သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Super Market များ၌ ကြက်ဥရောင်းချနေမှုအခြေအနေ

            ၆.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၄:၂၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center နှင့် City Mart (ကျန်စစ်မင်း)တွင် ကြက်ဥရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)၊ နှင့် အမှတ်(၂/က) (၈)ရပ်ကွက် ကျန်စစ်မင်းအိမ်ရာရှိ City Mart (ကျန်စစ်မင်း)တို့ရှိ ရောင်းချလျက်ရှိသော ကြက်ဥအရောင်းကောင်တာသို့ သွားရောက်စစ်ဆေးခဲ့ရာ ကြက်ဥတစ်လုံးလျှင် (၃၆၅)ကျပ်ဖြင့် ရောင်းချပြီး  (၁၀)လုံး ၁ကဒ် ဝယ်ယူပါက ကဒ်ခွံဖိုး (၃၀၀)ထည့်ပေါင်း၍ (၃၉၅)ကျပ်ဖြင့်ရောင်းပါကြောင်း၊ အရောင်းလည်းသွက်ပါကြောင်း၊ ဈေးဝယ်သူများ ကြက်ဥအကြီး/ အသေးကိုလည်းရွေးချယ်၍ လိုသလောက်ဝယ်လို့ရပါကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ၆.၁.၂၀၂၅ ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ 1 Stop Mart နှင့်လှိုင်သာယာမြို့နယ်ရှိ Ocean Super Center များတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် 1 Stop Mart တာဝန်ခံ ဒေါ်ယမင်းသန္တာနှင့် Ocean Super Center တာဝန်ခံ ဒေါ်လဲ့သဉ္ဇာတို့ပူးပေါင်းပါဝင်လျက် နို့နှင့်နို့ထွက်ပစ္စည်းအမှတ် တံဆိပ်အမျိုးမျိုးဖြစ်သော FUN-HWA၊ အားမန်၊ All Fresh၊ WALCO၊ PEP နှင့် TM တို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များကို မြန်မာလိုဖော်ပြထားကြောင်း ဆိုင်တာဝန်ခံများအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းတွင်ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဌာနနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအပါဝင် စားသုံးသူပြည်သူတစ်ရပ်လုံးအား နည်းလမ်းများစွာဖြင့် အသိပညာပေးလျက်ရှိရာ (၉.၁.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီ အချိန်တွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်နေသည့် တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အသိ ပညာပေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် တက်ရောက်နေသော သင်တန်းသူ/သင်တန်းသားများနှင့် နည်းပြ ဆရာ/ဆရာမများအား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက် ညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းများနှင့် စပ်လျဉ်း ၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေး ချက်များ စသည့်ဥပဒေပါပြဌာန်းချက်များကို အကျယ်တဝင့်ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါ ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူနှင့်သင်တန်းနည်းပြဆရာ/ ဆရာမ များ စုစုပေါင်း(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

MSME နှင့် Online Shopping

၁၀-၁-၂၀၂၅ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ခရိုင်ဦးစီးမှူးဦးသန်းစိုး (လက်ထောက် ညွှန်ကြားရေးမှူး) သည် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များအား Online Shopping လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အသိပညာ‌ပေးဆွေးနွေးရာတွင် မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင် လျှောက်ထားမှုအပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရောင်းချသည့် ကုန်စည်များသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ၊ ကုန်စည်နှင့်ဝန်ဆောင်မှု များသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ကန့်သတ်ထားခြင်းရှိမရှိနှင့် ဥပဒေနှင့်ငြိစွန်း ခြင်းရှိမရှိ၊ စားသုံးသူများ၏ လုံခြုံမှုကိုထိခိုက်စေခြင်းရှိမရှိ၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက် အပြည့်အဝပေးနိုင်မှုရှိမရှိ စသည်တို့ကို စေ့စပ်သေချာစွာ စစ်ဆေးရမည်ဖြစ်ပြီး Online System ဖြင့် ရောင်းချခြင်းလုပ်ငန်း များတွင် ရောင်းချသည့်ကုန်စည်အမျိုးအစားများနှင့် ဝန်ဆောင်မှုအမျိုးအစားများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိမရှိ စောင့်ကြည့်စစ်ဆေး ခြင်းနှင့် Online Systemဖြင့် ရောင်းချခြင်းလုပ်ငန်းတွင် ဦးစီးဌာနများ၏ အပြန် အလှန်ချိတ်ဆက် ဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူရေးရာဦးစီးဌာနအတွင်း ရုံးချုပ်၊ ပြည်နယ်/ တိုင်းဦးစီးမှူးရုံးများနှင့် စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍများ၊ စစ်ဆေးရန်အချက်များ၊ စစ်ဆေးတွေ့ရှိချက်များအပေါ် ကွန်ရက်သဖွယ်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ စားသုံးသူထိခိုက်နစ်နာမှုများနှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပေါ်  ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမည့် အခြေအနေများအား အသိ ပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသော MSMEလုပ်ငန်းရှင်များမှ သိရှိလို သည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

