ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ရေဝါးရွက်(သို့မဟုတ်)ကျောက်ကပ်အားဖြည့်ဆေးပင်

      လူ့ခန္ဓာကိုယ်တွင် ကျောက်ကပ်သည်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေပါသည်။ ကျောက်ကပ်ပျက်စီးသွားလျှင် ဘယ်ဆေးနှင့်မှကုမရတော့ပါ။ နောက်ဆုံးကျောက်ကပ်ပျက်စီးသွား၍ ကျောက်ကပ်အစားထိုးပြီးကုသသော်လည်း ဆေးဝါးနှင့် ကျန်းမာရေးကိုသေချာဂရုမစိုက်မိသည့်အခါ အသက်သေဆုံးရတတ်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ကို မပျက်စီးခင်တည်းကသေချာဂရုစိုက် ကြရန် လိုအပ်ပါသည်။ ရေဝါးရွက်သည်  ပျက်စီးစပြုနေသောကျောက်ကပ်အတွက်အသုံးပြုနိုင်သော ဆေးနည်းတစ်မျိုးဖြစ်ပါသည်။ ရေဝါးရွက်(၁၅) ရွက်ခန့်ကိုရေလက်ဖက်ရည်ပန်းကန်(၆)ခွက်ထည့် ပြီးမြေအိုးနှင့်နှစ်ခွက်ကျန်အောင်ကျိုပြီး အဖတ်များကိုဖယ်ကာ တစ်နေကုန်နည်းနည်းစီသောက် သုံးပေးခြင်းဖြင့် ဆီးရွှင်စေခြင်း၊ ဆီးကျန်ခြင်း၊ ဆီးပူခြင်းများကိုသက်သာစေခြင်း၊  ကျောက်ကပ် အဆိပ်(ခေါ်)Creatinineကိုကျစေခြင်း၊ကျောက်ကပ်ကြောင့်ဖောရောင်ခြင်းများကိုသက်သာစေခြင်း၊ပျက်စီးစပြုနေသောကျောက်ကပ်များကိုပြန်လည်သန့်ရှင်းကောင်းမွန်လာစေခြင်းစသည့် ကျောက်ကပ်ဆိုင်ရာရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ထို့အပြင် ကျောက်ကပ် နှင့်ဆီးရောဂါများအပြင် အခြားသောကျန်းမာရေးပြဿာနာများကိုလည်း ဖြေရှင်းပေးနိုင်ပါကြောင်း ဆေးပညာ စာပေများမှ လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)   

 

 

 

သာစည်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီးနှင့် ပဲတောင့်ရှည် ဈေးနှုန်း

      မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ သာစည်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးနှင့် ပဲတောင့်ရှည်များလည်း လာရောက်ရောင်းချကြပါသည်။

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ် သာစည်ဈေးတွင်  ရောင်းချနေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၄၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၁၀၀၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေးတစ်တောင့်လျှင်(၇၀၀)ကျပ်ဖြစ်ပြီး ပဲတောင့်ရှည် စျေးနှုန်းမှာ တစ်ပိဿာလျှင် ၂၇၀၀- ၃၂၀၀ ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၉၀၀/-)ကျပ်၊ ၁ ပိသာလျှင် (၃၄၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက် ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၃၀၀/၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့ အေးမြသီတာဈေးရှိ ဟင်းသီးဟင်းရွက် ဈေးနှုန်းများ

     မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘိုစားပဲသီး၊ရွှေပဲသီး၊ အာလူးသီး၊ပန်းမုံလာ၊ ငရုတ်သီးစိမ်းစသည့် ဟင်းသီးဟင်းရွက် အသီးအနှံများ ကို အောင်ပန်း၊ ပြင်ဦးလွင်၊ မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။ နိုင်ဝင်ဘာလ ပထမပတ် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ခရမ်းသီး (၂၅)ကျပ်သား (၈၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ဘိုစားပဲသီး(၂၅)ကျပ်သား(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရွှေပဲသီး (၂၅)ကျပ် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အာလူးသီး(၂၅)ကျပ်သား(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့်ငရုတ်သီးစိမ်း (၂၅)ကျပ်သား(၂၀၀၀)ကျပ်၊တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပန်းမုံလာတစ်ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ်ဈေးများဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ထမင်းဆိုင်၊ စားသောက် ဆိုင်များ ပေါများလှသောမြို့ဖြစ်သောကြောင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)   

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

      မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေး သစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည်  မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၅၀)ကျပ်၊ (၄)စည်းလျှင်(၅၀၀)ကျပ်ဖြစ်ပြီး ပူစီနံ ဈေးနှုန်း မှာ တစ်စည်းလျှင် (၂၀၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံမြို့ရဲ့ ခဝဲသီးဈေးနှုန်း        

           မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံဖြစ်သော ခဝဲသီးနှံကိုလည်း အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရသည်။ ဒေသထွက် ခဝဲသီးများကို အောက်တိုဘာလ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဒေသသီးနှံများ မပေါ်လျှင် မန္တလေး မြို့မှဝင်ရောက်ပါကြောင်း၊ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့ကဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချကြောင်း သိရသည်။

