ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

ဝန်ဆောင်မှုပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားလာခြင်း

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ xxx သည်  xxx ပိုးထည် ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ(၁၀)ကွင်းအား ကျသင့်ငွေ ကျပ်(၂၈၄၀ဝ)၊ ပို့ဆောင်ခ ကျပ်(၁၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့ပါသည်။ သို့သော်လည်း မှာယူပြီး (၃)ပါတ်အကြာအထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာပါသည်။

     ဌာနမှ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက် နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး တိုင်ကြားသူဝယ်ယူခဲ့သည့် Online Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသဖြင့် ၎င်း၏ Page Chat Box မှတဆင့် ဖြေရှင်းဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ပါသည်။ ၎င်း Pageမှ အထည်ဝယ်ယူခဲ့သူကိုယ်တိုင် ဆက်သွယ်ပေးပါရန် ပြောကြားလာသဖြင့် တိုင်ကြားသူအား ဆက်သွယ်စေခဲ့ပါသည်။ တိုင်ကြားသူ၏ K-Pay Account ထဲသို့ ပါတိတ်ထမီ(၁၀)ကွင်း ဝယ်ယူခဲ့သည့်ကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား ပြန်လည်လွှဲပြောင်းပေးပို့ပြီးဖြစ်ကြောင်း xxx ပိုးထည်ချည်ထည်ရောင်းဝယ်ရေး Page Message မှပေးပို့လာပါသည်။ တိုင်ကြားသူအား လျော်ကြေးငွေ ရရှိခြင်းရှိ/မရှိမေးမြန်းရာ လျော်ကြေးငွေ ပြန်လည်ရရှိပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ်  စိတ်ကျေနပ်မှုရရှိသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး သို့လာရောက်၍ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးပြီး အမှုအားပိတ်သိမ်းခဲ့ပါကြောင်း သိရှိရသည်။

DOCA(မကွေး)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၄:၀၀)နာရီက  လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Max Plus အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေ အခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဌာနမှထုတ်ပြန်ထားသော  ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနမှဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတဆင့် မီနီကားလေးဝယ်ယူပြီးနောက် ပစ္စည်းပေးပို့ခြင်းမရှိသည့်အတွက် တိုင်ကြားခြင်း

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မူဆယ်မြို့ရှိ “***” မီနီကားလေး ရောင်းဝယ်ရေးထံမှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ အိမ်သုံးမီနီသုံးဘီးအား အွန်လိုင်းမှတစ်ဆင့် မှာယူခဲ့ရာ ကြိုတင်စရံငွေအဖြစ် ငွေကျပ် ၁,၁၈၀,၀၀၀/-အား ပေးချေလျှင် ပစ္စည်းကို ၁၈-၁၀-၂၀၂၃ ရက်နေ့အရောက် ပေးပို့ပေးမည်ဟု ပြောကြားခဲ့သဖြင့် ၁၃-၁၀-၂၀၂၃ ရက်နေ့တွင် ငွေကျပ် ၁,၁၈၀,၀၀၀/- ကို Wave Money ဖြင့် ငွေလွှဲပေးပို့ခဲ့ပြီးနောက် ပစ္စည်းပေးပို့လာခြင်းမရှိပါသဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိသည့်အတွက် စားသုံးသူရေးရာဦးစီးဌာန၏  Website Complaint System သို့ တိုင်ကြားလာပါသည်။

    တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားမှုအား စိစစ်ရာတွင် တိုင်ကြားသူသည် ယုံကြည်စိတ်ချရမှုမရှိသည့် အွန်လိုင်းပေါ်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၂၀-၁၀-၂၀၂၃ ရက်နေ့မှစ၍ ၎င်းအွန်လိုင်း Page ဖြစ်သော “***”  မီနီကားလေးရောင်းဝယ်ရေး၏ Page Messenger သို့လည်းကောင်း၊ ဖုန်းနံပါတ်များသို့လည်းကောင်း နေ့စဉ်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရရှိခဲ့ပါ။ ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ စားသုံးသူရေးရာဦးစီးဌာနသို့ ချိတ်ဆက်၍ တိုင်ကြားစာပါ နံပါတ်(၁၇၈)၊ ကျယ်ဂေါင် (၄) လမ်း၊ “***” မီနီကားလေးရောင်းဝယ်ရေးဟူသည့် လိပ်စာမှာ မူဆယ်မြို့တွင် ရှိ/မရှိ မေးမြန်း စုံစမ်းရာတွင် ၎င်းလိပ်စာမှာ မူဆယ်မြို့တွင်မရှိဘဲ တရုတ်နိုင်ငံဘက် တွင်သာရှိကြောင်း ပြန် ကြားချက်ရရှိခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံသို့ ချိတ်ဆက်၍ တိုင်ကြားစာပါ လိပ်စာမှာ တရုတ်နိုင်ငံတွင် ရှိနေသည့်အတွက် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးရန် အခက်အခဲရှိကြောင်း၊ အထောက်အထား အပြည့်အစုံဖြင့် သက်ဆိုင်ရာဥပဒေဖြင့်သာ ဖြေရှင်းသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ပစ္စည်းပေးပို့ရာတွင် ဝန်ဆောင်ခ ပေးချေပြီးသော်လည်း ထပ်မံတောင်းခံသဖြင့်တိုင်ကြားခြင်း

     ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်နေ တိုင်ကြားသူသည် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် အစားအသောက်ပစ္စည်းများ ပေးပို့ရာတွင်  ဝန်ဆောင်ခကျသင့်ငွေ ၁၅,၀၀၀/-ကျပ်ကို ပေး‌ချေပြီးသော်လည်း ၁၂,၀၀၀/-ကျပ် ထပ်မံတောင်းခံသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားခြင်း ဖြစ်ပါသည်။

     တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူများထံ  ဆက်သွယ်မေးမြန်းရာတွင် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့သို့ တိုက်ရိုက်ပြေးဆွဲသော ယာဉ်လိုင်းမရှိသည့်အတွက် ကျိုင်းတုံ-တောင်ကြီး-မန္တလေးမှတဆင့် စစ်ကိုင်းမြို့သို့ ပို့ဆောင်ရပါကြောင်း၊ တိုင်ကြားသူ၏ ပစ္စည်းအားပေးပို့ရာတွင် ကျိုင်းတုံမြို့မှ စစ်ကိုင်းမြို့အထိ ပေးပို့သော ပြေစာပေါ်တွင် ငွေရှင်းပြီးဟု ရေးသားထားသော်လည်း တောင်ကြီးမြို့မော်တော်ယာဉ်လိုင်းမှ ပြေစာပေါ်တွင် ငွေတောင်းရန်ဟု ထပ်မံရေးသားထားသောကြောင့် မန္တလေးမော်တော်ယာဉ်လိုင်းက ဝန်ဆောင်ခအား ထပ်မံတောင်းခံခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည့်အတွက် ၁-၁၀-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူနှင့်မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတို့အား ခေါ်ယူတွေ့ဆုံပြီး တိုင်ကြားသူထံ ထပ်မံကောက်ခံသော ငွေကျပ် ၁၂,၀၀၀/-အား တာဝန်ရှိသူများရှေ့မှောက်တွင် ပြန်လည်ပေးအပ်ခဲ့သဖြင့် တိုင်ကြားသူမှ ကျေနပ်မှုရရှိပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