DOCA(မန္တလေး)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ရောင်းချ နေသောဆိုင်များသို့ ဘိလပ်မြေနှင့် UPG အိမ်သုတ်ဆေးများ ပြတ်လပ်မှုရှိ/မရှိနှင့်ကွင်းဆင်း စစ်ဆေးခြင်း”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ရပ်ကွက်များတွင်  အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချသည့်ဆိုင်များသို့ MPA New မှဖော်ပြခဲ့သည့် “ ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်း ဘိလပ်မြေဝယ်မရခြင်း ” နှင့်ရန်ကုန်တွင် နာမည်ကြီး UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပြတ်နေသည်ဟု သတင်းရေးသားဖော်ပြချက်နှင့်ပတ်သတ်၍ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းချနေသော ဈေးပိုင်းရပ်ကွက် ရတနာပုံ (၁)လမ်း၊ အမှတ် (၇၂)မှ ဒေါ်ခင်မာဝေ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးနှင့် တောင်ဘက်ပိုင်းရပ်ကွက် စိတ္တသုခလမ်း၊ အမှတ် (၂၇၈၂)မှ မအေးကြည် (အုတ်သဲကျောက် ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး) ဆိုင်များသို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေး ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘိလပ်မြေနှင့် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးများ ပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချနေကြောင်း တွေ့ခဲ့ရပြီး  အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများကို အသိပညာပေးတွေ့ဆုံ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မသန်စွမ်းသူများအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ

ကျွန်မသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတစ်ယောက်ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေဖြင့် ကနဦးစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အစားထိုးပြင်ဆင်သည့် ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ယနေ့အချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ 

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသိပညာပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ ဟောပြောဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ “လူတိုင်းဟာစားသုံးသူဖြစ်တယ်၊ စားသုံးသူတိုင်းမှာစားသုံးသူအခွင့်အရေးရှိတယ်” ဟူသော ကျွန်မတို့ဌာန၏ အလွန်ထိမိသည့်စာစုလေးကို လူတိုင်းကြားဖူးမည်ဟု မျှော်လင့်ပါသည်။ ကျွန်မတို့ဌာန၏ ဟောပြောဆွေးနွေးပို့ချတဲ့သူများသည်လည်း ဤစကားစုလေးနဲ့အစချီမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်ကျွန်မခေါင်းထဲတွင် အတွေးလေးတစ်ခုဝင်လာခဲ့ပါသည်။ ကျွန်မတို့ နိုင်ငံတွင်ရှိသည့် ထိခိုက်လွယ်သော အုပ်စုထဲတွင်ပါဝင်သည့် မသန်စွမ်းသူများက စားသုံးသူအခွင့် အရေးအပြည့်အဝရရှိပြီးလားဟူသည့် အတွေးလေးတစ်ခုသာဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနများက စားသုံးသူအသိပညာပေးခြင်းများကို မြို့ပြလူနေမှုမှသည် ကျေးရွာ အခြေပြုနေထိုင်သော ပြည်သူများအထိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟောပြောဆွေးနွေးပို့ချ လျက်ရှိကြောင်းတင်ပြပါမည်။

စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်သည့်အုပ်စုများတွင် စားသုံးသူပြည်သူများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသင်းအဖွဲ့များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသော စီးပွားရေး လုပ်ငန်းရှင်များနှင့် ပါဝင်ဆောင်ရွက်သူများ၊ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူ၊ မသန်စွမ်းသူ၊ စာမတတ်သူ၊ အသက်အရွယ်ကြီးသူ၊ ကလေးသူငယ်စသည့် အားနည်းထိခိုက်လွယ်သော စားသုံးသူ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ (အခြေခံပညာ၊ သက်မွေးပညာနှင့် အဆင်မြင့်ပညာ) အစရှိသည့် အုပ်စုများ ပါဝင်ကြောင်း အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) တွင် ပြဌာန်းထားရှိပြီး ဌာနအနေဖြင့်လည်း အဆိုပါအုပ်စုများကို ဟောပြောဆွေးနွေး ပို့ချလျက်ရှိပါသည်။

အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) တွင် သတ်မှတ်ပါဝင်သည့် အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူနှင့်မသန်စွမ်းသူများကို ဟောပြောဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ကျွန်မမှအဓိကထား တင်ပြသွားမည်ဖြစ်ပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ ပြည်ထောင်စုလွှတ်တော်အမှတ်(၃၀)ဖြင့် ပြဌာန်း ထားပြီးဖြစ်ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅) ပုဒ်မ(က)အရ မသန်စွမ်းသူ ဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကိုဆိုသည်ဟု အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။

ကျွန်မတို့ပတ်ဝန်းကျင်တွင်  မသန်ပေမယ့်စွမ်းသည်ဆိုသည့်မသန်စွမ်းများရှိလာသည်ကို လည်း ကျွန်မတို့မှမြင်တွေ့လာရပါသည်။ ကျွန်မအနေဖြင့် ယခုဆောင်းပါးလေးရေးမည်ဟု စဉ်းစား နေစဉ်တွင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သည့် Tik Tok တွင် အမြင်အာရုံမသန်စွမ်း အမျိုးသမီးတစ်ဦးဖြစ်သည့် မ.........သည် အိမ်တွင် ကော်ဖီ၊ မုန့်စသည့်အစားအသောက်များ စားသည့်အခါ မုန့်၏ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သည့် Expire Date ကို ဆိုင်ရှင်ကိုလည်း မမေးမိခဲ့ဘူး အိမ်တွင် ကူညီပြောပေးနိုင်သောသူများမရှိသောကြောင့် Expire Date ဖတ်၍ရသော Mobile Application Software တစ်ခုကို တွေ့မိ၍ ထို Software အကြောင်းကို knowledge sharing လုပ်ပေးသော Video File ကိုတွေ့မိသောအခါတွင် ကျွန်မတို့အနေဖြင့်အဆိုပါ လူပုဂ္ဂိုလ် များကို ကာကွယ်မှုများ ဆောင်ရွက်ရန်လိုအပ်လာသည်ဟု ခံစားမိသည်နှင့်တစ်ပြိုင်နက်  ကျွန်မတို့ ဌာန၏အရေးပါပုံလေးကိုလည်း ယှဉ်တွဲမြင်မိပါသည်။ ကျွန်မတို့အနေနဲ့ ထိုမသန်စွမ်းသူများအတွက် စားသုံးသူအသိပညာပေးဖို့လိုတယ်၊ စားသုံးသူအခွင့်အရေးရရှိဖို့လိုတယ်၊ စားသုံးသူနစ်နာဆုံးရှုံး မှုများနှင့်ပတ်သက်ပြီး သိသင့်တယ်ဆိုတဲ့အတွေးပိုမိုခိုင်မာသွားပါသည်။