          နံနက်ခင်းအစောပိုင်းတွင် ကျေးရွာသူကျေးရွာသားများက ဆိုင်ကယ်များဖြင့် ဈေးတွင်လာရောက်ရောင်းချကြောင်း၊ နိုဝင်ဘာလတွင် ခဝဲသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် ( ၈၀၀) ကျပ်၊ တစ်ပိဿာလျှင်  (၃၀၀၀) ကျပ်ဈေး ဖြင့် အရောင်းအဝယ်ဖြစ််လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)   

 

 

 

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ  ဒုတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၆၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၈၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၆၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၂၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ် လျက်ကြောင်း  သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

မိုးစပါးများထွက်ရှိမှုနှင့် ဆန်ဈေးနှုန်းအခြေအနေ

         ငါန်းဇွန်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းတွင် တည်ရှိပြီး ပူပြင်းခြောက်သွေ့သောရာသီဉတုရှိရာ အမြင့်ဆုံးအပူချိန်(၄၈)ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန်မှာ (၁၂)ဒီဂရီစင်တီဂရိတ် ရှိပါသည်။ ဧရိယာအကျယ်အဝန်းအနေဖြင့် (၃၅၅.၉၉၁)ဧရိယာ စတု ရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းအတွင်းတည်ရှိသည့်အတွက် ယေဘု ယျအားဖြင့် ဖြန့်ဖြူးလျက်ရှိသော မြေမျက်နာသွင်ပြင်ရှိပါသည်။ အဓိကအားဖြင့်ပဲမျိုးစုံစိုက်ပျိုးကြပြီးစပါးစိုက်ပျိုးမှုနည်းသည့်အတွက်ဆန်လိုအပ်သည့်မြို့နယ်တစ်ခုဖြစ်ပါသည်။၂၀၂၅-၂၀၂၆ ခုနှစ် ငါန်းဇွန်မြို့နယ်အနေဖြင့် လျာထားဧက(၅၅၃၅)ဧက၊ စိုက်ပျိုးဧက(၄၀၉၂)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် မိုးကောင်းသောက် (၁၉၈၉)ဧက၊ မြစ်ရေတင် (၅၅၇)ဧက၊ ဆည်ရေသောက် (၄၅၀) ဧကနှင့် မြစ်ရေဝင်ချိန်/စက်ရေတွင်း စိုက်ပျိုးမှုမှာ (၁၀၉၆)ဧကဖြစ်ပါသည်။ မြို့သာဆည်၊ နတ်သား တောဆည်၊ ဖောင်းကတောဆည် စသည့် မြေသားတမံ အမျိုးအစားဆည်(၃)ဆည်ရှိကြောင်း၊ မြစ်ရေ တင်စီမံကိန်းအနေဖြင့် ရွာသစ်၊ ကျောက်တလုံး၊ ငါန်းမြာစသည့် မြစ်ရေတင်စီမံကိန်း(၃)ခု ရှိကြောင်း သိရပါသည်။ အောင်နိုင်တိုးစပါးနှင့် မနောသုခစပါးကို အများဆုံးစိုက်ပျိုးပြီး ဧရာမင်းစပါး များကိုလည်း အနည်းငယ်စိုက်ပျိုး ကြောင်းသိရပါသည်။ ရိတ်သိမ်းမှုအနေဖြင့် နိုဝင်ဘာလမှစ၍ ရိတ်သိမ်းလျှက်ရှိရာယခုအချိန်တွင် မိုးစပါးအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ယခင်နှစ် စိုက်ပျိုးမှုမှာ(၅၅၃၁)ဧကရှိပြီး တစ်ဧက အထွက်နှုန်း (၈၅.၁၇) တင်းနှုန်းဖြင့်တင်းပေါင်း (၄၇၁၀၇၅)တင်း ထွက်ရှိပါကြောင်း၊ ထွက်ရှိ သည့်စပါးများကို မြို့နယ်အတွင်းကြိတ်ခွဲသန့်စင်၍ မနောခုခတစ်အိတ်လျှင် (၈၀၀၀၀)ကျပ်ဝန်းကျင်ဖြင့်မြို့နယ်တွင်းရောင်းချကြောင်းနှင့် ဆန်လိုအပ်သည့်မြို့နယ် ဖြစ်သည့်အတွက် ရွှေဘို၊ မတ္တရာ၊ မြစ်သား၊ ကျောက်ဆည် စသည့်ဒေသများမှထွက်ရှိသောဆန်များကို မန္တလေးမှ တစ်ဆင့် တင်သွင်းရောင်းချကြပြီး တံတားဦး၊စစ်ကိုင်းနယ်များမှလည်းဝင်ရောက်မှုရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)   

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများ မှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။     နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်း နွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး(၁)လုံးလျှင် (၃၉၀၀)ကျပ်၊ အလုံးသေး (၅)လုံးလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ် မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့နယ်၏ နိုဝင်ဘာလ ပထမပတ်စက်သုံးဆီရောင်းချမှု အခြေအနေ

             ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၂၀)ကျပ်၊ 95 Octance(၃၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၅၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၇-၁၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။သတ်မှတ်ရည်ညွှန်းဈေးများသည်ယခင်အပတ်ထက် ရိုးရိုးဒီဇယ်တွင်(၅၀)ကျပ်၊ပရီမီယမ်ဒီဇယ်တွင်(၆၀)ကျပ်တို့အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး 92 Octanceတွင် (၉၅) ကျပ်၊ 95 Octanceတွင် (၁၁၅)ကျပ်တို့ အသီးသီး ဈေးနှုန်း ကျဆင်းခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း