ပို့ဆောင်ရေး(ဝန်ဆောင်မှု)နှင့်ပတ်သက်၍ ‌ဖြေရှင်းပေးခဲ့

    မကွေးမြို့၊ xxxxxx ရပ်ကွက်နေ xxxxxx သည် (၁၂.၁၀.၂၀၂၃)ရက်နေ့တွင် မကွေးမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသော xxxxxxကားဂိတ်သို့ ကော်ခြင်း(၁)လုံး၊ ဆန်(၁၂)ပြည်နှင့် ပဲကြော် (၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊ ခရမ်းချဉ်သီးသေတ္တာတစ်လုံးတို့အား တန်ဆာခ(၂၈၀၀၀)ကျပ်ပေး၍ မကွေးမှ မြစ်ကြီးနား(ပမ္ပတီး)သို့ တင်ပို့ရန်အပ်နှံခဲ့ပါသည်။ (၁၄.၁၀.၂၀၂၃)ရက်နေ့ ညနေတွင် မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းများရောက်ရှိသော်လည်း ဆန်(၁၂)ပြည်နှင့် ပဲကြော်(၅)ပိဿာပါ ပီနံအိတ်မှာ ရေစို၍ ပစ္စည်းများပျက်စီးသွားမှုအပေါ် ဂိတ်မှတာဝန်ယူဖြေရှင်းပေးခြင်းမရှိပါ၍ (၁၆.၁၀.၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ CICC ရုံးသို့ လာရောက်တိုင်ကြားလာပါသည်။

      တိုင်ကြားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှု ရှိ/ မရှိ စိစစ်ခဲ့ပြီး (၁၈.၁၀.၂၀၂၃)ရက်နေ့တွင် အမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာယာဉ်လိုင်း တာဝန်ရှိသူသို့ မေးမြန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ လမ်းခရီးတွင်ရေကြီးသောကြောင့် မိမိတို့ကား၏ ဝမ်းဗိုက်အတွင်းသယ်ဆောင်လာသော ကုန်ပစ္စည်းများမှာ ရေစိုပျက်စီးသွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်မှာလည်း မြစ်ကြီးနားသို့သွားသော ယာဉ်လိုင်းအားလုံးတွင် ကြုံတွေ့ရသောကြောင့် ပျက်စီးဆုံးရှုံးမှုမှာ သဘာဝဘေးကြောင့်ဖြစ်ရပြီး မြစ်ကြီးနားမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တန်ဆာခများကိုပေးလျော်စေကြောင်း၊ သဘာဝဘေးကြောင့်ပျက်စီးမှုအပေါ် မိမိတို့ ယာဉ်လိုင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူ၏ဖြေကြားခဲ့မှုအပေါ် မှန်ကန်မှုရှိ/မရှိ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှတစ်ဆင့် မြစ်ကြီးနား မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါရက်များတွင် ရေကြီးမှုဖြစ်စဉ် ရှိခဲ့သော်လည်း မော်တော်ယာဉ်လိုင်းများကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဝင်ရောက်ဖြေရှင်းပေးရသည့် အမှုမရှိခဲ့ကြောင်းနှင့် ယာဉ်ဝမ်းဗိုက်အခန်းရေမလုံသည့်ကားများတွင်ပျက်စီးမှုရှိကြောင်း ဖြေကြားလာခဲ့ပါသည်။ မြစ်ကြီးနား မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ဖြေကြားချက်နှင့် စပ်လျဉ်း၍ ဂျိမ်းဖောသူယာဉ်လိုင်းတာဝန်ရှိသူသို့ ဆက်သွယ်ပြောကြားခဲ့ရာ ရေစိုသည့်ဆန်အိတ်ကို တိုင်ကြားသူမှပြန်ယူသွားပြီဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးသည့်ပဲကြော်(၅)ပိဿာကို ဂိတ်တွင်ထားခဲ့ သောကြောင့် ၎င်းပဲကြော်(၅)ပိဿာတန်ဘိုးကိုသာ ပေးလျော်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။ ၎င်းညှိနှိုင်းရရှိခဲ့မှုအား တိုင်ကြားသူထံဆက်သွယ်ပြောကြားရာ သဘောတူလက်ခံခဲ့ပါသည်။  (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် ယာဉ်လိုင်းတာဝန်ရှိသူမှတိုင်ကြားသူသို့ ပျက်စီးဆုံးရှုံးခဲ့သော ပဲကြော်(၅) ပိဿာအတွက် ကျသင့်ငွေကျပ်(၄၅၀၀၀)အား စားသုံးသူရေးရာဦးစီးဌာန ရုံးတာဝန်ရှိသူများ ရှေ့မှောက်တွင် ပြန်လည်ပေးလျော်ခဲ့ပါသဖြင့် တိုင်ကြားသူမှစိတ်ကျေနပ်မှုရရှိကာ ကျေအေးလွှာတွ င်လက်မှတ်ရေးထိုး၍ အမှုပိတ်သိမ်းနိုင်ခဲ့ပါသည်။

