပါက ဝမ်းလျှော စေနိုင်ကြောင်းလည်း သိရှိရပါသည်။ ပြည်မြို့ပေါ် ဈေးများတွင် ဆီးသီးနို့ဆီတစ်ဘူးလျှင် ကျပ် ၄၀၀ - ၅၀၀ ခန့်ဖြင့်ရောင်းချကြပြီး တစ်ပြည်လျှင် ကျပ် ၃၀၀၀ - ၄၀၀၀ ခန့်ဖြင့် လက်ကားရောင်းချကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသည့် ပြည်မြို့ရဲ့ မုန်လာဥဖြူဈေးကွက်

   ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နိုဝင်ဘာလ ဒုတိယပတ်တွင်လည်း မုန်လာဥဖြူများမှာ အရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းလည်းရရှိကြောင်း သိရှိရပါသည်။ မုန်လာဥဖြူကို တို့စရာအပြင် သုတ်စား၊ အချဉ်ထည့်၊ နေလှန်းအခြောက်ခံ၊ ကြိုက်နှစ်သက်ရာ အသားနှင့်ရော၍ ချတ်ပြုတ်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ ဟင်းချိုအဖြစ်လည်း သောက်သုံးကြပါသည်။ မုန်လာဥဖြူသည် အကြောတတ်တတ် သူများအတွက် ဆေးဖက်ဝင်သော အစားအစာတစ်ခုလည်းဖြစ်ပါသည်။ မုန်လာဥဖြူသက်ငယ်မျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၃၅) ရက်မှ (၄၀) ရက်သားဝန်းကျင်တွင် နှုတ်ယူနိုင်ပြီး၊ မုန်လာဥဖြူ သက်ကြီးမျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၅၅) ရက်သားတွင် နှုတ်ယူရောင်းချနိုင်ကြောင်း သိရှိ ရပါသည်။ မုန်လာဥဖြူကို ဆောင်းတွင်းတွင်သာ ရာသီသီးနှံအဖြစ် စိုက်ပျိုးကြသော်လည်း ရာသီချိန် မဟုတ်သော်လည်း ဝယ်ယူစားသုံးကြသဖြင့် ဟင်းသီးဟင်းရွက်များထဲမှ ရက်တိုသီးနှံ ဖြစ်သောကြောင့် ဝင်ငွေလည်းအရမြန်ပြီး စားဝတ်နေရေးအတွက် အထောက်အကူပြုတဲ့ သီးနှံတစ်ခု ဖြစ်သည့်အတွက် ရာသီချိန်မဟုတ်ဘဲ ရေလောင်း၍ စိုက်ပျိုးလာကြပါသည်။ မုန်လာဥဖြူသည် မြေဆီမြေနှစ်အသင့်အတင့်ရှိသော မြေနှင့်ရေသွင်းရေထုတ် ကောင်းမွန်သော မြေ၊ နေရောင်ခြည် ရရှိမည့် နေရာမျိုးနှင့် ထယ်ရေး ညက်သော မြေအမျိုးအစားကို ကြိုက်နှစ်သက်သော အပင်အမျိုး အစားဖြစ်ပါသည်။ မုန်လာဥဖြူကို မိုး အရမ်းများရင် စိုက်ပျိုးလို့မရပါဘူး။ မုန်လာဥဖြူကို မှော်ဇာ၊ ပုတီးကုန်း၊ အင်းမ၊ သဲကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုထွက်ရှိသော မုန်လာဥဖြူများမှာ မှော်ဇာ၊ ပုတီးကုန်း၊ အင်းမ၊ ရွှေတောင်မြို့နယ်ဘက်မှ ထွက်ရှိသောသီးနှံဖြစ်ပြီး ၎င်းကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချနေပြီ ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ မုန်လာဥဖြူအကြီး (၅) လုံးတစ်တွဲလျှင် ကျပ် (၁၂၀၀)နှင့် မုန်လာဥဖြူအလတ် (၅)လုံးတစ်တွဲလျှင် ကျပ် (၈၀၀)၊ မုန်လာဥဖြူအသေး(၅)လုံးတစ်တွဲလျှင် ကျပ် (၅၀၀) ထိရှိ၍ ဈေးကောင်းရပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသအတွင်း စားသုံးပိုလျှံမှသာ ရန်ကုန် တညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပသို့ ထိုးဖောက်မည့် ငှက်ပျော

