သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁)ရက် မှ(၁၅)ရက်အတွင်း၌ ပြည်မြို့နယ်တွင် ပြည်ခရိုင်ဦးစီးမှူးဦးဆောင်၍ ငုဝါလမ်း၊ နဝဒေးရပ် ကွက်ရှိ ဒေါ်သင်းထက်ထက်လှိုင်၏  “စွမ်း” ပဲကြော်လုပ်ငန်းနှင့် အမှတ်(၃၄)၊ ဦးလူကြီးလမ်း၊ ဂန္ဓမာ စက်မှုဇုန်ရှိ ဒေါ်ဝင်းဝင်းခိုင်၏ “ပတ္တမြား” အမှုန့်ကြိတ်လုပ်ငန်းသို့ လည်းကောင်း၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် နဝဒေး စက်မှုဇုန်(၂)ရှိ ဦးသန်းနိုင်၏ “Morning” သောက်ရေသန့် လုပ်ငန်းနှင့် တီတွတ်စံပြကျေးရွာရှိ ဦးအောင်ဌေး၏ “စံပြ” ဆန်စက်သို့လည်းကောင်း၊ ရွှေတောင်မြို့ နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ယွန်းတန်းရပ်ကွက်၊ ကျောင်းကြီးအိုးတန်းလမ်းရှိ ဦးဇာနည်ထွန်း ၏ “La Pyae” သောက်ရေသန့်လုပ်ငန်းသို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အမှတ်(၅)ရပ်ကွက်ရှိ ဒေါ်သင်းသင်းကြည်၏ “ရွှေစင်” ဆီစက်နှင့် အမှတ်(၂)ရပ် ကွက်ရှိ ဦးတင်ထွဋ်အောင်၏ “Super Fine” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း သွားရောက် ၍ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလ များတွင် ကွင်းဆင်းစစ်ဆေးမှုများ နှင့်အတူအရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်   ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သောကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း ပြည်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းကြီးအိုးတန်းရပ်ကွက်၊ လမ်းမတော်ရှိ မြန်မာနိုင်ငံသားများ ဘဏ် (MCB Bank)သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အ.မ.က (ဝါးလည်)ကျောင်း၊ အ.လ.က(ချည်မျှင်)ကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် Talk Show အစီအစဉ်ဖြင့်လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်ရှိအ.ထ.က(ပေါက်ခေါင်း)ကျောင်းသို့လည်းကောင်း စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

               အဆိုပါအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင်စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်‌သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့်တိုင်ကြားနိုင်မည့် နေရာများဖြစ်သည့်သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mm မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ 

DOCA(ပဲခူး)

“ ဆရာဝန်ညွှန်ကြားချက်မလိုသောအိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင်ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန် ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဩဂုတ်လ(၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

                      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များတွင်ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ တိုင်းရင်းဆေး ဝါးမှတ်ပုံတင်အမှတ်နှင့်သက်ဆိုင်ရာဌာနများမှ သတ်မှတ်ပါရှိရမည့်အချက်များ၊ ဖော်ပြပါရှိခြင်း ရှိ/မရှိ ‌ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ သန်လျင်မြို့နယ်အတွင်းဆေးဝါးရောင်းချသောဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း ”

                  စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း စားသုံးသူပြည်သူများ ဆေးဝါးများဝယ်ယူရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ စက်တင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ပုဂ္ဂလိကဆေးဆိုင်များသို့ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သန်လျင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဆေးဆိုင်များအား အသည်းအားဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် နှလုံးအားဖြည့်ဆေးတို့မှာ ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် အလားတူဆေးဝါးများရှိ/မရှိ၊ အစာအိမ် ဆေးနှင့်လေဆေးတို့မှာ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမရှိစေရန် မှာကြားခဲ့ပြီး ကျန်ဆေးဝါးများမှာလည်း ဈေးကွက်အတွင်းပြတ်လပ်မှုမရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများမရှိကြောင်း ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းများက ပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   DOCA (ရန်ကုန်)

သဲကုန်းမြို့ပေါ်ရှိဆေးဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

               ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၂၀၂၆ခုနှစ်၊ စက်တင်ဘာ(၁)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးထင်ဇော်ထွန်း(ဒုဦးစီးမှူး)သည် မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် Expireဆေးများရောင်းခြင်း၊ Dateပြင်ဆင်ပြီးရောင်းချခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူများနေ့စည်အသုံးပြုသော ကုန်စည်နှင့်ဝန်ဆောင်မှု များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာ ဖော်ပြခြင်းရှိ/မရှိ တရားမဝင် တင်သွင်းကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်း ချခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှန်ကန်မှုရှိစေရေးနှင့် ဈေးရောင်းချသည့် မှတ်ပုံတင်လိုင်စင်များ၊ စည်ပင်လိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ Expire ဆေးများရောင်းခြင်း ရှိ/မရှိတို့ကို ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်တံခွန်တိုင်ကျေးရွာ ဗေဒါလက်မှုပစ္စည်း လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