DOCA(မကွေး)

 

 

ဘားအံတွင် အင်တာနက် Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ စား သုံးသူအငြင်းပွား တိုင်ကြားမှု အပေါ် ဖြေရှင်းဆောင်ရွက်

      ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၆ ရပ်ကွက်နေ တိုင်ကြားသူသည် XXXX ကုမ္ပဏီမှ အင်တာနက် Wifi အားရယူသုံးစွဲရာတွင် အင်တာနက်လိုင်းပြတ်တောက်ခဲ့ပြီး အင်တာနက်လိုင်း ပြတ်တောက်မှု ပတ်သက်၍ ကုမ္ပဏီဘက်သို့ ဖုန်းဆက်ခေါ်ဆိုရာတွင် ခေါ်ဆိုရခက်ခဲခြင်း၊ နစ်နာမှုနှင့်ပတ်သက်၍ ကုမ္မဏီဘက်မှ ကြေညာထားသော အာမခံမှုအတိုင်းအပြည့်အဝမရရှိခြင်း၊ Call Center မှ ကျေနပ် အောင် ဖြေကြားမှုမရှိခြင်းတို့ကြောင့် ၎င်း၏နစ်နာမှုများအတွက် ကုမ္ပဏီ၏ အာမခံချက်အတိုင်း စားသုံးသူအခွင့်အရေးအပြည့်အဝ ရရှိလိုကြောင်း တင်ပြလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိနှင့်စားသုံးရေးရာဌာနခွဲ တာဝန်ခံတို့သည် အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူငြင်းပွားတိုင်ကြားလာမှုအပေါ်၁၁-၁၀-၂၀၂၃ ရက် နေ့၊နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်ကြားသူနှင့် ဝန်ဆောင်မှုပေးသူ လုပ်ငန်းရှင်တို့အားခေါ်ယူတွေ့ဆုံ၍ အငြင်းပွားမှုအား ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

     ထိုသို့နှစ်ဦးနှစ်ဘက်ခေါ်ယူတွေ့ဆုံ၍ဖြေရှင်းဆောင်ရွက်ပေးရာတွင် ဝန်ဆောင်မှုပေးသူ XXXX ကုမ္ပဏီကိုယ်စားဘားအံရုံးခွဲတာဝန်ခံမှ စားသုံးသူနစ်နာမှုများအဆင်မပြေမှုများအတွက် တောင်းပန် ပါကြောင်း၊ အင်တာနက်ဝန်ဆောင်မှုပြတ်တောက်ချိန် ကြားကာလရက်များအတွက် ပြန်လည် အစားထိုးပေးနိုင်ရေးအတွက် ကုမ္ပဏီသို့ တင်ပြ၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် Wifi မီးနီ၍ လိုင်းမတက်ခြင်းအတွက် ချက်ခြင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သဘောတူညီမှုများကို ဌာနမှနှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးပေးနိုင်ခဲ့သည်။