ငှက်ပျောပင်သည် မြေအမျိုးမျိုးအပေါ်တွင်စိုက်ပျိုးနိုင်ပြီး သဲဆန်သောမြေ၊ မြေချဉ်ငံနှင့် ထုံးပေါက်မြေများတွင် မစိုက်ပျိုးသင့်ပဲ အစိုဓါတ်ရှိပြီး မြေဆီ၊ မြေနှစ်နှင့် ရေသွင်း၊ ရေထုတ် ကောင်းမွန်သော မြေနေရာများတွင် စိုက်ပျိုးသင့်ပါသည်။ ငှက်ပျောစိုက်ခင်းသည် နှစ်ပေါင်းများစွာ ထားရှိပြီး အသီးခူးဆွတ်ရိတ်သိမ်းနိုင်သော အပင်မျိုးဖြစ်ပါသည်။ ငှက်ပျောပင်ကို တစ်ဧကလျှင် အပင် (၁၇၉၉)ပင် စိုက်ပျိုးနိုင်ကြောင်းသိရသည်။ ငှက်ပျောပင်ကို အအေးလွန်ကဲသည့် ဆောင်းရာသီနှင့် မိုးများစွာရွာသည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

          မြန်မာ့ဓလေ့အစဉ်အလာအရ ငှက်ပျောသည် အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သည်။ ငှက်ပျောသည် မြန်မာတို့၏ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့ ယဉ်ကျေးမှုဆက်စပ်လျက်ရှိသည်။ ငှက်ပျောသီးသည် လူမျိုးဘာသာမရွေး စားသုံးသော အသီးတစ်မျိုးဖြစ်သည်။ ငှက်ပျောသီးသည် မြန်မာနိုင်ငံတွင် နေရာတော်တော်များများတွင် ပါဝင်သည်။ ငှက်ပျောသီးသည် အလှူပွဲ၊ မင်္ဂလာပွဲ၊ ဗုဒ္ဓပူဇနိယပွဲများ၊ နတ်ပွဲများနှင့် နတ်ပူဇော်ပွဲများတွင် မပါမဖြစ်ပါဝင်သည်။ ထို့ကြောင့် ငှက်ပျောပင်ကို “မြန်မာအမျိုးသားရေး ပဒေသာပင်”ဟု တင်စားခေါ်ဝေါ်ကြသည်။

          မြန်မာနိုင်ငံတွင် ထင်ရှားသော ငှက်ပျောမျိုးများရှိသည်။ ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျော၊ ဝက်မလွတ်၊ သီးမွှေးငှက်ပျော၊ ရွှေနီငှက်ပျော၊ ငှက်ပျောချဉ်၊ သုံးလုံး တစ်ပိဿာ၊ နံ့သာဖု ဟူ၍ ငှက်ပျောမျိုးများရှိကြသည်။ မြန်မာနိုင်ငံတွင် ငှက်ပျောကို အလေးချိန်နှင့် မပြောပဲ အခိုင် (သို့) အဖီး အလိုက်သာ ရောင်းဝယ်ကြသည်။ တစ်ဧကတွင် အခိုင်ရေ (၆၇၀)ခန့်ထွက်ရှိနိုင်ကြောင်းသိရသည်။ ငှက်ပျောရောင်းဝယ်သူများက ငှက်ပျောကို ခြံပြတ်ဝယ်ယူကြကြောင်း သိရသည်။ ငှက်ပျော ရောင်းချသူများက ငှက်ပျောဖီးအရွယ်အစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြောင်းသိရ သည်။

          မြန်မာနိုင်ငံတွင် ငှက်ပျောသီး ထုတ်ကုန်တစ်ခုမှာ ငှက်ပျောကြော်လုပ်ငန်းဖြစ်သည်။ ငှက်ပျောကြော်လုပ်ငန်းသည် မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။ ငှက်ပျောကြော်ပြုလုပ်ရန် ငှက်ပျောသီးကို လိုသလောက်ရှာထားရသည်။ ပြီးလျင် အစိမ်း၊ အမှည့်ခွဲထားရသည်။ ငှက်ပျောသီး အစိမ်း/အမှည့်များကို ဓါးဖြင့် ခပ်ပါးပါးလှီးကာ ကြော်ရကြောင်းသိရသည်။ ငှက်ပျောကြော်ကို ထင်း/မီးသွေးအပြင် ဖွဲမီးဖြင့်ကြော်လျှင် ပိုကောင်း ကြောင်းသိရသည်။ ငှက်ပျောကြော်ကို စနစ်တကျထုတ်ပိုးပြီး မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြား ထိပါ တင်ပို့ရောင်းချနိုင်ကြောင်းသိရသည်။