ကျွန်မတို့၏ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် (၁၁-၁-၂၀၂၃)  ရက်နေ့တွင် နားမကြားသောကလေးများကျောင်း(မန္တလေး) အား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ဖူးပါသည်။ အဆိုပါကျောင်းရှိ ဆရာ/ဆရာများက ကျွန်မတို့ဟောပြောဆွေးနွေးသူနှင့် ကျောင်းသူ/ကျောင်းသားများအကြား ၎င်းတို့နားလည်သည့် ဘာသာ စကားဖြစ်သည့် လက်သင်္ကေတပြဘာသာစကားများ အသုံးပြု၍ပေါင်းကူးတံတားလေးသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲအပြီး အမေး/အဖြေကဏ္ဍတွင်လည်း ထင်မှတ်မထားလောက်အောင် သူတို့၏စိတ်ဝင်စားမှုများကို ကျွန်မတို့မြင်တွေ့ခဲ့ရပြီး ကျွန်မတို့ ဟောပြောသူများကလည်း ကျွန်မတို့တတ်သိနားလည်သည့်အတိုင်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ကျွန်မတို့ဌာနရဲ့ စားသုံးသူအသိပညာပေး ပန်းဖလက်လေးများကို စိတ်ဝင်တစား ဖတ်ရှုနေကြသည်ကိုလည်းတွေ့ခဲ့ရပါသည်။ မသန်စွမ်းသူများစွာရှိသည့်အနက် နားမကြားသူများ အနေဖြင့်ကျွန်မတို့ဝေမျှသည့် ပန်းဖလက်ကိုဖတ်နိုင်သည့်အနေအထားမျိုး တွေ့ရှိရသော်လည်း အမြင်အာရုံမသန်စွမ်းသူများအတွက် ကျွန်မတို့၏ဟောပြောချက်များကို နားဖြင့်နားထောင်နိုင် သည့်အပြင် စာပေအနေဖြင့်ဖတ်ရှုနိုင်ရန် သူတို့နားလည်မည့်ဘာသာစကားဖြင့် စီစဉ်ဆောင်ရွက် သင့်ပါကြောင်း အကြံပြုသုံးသပ် တင်ပြလိုက်ရပါသည်။

ကျွန်မဆောင်းပါးနိဒါန်းတွင်ပြောခဲ့သည့်အတိုင်း ကျွန်မသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ယောက်ဖြစ်ပါသည်။ ကျွန်မတို့ စားသုံးသူကာကွယ်ရေးကိစ္စများဆောင်ရွက်ရာတွင် “မလှူတတ် ဈေးရောင်း” ဟူသည့် စကားပုံ လေးအတိုင်း ဌာနတာဝန်များဆောင်ရွက်ရာတွင် ပရဟိတစိတ်ဓာတ်များအခြေပြု၍ လူတိုင်းစားသုံးသူ အခွင့်အရေးများအပြည့်အဝရရှိအောင် ဆောင်ရွက်သွားသင့်ပါကြောင်း ဆန္ဒပြုဆုတောင်းရင်း ကျွန်မ ဆောင်းပါးလေးအဆုံးသတ်ပါမည်။ နောက်များတွင်လည်း ဆက်လက်ရေးသား တင်ပြပါဦးမည်။

DOCA(မန္တလေး)

 

“ တွံတေးမြို့နယ် ဈေးကွက်အတွင်း ဘိလပ်မြေနှင့် UPG အိမ်သုတ်ဆေးများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ  အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များနှင့် UPGအိမ်သုတ်ဆေးအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ ဇန်နဝါရီလ (၃)ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် MPA New မှဖော်ပြခဲ့သည့် “ ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်း ဘိလပ်မြေဝယ်မရခြင်း ” နှင့်ရန်ကုန်တွင် နာမည်ကြီး UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပြတ်နေသည်ဟု သတင်းရေးသားဖော်ပြချက်နှင့်ပတ်သတ်၍ တွံတေးမြို့နယ်ဈေးကွက်အတွင်း ဘိလပ်မြေနှင့်  UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအာကာမင်းသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးမြို့နယ်  နွေစံတော်ရပ်ကွက်နှင့် ကမ်းနားလမ်းရှိ အိမ်ဆောက်ပစ္စည်းနှင့်အိမ်သုတ်ဆေးအမှတ်တံဆိပ်မျိုးစုံ ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင် ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံပြီး ဘိလပ်မြေနှင့်  UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ်အနေဖြင့် ဒေသအတွင်းဆောက်လုပ်ရေးလုပ်ငန်းများကိုသာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး မိမိတို့၏ ဈေးဆိုင်များတွင် ဘိလပ်မြေနှင့်  UPG အမှတ်တံဆိပ် အိမ်သုတ်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိပါကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး  တာဝန်ရှိသူက ဘိလပ်မြေနှင့်  UPG အမှတ်တံဆိပ် အိမ်သုတ်ဆေး လက်ကျန်စာရင်းနှင့်ဈေးနှုန်းအခြေအနေတို့အား မေးမြန်းစုံစမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးများ၊ ဈေးနှုန်းအဆမတန်ဖြင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ဆည်ခရိုင်အတွင်းရှိ ဘိလပ်မြေဆိုင်များအားကွင်းဆင်း”

          ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည် ၊ စဉ့်ကိုင် ၊ မြစ်သား   နှင့်  ပြင်ဦးလွင်မြို့နယ်များရှိ

ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံများ နှင့် ဘိလပ်မြေလက်လီ ၊ လက်ကား‌ရောင်းချသည့်ဆိုင်များ သို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ နှင့် မြေပြင်လက်ကျန်အခြေအနေများ ၊ စျေးနှုန်းစျေးကွက် အခြေအနေများ ၊ ယခင်လနှင့်ယခုလစျေးနှိုင်းယှဉ်၍ စျေးနှုန်းအတက်အကျဖြစ်ရသည့်အကြောင်း အရင်းများအား ကွင်းဆင်းခဲ့ကြောင်း၊ ဘိလပ်မြေစျေးနှုန်းများအနေဖြင့် ALPHA ဘိလပ်မြေစျေးနှုန်း မှာ ယခင်လတွင် (၈၇၀၀/-)၊ယခုလတွင် (၉၀၀၀/-)ကျပ်၊ Double Rhinos ဘိလပ်မြေစျေးနှုန်း မှာ ယခင်လတွင် (၇၅၅၀/-)၊ယခုလတွင် (၇၈၅၀/-)ကျပ်၊ ဆင်မင်း ဘိလပ်မြေစျေးနှုန်း မှာ ယခင်လတွင် (၁၃၀၀၀/-)၊ယခုလတွင် (၁၃၀၀၀/-)ကျပ်၊ မြင်းခေါင်းဘိလပ်မြေစျေးနှုန်း မှာယခင်လတွင်(၉၅၀၀/-) ၊ ယခုလတွင် (၁၃၀၀၀/-)ကျပ်များဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဝါသီးနှံစိုက်ပျိုးမှုမှသည် ဝါစေ့ဆီသို့”

