သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးအဆောင် ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေး

          ၆.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိ/မရှိ ကုန်စည်များအား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကလေး ကစားစရာ ကုန်ပစ္စည်းတစ်မျိုးခြင်းအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှု အခြေအနေ၊ ကုန်အညွှန်း အမှတ်အသား မပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအားရောင်းချခြင်း မပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

၆.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ကွင်ဆင်းစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျောက်တံခါးမြို့နယ်အတွင်း ရောနှောဆီ ရောင်းချမှုများအားကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာ ရောနှောဆီရောင်းချမှုများအား သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကျောက်တံခါးမြို့နယ်တာဝန်ခံ၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့၊ ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ ဈေးကွက်အတွင်းတွင် ရောနှောဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြွန်တန်ဆာမြို့ပေါ်အတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဦးစားပေးကုန်စည်ဖြစ်သည့်  အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဈေးကွက်အတွင်း၌ ရောင်းဝယ်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး ဦးဆောင်သောအဖွဲ့သည် ၈.၁.၂၀၂၅ရက်နေ့တွင် ပြွန်တန်ဆာမြို့ပေါ်ရှိ ဦးစားပေးကုန်စည်ဖြစ်သည့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ၏ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှုအခြေအနေ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များ ပြည့်စုံစွာဖေါ်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  TOYO, HANASAWA, GOOD STAR ကုမ္ပဏီများမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများသည် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၇.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့ အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသောဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

 

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၇.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန် (၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး ရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များ အား ကွင်းဆင်းကာ ပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အ.ထ.ကကျောင်းမုန့်ဈေးတန်းများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော် ဦးဆောင်သော ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံး၏ ညှိနှိုင်းချက်အရ (၇.၁.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့သည် နံနက် (၀၉:၃၀) နာရီအချိန်တွင် တောင်ငူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌လည်းကောင်း ရောင်းချသည့် အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုတ်အမျိုးမျိုးတို့အား စစ်ဆေးကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းမရှိသည့် အသင့်စားမုန့်များနှင့် အချိုရည်များကို ရောင်းချခြင်းမပြုရန်၊ မြန်မာ့ရိုးရာမုန့်များနှင့် အသုတ်အမျိုးမျိုးတို့တွင် ခွင့်မပြုဓါတုဆေးများပါဝင်သည့် စားသောက်ကုန်ပစ္စည်းများ အသုံးမပြုရန်တို့ကို အသိပညာပေး ပြောကြားခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ကြီးကြပ်ရေးမှူး(အစားအသောက်) ဒေါ်ဇင်မေဌေး ဦးဆောင်သည့် ဝန်ထမ်းများ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမိုးကျော်ဦးဆောင်သည့်ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျိုက်လတ်မြို့နယ်တွင် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီလ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပါဝင်သောဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့မဈေးအတွင်းရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိခြင်းရှိ/ မရှိအခြေအနေ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ထားသိုသိမ်းဆည်းမှုအခြေအနေ၊ ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှု အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ ကုန်စုံဆိုင်များတွင်ဘူးဆီရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော ဘူးဆီများအား၂၀၂၅ခုနှစ်၊ ဇန္နဝါရီလ(၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် FDAထောက်ခံချက်ပါရှိမှုရှိ/ မရှိ၊ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

          ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသောဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိခြင်း၊ FDAထောက်ခံချက်များပါရှိခြင်းတို့တွေ့ရှိရပါကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Talk Show ပြုလုပ်ဆောင်ရွက်

           ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၅ ခုနှစ်၊ ဇန်ဝါရီလ(၇) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါအသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်မှ Online စနစ်ဖြင့်ရောင်းချခြင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လျောက်ထားရန်သိကောင်းစရာများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများ၏တာဝန်နှင့် အခွင့်အရေးများအကြောင်းသိကောင်းစရာများ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းအသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