          မြန်မာနိုင်ငံတွင် ငှက်ပျောပင်နှင့်ပတ်သက်ပြီး ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချလျှက်ရှိရာ ပြည်ခရိုင်၊ ပခုက္ကူခရိုင်၊ ဟင်္သာတခရိုင်တို့တွင် ငှက်ပျောကြော်ကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြ သည်။ငှက်ပျောပင်မှ အမျှင်ထုတ်ယူပြီး အဝတ်အထည်များပြုလုပ်နိုင်ကြောင်း သိရသည်။ ငှက်ပျောဖတ်ဖြင့် ခေါင်းအုံး၊ ပုဝါ၊ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်အစရှိသည့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်နိုင်ကြောင်း အမှိုက်ထဲက ရွှေဟုပင် တင်စားခေါ်ကြသည်။ မြန်မာလူမျိုးများ သည် ငှက်ပျောသီးကို အခြေခံ၍ မြန်မာမုန့်များပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြသည်များလည်းရှိသည်။ ငှက်ပျောသီးဖြင့်ပြုလုပ်သော မုန့်များမှာ ငှက်ပျောသီးမုန့်၊ ငှက်ပျောသီးရွှေချီ၊ ငှက်ပျောအုန်းနို့ပေါင်း၊ ငှက်ပျောကြော်၊ ငှက်ပျောကော်ပြန့်ကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောဆနွင်းမကင်းများစသည့် ငှက်ပျောသီးဖြင့် ပြုလုပ်သော မုန့်များရှိသည်။ ငှက်ပျောသီးကို အခြေခံ၍ ပြလုပ်သော မိသားစုစီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။ အခြား စားသောက်လို့ရသော ငှက်ပျောဖျော်ရည်လည်းရှိသည်။ ကမ္ဘာ့ဈေးကွက်တွင် ငှက်ပျောသီး ခြောက်မုန့်၊ စည်သွပ်ငှက်ပျောသီးထုတ်ကုန်များကို အမေရိကန်နိုင်ငံတွင် အပူချိန်နည်းနည်းဖြင့် အခြောက်ခံ၍ ပြုလုပ်ရောင်းချကြောင်းသိရသည်။ အမေရိကန်နိုင်ငံတွင် ငှက်ပျောသီးကို အနှစ်ထုတ် များအပြင် ဘီယာချက်ခြင်း၊ ဝိုင်အရက်ပြုလုပ်ခြင်း၊ ငှက်ပျောသီးထုတ်လုပ်ခြင်းတို့ရှိကြောင်း သိရသည်။

          အချို့ဒေသများတွင် ငှက်ပျောပင်မှ ထွက်ရှိသော ငှက်ပျောဖူး၊ ငှက်ပျောအူနှင့် ငှက်ပျောပွင့် များကိုချက်ပြုတ်စားသောက်ကြသည်။ မြန်မာလူမျိုးတို့ အနှစ်ခြိုက်ဆုံး အစားအစာဖြစ်သည့် မုန့်ဟင်းခါးတွင် ငှက်ပျောအူကို ပဲဟင်းရည်ထဲတွင်ထည့်၍ ချက်ပြုတ်စားသောက်ကြသည်။ ရခိုင် မုန့်တီဟုခေါ်သော ရခိုင်ဒေသချက် အာပူ၊ လျှာပူ ဟင်းရည်ထဲတွင် ငှက်ပျောအူကို ထည့်၍ ချက်ကြ သည်။ ငှက်ပျောပင်၏ အရွက်များသည်လည်း အလွန်အသုံးဝင်ပါသည်။ ငှက်ပျောရွက်များကို မုန့်ဖက်ထုတ်ပြုလုပ်ရောင်းချရာတွင် အသုံးပြုသလို၊ အရွက်ကို အမျှင်များပြုလုပ်၍ ဖျာနှင့် ဖျင်ကြမ်းယက်လုပ်ကြောင်းလည်း သိရသည်။ အသီးညံ့ဖျင်းသော မျိုးမကောင်းသည့် ငှက်ပျောပင် တို့ကို ငှက်ပျောလျှော်အဖြစ်ယူပြီး စက္ကူများပြုလုပ်နိုင်ကြောင်းလည်း သိရသည်။ငှက်ပျောသီးသည် ဈေးကွက်ရှိပြီး ဈေးကောင်းသော အသီးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ငှက်ပျောပင် ထွက်ကုန်များကို အရှိန်အဟုန်ဖြင့် စီးပွားရေးလုပ်ငန်းအနေနှင့် အောင်မြင်ဖြစ်ထွန်းအောင် ပြည်တွင်း သာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ဖို့လိုအပ်ပါသည်။

          ယခုအခါ နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်လာနိုင်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုဆိုသည်ထက် စွန့်ပစ်ပစ္စည်းမှ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဈေးနှုန်းဈေးကွက်အနေဖြင့် လက်မှုပညာများမှာ ဈေးနှုန်းဈေးကွက် ရရှိအောင် ကြိုးစားဆောင်ရွက်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင် ငှက်ပျောပင်များ နေရာအနှံ့ ပေါက်ရောက်သောကြောင့် အရွက်မှ အပင်၊ နောက်ဆုံးစွန့်ပစ်ပစ္စည်းအထိ အသုံးဝင်သဖြင့် တောင်သူများ စိုက်ပျိုးသင့်သလို ငှက်ပျောထုတ်လုပ်မှုဖြင့် ပြည်သူကို အကျိုးပြုပြီး နိုင်ငံအတွက်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်ပပို့ကုန် အမယ်တစ်မျိုး ဖြစ်သောကြောင့် ငှက်ပျော စိုက်ကြ ပါစို့လို့ တိုက်တွန်းရေးသားလိုက်ရတယ်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း