ဝါသီးနှံအား မြန်မာနိုင်ငံတွင် မိုးကြိုရာသီ ၊ မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုး လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မိုးကြိုရာသီအား ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီအား  မေလလယ်မှ ဇွန်လကုန်အတွင်းနှင့် မိုးနှောင်းရာသီအား ဇူလိုင်လလယ်မှ ဩဂုတ်လလယ်အတွင်း စိုက်ပျိုးကြပြီး ယခုအချိန်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အလားအလာရှိသော သီးနှံများအား စိုက်ပျိုးမှုမှသည် ဈေးကွက် ရောက်သည်အထိ Supply Chain တစ်လျောက် ဈေးနှုန်း ၊ ဈေးကွက်နှင့်တွေ့ကြုံရသည့် အခက်အခဲ များအားသိရှိစေရန်အတွက် သက်ဆိုင်ရာဌာနများ ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် ၊ ကူမဲမြို့ အတွင်းရှိ ဝါစိုက်တောင်သူ၊ ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဝါ(မိုးနှောင်း)စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၁၆၆၆၆)ဧက ၊စဉ့်ကိုင်မြို့နယ်တွင် (၆၆၁၇)ဧကနှင့် မြစ်သားမြို့နယ်တွင် (၁၁၈၆၄)ဧက၊ စုစုပေါင်းခရိုင်အတွင်း (၃၈၁၄၇)ဧက စိုက်ပျိုးထားပြီး (၁၀၃၂၀)ဧက ရိတ်သိမ်းပြီး ကြောင်း  ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရှိရသည် ။ ဝါစိုက်ပျိုးရာတွင် တောင်သူများမှာ Raca နှင့် B 31 မျိုးများကို စိုက်ပျိုးကြသော်လည်း တောင်သူအများစုမှာ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသည့် Raca မျိုးကို  အများဆုံး စိုက်ပျိုးကြပါသည်။ Raca မျိုးကို အချို့တောင်သူများက ကုမ္ပဏီထံမှဝယ်ယူပြီးစိုက်ပျိုးကြသော်လည်း အချို့မှာယခင်နှစ်ဝါသီးနှံ ပေါ်ချိန်တွင်ဝါကောက်ပြီး မျိုးအဖြစ်ပြန်လည်အသုံးပြုကြပါသည်။ဝါစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ပျိုးထုတ်ဝယ်ယူ၍ စိုက်ပျိုးပါကမျိုးစေ့ထုတ်(၂)ထုတ်ကုန်ကြပြီး ယခင်ဝါသီးနှံပေါ်ချိန်၌ ကောက်ယူ ထားသော မျိုးစေ့အား အသုံးပြုပါက (၅)ပိဿာခန့် ကုန်ကျကြောင်း ၊ မျိုးစေ့ (၁)ထုတ်လျှင် (၅၀၀၀၀/-)ကျပ် နှင့် မျိုးစေ့ (၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ကုန်ကျကြောင်း၊ မျိုးစေ့ထုတ်ဖြင့် စိုက်ပျိုးပါက (၁) ဧကလျှင် (၁၀၀၀၀၀/-)ကျပ် ကုန်ကျပြီး ဝါကောက်ပြီး ရယူထားသောမျိုးစေ့ စိုက်ပျိုးပါက (၁)ဧကလျှင် (၂၀၀၀၀/-)ကျပ် ကုန်ကျပါသည် ။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ နွားရှဉ်းခ၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၉၃၀၀၀၀ မှ ၁၀၂၀၀၀၀)အထိ ကုန်ကျခြင်း ဝါဖြစ်ထွန်းမှုအပေါ်မူတည်ပြီး ကုမ္ပဏီမှရောင်းချသောမျိုးစေ့အား အသုံးပြုပါက (၁)ဧကလျှင်(၇၀၀-၁၀၀၀)ပိဿာ ထွက်ရှိပါကြောင်း၊ယာခင်းမှပြန်လည်ကောက်ယူသောမျိုးစေ့အား အသုံးပြုပါက (၆၀၀-၇၀၀)ပိဿာထိ ထွက်ရှိကြောင်းသိရှိရပါသည် ။ ကျောက်ဆည်ခရိုင်အတွင်း ဝါကုန်သည်များစွာရှိသော်လည်း မြစ်သား မြို့နယ် ၊ ကူမဲမြို့ရှိ အောင်ကမ္ဘာ ဝါပွဲရုံမှာ တောင်သူများမှ ထွက်ရှိလာသည့်ဝါများအားဝယ်ယူပြီး ဝါဂွမ်းနှင့်ဝါစေ့ဆီများထုတ်လုပ်လျက်ရှိပါသည် ။ မကွေးတိုင်း ဒေသကြီးအတွင်းရှိမကွေး၊နတ်မောက်၊အောင်လံနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီး၊ ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း နှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ဝါစိုက် တောင်သူများထံမှဝါများအား တစ်ပိဿာလျှင်(၄၈၀၀/-)ကျပ်စျေးနှုန်းဖြင့်  ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ဝယ်ယူပြီးသောဝါများအားနေလှမ်း၍ ဝါစက်တွင် ကြိတ်ခွဲသည့်အခါ  ဝါအရည်အသွေး ပေါ်မူတည်ပြီး ဝါ (၁၀၀)ပိဿာလျှင်  ဝါဂွမ်း (၃၀%- ၃၅%) နှင့် ဝါစေ့ (၆၀%)ထွက်ရှိကြောင်း ၊ ဝါစေ့ တစ်ပိဿာလျှင်(၂၂၀၀-၂၃၀၀)ကျပ်နှင့်ဝါဂွမ်းအမျိုးအစား‌ပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၁၀၀၀/-) ကျပ်စျေးနှုန်းရှိကြောင်း၊ ထွက်ရှိလာသော ဝါဂွမ်းများအား တပ်မတော်၊ချည်မျှင်နှင့်အထည်စက်ရုံ များသို့စက်မှု(၁)ရှိ ချည်ထည်စက်ရုံများသို့ရောင်းချလျက်ရှိသည်။ ဝါစေ့အား ဆီအဖြစ် ထုတ်လုပ် ပါက ဝါစေ့အရည်အသွေးပေါ်မူတည်ပြီး ကြိတ်ခွဲလျှင် ဝါစေ့(၁၀၀)ပိဿာလျှင် ဝါအခွံ(၂၀-၃၅) ရာခိုင်နှုန်း ၊ ဝါဖက်(၅၀-၆၀) ရာခိုင်နှုန်းနှင့် ဝါစေ့ဆီ (၁၀-၁၅)ရာခိုင်နှုန်းထွက်ရှိပြီး ဝါအခွံများအား နွားမွေးမြူရေးနှင့် မှိုစိုက်ပျိုးရေးလုပ်ငန်းများသို့ (၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ဝါဖက်အား ငါးမွေးမြူရေးလုပ်ငန်းများသို့ (၁)ပိဿာလျှင် (၁၇၀၀-၁၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဝါစေ့ဆီအား (၁)ပိဿာလျှင်(၁၁၅၀/-)ကျပ်ဖြင့်ရောင်းချကြောင်း ၊ ကျောက်ဆည်ခရိုင်အတွင်း မြစ်သားမြို့နယ် ၊ ကူမဲမြို့တွင်သာ ဝါးစေ့ကြိတ်ခွဲသည့်စက်ရှိပြီး အောင်ကမ္ဘာ၊ အလင်းရောင်၊ စန်းရောင်ခြည်နှင့်ဇော် ဝါစက်များတွင် ဝါစေ့များကိုကြိတ်ခွဲလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါသီးနှံ သည်တစ်နှစ်ပတ်လုံးစိုက်ပျိုးရသဖြင့်တောင်သူ၊ကုန်သည်တွက်ခြေကိုက်သည့်သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ပါကြောင်းရေးသား လိုက်ရပါသည်။