            ၂၀၂၆ ခုနှစ် ဩဂုတ်လတတိယပတ်တွင် ပဲခူတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဠာန၊ မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်း (ဒု-ဦးစီးမှူး)သည် သဲကုန်းမြို့နယ် တံခွန်တိုင် ကျေးရွာ၊ ဗေဒါလက်မှုပစ္စည်းလုပ်ငန်းအား ကွင်းဆင်းရာ၊ ပစ္စည်းအမျိုးအမည်၊ ဦးထုပ်အမျိုးမျိုး၊ လက်ဆွဲခြင်းသေး/ကြီး၊ လက်ဆွဲအိတ်၊ ဖိနပ်များ၊ တစ်ယောက်ထိုင်ခုံ၊ ခြေသုတ်ခုံစသည်များကို လုပ်ငန်းရှင်ဒေါ်ဝင်းဝင်းသန်းထံသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦထင်ဇော်ထွန်း(ဒု-ဦးစီးမှူး)သည် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအား၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောာင်ရွက်ရန် အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ပေါ်ရှိ၊ စိုက်ပျိုးရေးဆေး၊မျိုး၊ ဓာတ်မြေ ဩဇာအရောင်းဆိုင်များသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် ခရိုင် စိုက်ပျိုးရေးဌာနမှ ခရိုင်မန်နေဂျာဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေး အရောင်းဆိုင် (၆)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးရာတွင် ဆိုင်များမှာ လိုင်စင်ရှိ/မရှိ သက်တမ်းကျော်ပြီး ရောင်းချနေလား သက်ဆိုင်ရာဌာနမှ ညွှန်ကြားခွင့်ပြုထားသော ပိုးသတ်ဆေးများသာ ရောင်းချမှု ရှိ/မရှိ၊ သက်တမ်းလွန်ခြင်းရှိ/မရှိ ၊ဓာတ်မြေဩဇာများရောင်းချရာတွင်လည်း သက်မှတ်ထားသော ဈေးနှုန်းထက်ပိုရောင်းချမှုမရှိစေရန်နှင့် အရည်အသွေးကောင်း ဓာတ်မြေဩဇာများ ရောင်းချမှုရှိစေ ရန်ကိုလည်း အဖွဲ့မှတာဝန်ရှိသူများက စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးစစ်ဆေး ဆောင်ရွက်ခဲ့ရာစားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံကလည်း ရောင်းချသည့်ကုန်ပစ္စည်း (ဥပမာ-ဓာတ်မြေဩဇာ၊ပိုးသတ်ဆေး၊မျိုးထုတ်)များတွင် တောင်သူများအလွယ်တကူ သုံးစွဲဝယ်ယူ တတ်စေရန် ကုန်အညွှန်းအမှတ်အသား၊ မြန်မာလိုပြည့်စုံစွာပါဝင်သည့် ပစ္စည်းများရောင်းချရန်နှင့် အလေးချိန်မှန်ကန်စေရန်၊ ဈေးကစားလို၍ သိုလှောင်ထားရှိပြီး ရောင်းချမှုမပြုစေရန်ကိုလည်း လုပ်ငန်းရှင်များအား အသိပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Digital Platform အသုံးပြု စားသုံးဆီ ဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား

       စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားသုံးဆီ ဖြန့်ဖြူးခြင်းအား နည်းပညာအသုံးပြု၍ ကြီးကြပ်နိုင်ရေးအတွက် လက်လီကိုယ်စားလှယ်အဆင့်အထိ အသုံးပြုရမည့် စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ် (EOS = Edible Oil System)ကို  Capital Connect Co., Ltd နှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ကား ကိုယ်စားလှယ်များနှင့် လက်လီကိုယ်စားလှယ်များအား Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား အား ၂၂-၉-၂၀၂၆ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ Digital Platform အသုံးပြု စားသုံးဆီ ဖြန့်ဖြူး မှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား သို့ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးမှဦးဆောင်၍ အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌနှင့် Capital Connect Co., Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Citizen Pay မှ ဝန်ထမ်းများ၊ လက္ကား/လက်လီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုတိယဦးစီးမှူး၊ ဦးထန်ဘူး လေနှင့်ဝန်ထမ်းများသည် ၂၂.၉.၂၀၂၆ရက်နေ့ ၁၂:၀၀ နာရီအချိန်တွင် ကလောမြို့နယ်၊ သာမိုင်းခမ်း ကျေးရွာရှိ  ရွှေရှမ်းဖြူ ဒေသထွက်ကုန် အိမ်တွင်းမှုအကြော်စုံလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုတွင် လုပ်ငန်းရှင်အနေဖြင့် မိမိထုတ်လုပ်သော ကုန်စည်များတွင် အရည်အ သွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊အမျိုး အမည်၊အရွယ်အစား၊သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် သက်တမ်းကုန်ဆုံးရက်များကို စနစ်တကျဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ ပြည့်စုံစွာဖော်ပြပေးရန် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်လင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ထုတ်ကုန်ဘေးကင်းလုံခြုံမှယုံကြည်စိတ်ချ စားသုံးသူဘဝ အသိပညာပေးဟောပြောပွဲကျင်းပ

          စားသုံးသူတို့၏ အခွင့်အရေးနှင့်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောမှုကို ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ကလောမြို့နယ်၊သာမိုင်းခမ်း ကျေးရွာရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းတွင်သင်တန်း သားများအားစားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း ပိုမိုသိမြင်စေရန်အတွက် အသိ ပညာ ပေးဟောပြောဆွေနွေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

                                အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ  ဒုတိယဦးစီးမှူး ဦးထန်ဘူးလေက စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအား အကျယ်တဝင့်ပြောကြားမှုကို ဆောင်ရွက်ခဲ့ပြီး ထုတ်ကုန်ဘေးကင်းလုံခြုံမှယုံကြည်စိတ်ချစားသုံးသူဘဝဆိုသည့်ဆောင်ပုဒ်နှင့်အညီစားသုံးသူပြည်သူတို့၏ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဌာန၏ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ စားသုံးသူတို့ နစ်နာမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို ပြောကြားခဲ့ပါသည်။ ဟောပြောပွဲအတွင်းရှိ သင်တန်းသားများကို မိမိတို့ကိုယ်တိုင်သည်လည်း စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးဆိုင်ရာ နစ်နာမှုများတစ်စုံတစ်ရာဖြစ်ပွားလာပါက Consumer Call Center (၁၅၃၅)  ကိုလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆွေနွေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