DOCA(မန္တလေး)

 

 

Online Sale Registration ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးနေမှုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV နှင့် interviewအစီစဉ်ဆောင်ရွက်

          Online Sale မှတ်ပုံတင်လက်မှတ်များနှင့်စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန် မတိုင်ခင်အထိ လျှောက်ထားလာမှုများအား Online မှ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှု များအား မြေပြင်ကွင်းဆင်း၍ လျှောက်ထားသည့် အချက်အလက်များနှင့် အမှန်တကယ်ကိုက် ညီမှုရှိမှသာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။

မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်း များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ၇-၁-၂၀၂၅ ခုနှစ်မှ စတင်စစ်ဆေးခဲ့ရာ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ  ၁၁ ရက် ၊ နံနက် ၁၀ နာရီအချိန်တွင် မန္တလေးမြို့ပေါ်ရှိ Online မှတ်ပုံတင်လျှောက်ထား သည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မန္တလေးသတင်းဌာနခွဲမှ လိုက်ပါ သတင်းရိုက်ကူး၍ Interview အစီအစဉ်များ မေးမြန်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုဌာနခွဲတာဝန်ခံ၊ ဦးစီးအရာရှိ ဦးမျိုးထွန်းမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

          MRTV နှင့် တွေ့ဆုံမေးမြန်းရာတွင် Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက် ထုတ်ပြန်ထားမှုများ၊ မှတ်ပုံတင်ဆောင်ရွက်ရမည့် Online အသုံးပြုစနစ်များ၊ မြေပြင်စစ်ဆေးမည့်ကဏ္ဍများ၊ Online စနစ်ဖြင့် ရောင်းချမှုတွင် ကုန်စည်၊ ဝန်ဆောင်မှုသတ်မှတ် ချက်များ အသုံးပြုဆောင်ရွက်နေသည့် Link အသုံးပြုမှုများ ၊ မြေပြင်စစ်ဆေးနေသည့် အဓိက အချက်အလက်များ၊ မြေပြင်စစ်ဆေးရာတွင် Mobile Application အသုံးပြု၍ စစ်ဆေးနေမှုများ၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဌာနဆိုင်ရာ၊ လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် အကျိုးရှိမှုများ၊ Online  စနစ်အသုံးပြု၍ လုပ်ငန်းဆောင်ရွက်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်အလက် များနှင့် လိုက်နာမှုမရှိပါက အရေးယူခံရနိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း တင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