   ထို့နောက် ၁၁-၁၀-၂၀၂၃ ရက်နေ့ ၁၇၀၀ နာရီအချိန်တွင် ကုမ္ပဏီဘက်မှ စားသုံးသူထံဆောင်ရွက်ပေးမည့် နစ်နာမှုများအတွက် စားသုံးသူ(သုံးစွဲသူ)၏ Wifi ငွေပေးသွင်းပြီး သက်တမ်းကျန် ၁၁ ရက်အတွက် ပြန်လည်သုံးစွဲနိုင်ရန် အစားထိုးရက် ပြည်လည်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊  ထို့အပြင် Wifi ပြတ်တောက်သည့်ကာလ ၁ လစာအား အခမဲ့အသုံးပြုခွင့်ကိုလည်း ပေးအပ်ခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြခဲ့မှုအပေါ် တိုင်ကြားသူဘက်သို့ ပြန်လည်ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေရှင်းဆောင်ရွက်ပေးမှုများအပေါ် ကျေနပ်မှုရှိပါကြောင်း ပြန်ကြားခဲ့သည့်အတွက် အမှုကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

ဆိုင်ကယ်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်နေ တိုင်ကြားသူသည် လွိုင်ကော်မြို့၊ ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်က ဆိုင်ကယ်ဝယ်ယူခဲ့ရာ Owner Book မရရှိ၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန  ကယားပြည်နယ်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် တိုင်ကြားသူ၏ အထောက်အထားများကို စစ်ဆေးခဲ့ရာ တိုင်ကြားသူသည် ၁-၁၁-၂၀၂၀ ရက်နေ့တွင် Supernova 125 (စိမ်း) ဆိုင်ကယ်ကို ၉၈၀,၀၀၀/- ကျပ် တန်ဖိုးရှိ ဆိုင်ကယ်ကို ငွေသားဖြင့်ပေးချေပြီး ဆိုင်ကယ်အရောင်းဆိုင်မှ လက်ငင်းငွေပေးချေဝယ်ယူခဲ့ရာ တိုင်ကြားသည့် ၂၇-၇-၂၀၂၃ ရက်နေ့အထိ Owner Book မရရှိသေးကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်ထံသို့ ၂-၈-၂၀၂၃ ရက်နေ့တွင် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရသောကြောင့် အကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ ၃-၈-၂၀၂၃ ရက်နေ့တွင် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ ကယားပြည်နယ် (CICC) သို့ လာရောက်၍ နိုင်ငံရေးအခြေအနေရ စစ်ရှောင်ရင်း ဆိုင်ကယ် Owner Book များ ပျောက်ဆုံးခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့ ကုမ္ပဏီအနေဖြင့်မဟုတ်ဘဲ ကြားခံကုမ္ပဏီတစ်ခုဖြင့် ဆိုင်ကယ်များ တင်သွင်းခြင်းဖြစ်သည့်အတွက် အစီးရေများ၍ အချိန်ကြန့်ကြာခြင်းနှင့် ပျောက်ဆုံးသွားသည့်ဆိုင်ကယ် Owner Book ပိုင်ရှင်များအား တောင်းပန်ထားပါကြောင်း၊ ဆိုင်ကယ်နံပါတ်များရရှိရေးကို ၎င်းတို့ကုမ္ပဏီအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပြန်လည်လျှောက်ထားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံး)နှင့် ချိတ်ဆက်ဆောင်ရွက်ထားပါကြောင်း၊ ၎င်းတို့အနေဖြင့် တိုင်ကြားသူ စိတ်ကျေနပ်မှုရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကယားပြည်နယ်(CICC)တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်သို့ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၂၁ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ဝတ္တရားများအား ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ဆိုင်ကယ် Owner Book များရရှိရေး အာမခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆိုင်ကယ်ဝယ်ယူသည့်နေ့ရက်မှ ယနေ့အချိန်ထိ သက်တမ်းတိုး(၄)နှစ်စာအား တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညှိနှိုင်းသဘော တူညီချက်ရရှိခဲ့ပါသည်။ သဘောတူညီချက်အတိုင်း ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ တိုင်ကြားသူထံသို့ ၁၆-၉-၂၀၂၃ ရက်နေ့တွင် Owner Book နှင့် စာရွက်စာတမ်းများ လက်ဝယ်ပေးအပ်ပြီးဖြစ်၍ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ၁၈-၉-၂၀၂၃ ရက် နေ့တွင် ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ငံပြာရည် ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူသည် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်းရှိ ငံပြာရည်နှင့် ဆော့စ်အမျိုးမျိုး ရောင်းချသောဆိုင်မှ ၂၄-၆-၂၀၂၃ ရက်နေ့တွင် “***” အမှတ်တံဆိပ်ငံပြာရည်ကို တစ်ပုလင်း ၃,၀၀၀/- ကျပ်ဖြင့်ဝယ်ယူခဲ့ပါကြောင်း၊ ယခင်သုံးစွဲနေကျ “***” အမှတ်တံဆိပ်ငံပြာရည်နှင့် အရသာကွာခြားမှုရှိသော်လည်း ထုတ်ပိုးမှုမှာ မူလအတိုင်းဖြစ်နေ၍ “***” အမှတ်တံဆိပ်ငံပြာရည် အစစ်ဟု ထင်မြင်၍ ဝယ်ယူခဲ့ပါကြောင်း၊ ဝယ်ယူပြီး အနံ့နမ်းကြည့်ရာ ငါး၊ ငါးပိရည် အနံ့မရဘဲ မန်ကျည်းရည်နှင့် ဆားဖျော်ထားသည့် အနံ့သာရှိပြီး အရသာမှာလည်း မန်ကျည်း အရသာဖြစ်နေသဖြင့် ဖြေရှင်းဆောင် ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီး ဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် မိတ္ထီလာမြို့မဈေးရှိ ငံပြာရည်နှင့် ဆော့စ်အမျိုးမျိုး ရောင်းချသောဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အတုဟုယူဆရသည့် တိုင်ကြားသည့် “***” အမှတ်တံဆိပ် ငံပြာရည် (၁၀)ပုလင်းကို စစ်ဆေးတွေ့ရှိရပြီး ၎င်းငံပြာရည်များသည် ရန်ကုန်မြို့ရှိ “***” ကုမ္ပဏီမှ လာရောက်ဖြန့်ဖြူးခြင်း ဖြစ်ပါကြောင်းနှင့်  ဆိုင်ပိုင်ရှင်မှ တိုင်ကြားသူသို့   ၁၀-၈-၂၀၂၃ ရက်နေ့ မတိုင်မီ “***” အမှတ်တံဆိပ်ငံပြာရည် ဝယ်ယူခဲ့သည့် ငွေတန်ဖိုးနှင့် “***” အမှတ်တံဆိပ်ငံပြာရည် အသစ်တစ်လုံး ပေးလျော်မည်ဟု ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဝယ်ယူခဲ့စဉ်က ပေးချေခဲ့သော ငံပြာရည်တန်ဖိုးငွေ ၃,၀၀၀/-ကျပ် နှင့် “***” အမှတ်တံဆိပ်ငံပြာရည် အသစ်တစ်လုံးကို တိုင်ကြားသူထံ ပြန်လည်ပေးလျော်ခဲ့ရာ တိုင်ကြား သူကလည်း ကျေနပ်မှုရှိပါသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ဆင်းကဒ် အပိတ်ခံရ၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူသည်   " *** "Limited မှ Sim Life Cycle Policy နှင့်ပတ်သက်၍ သတ်မှတ်ထုတ် ပြန်ထားသည့်အတိုင်း ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူ ရေးရာဦးစီးဌာန၊ Website Complaint System သို့ တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက   “ *** ” Limited သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ “ *** ”  Limited မှ စိစစ်ချက်များအရ တိုင်ကြားသူ၏ ဖုန်းနံပါတ် 09xxxxxxxxx မှာ ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် နောက်ဆုံးငွေဖြည့်သွင်းခဲ့ပြီး နောက်ထပ် (တစ်နှစ်အတွင်း) ငွေဖြည့်သွင်းမှုမရှိတော့သည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် အဆိုပါဆင်းကဒ်သည် သတ်မှတ်ထုတ်ပြန်ထားသည့် Sim Life Cycle လုပ်ထုံးလုပ်နည်းများအရ သက်တမ်းကုန်ဆုံးသွားခြင်းဖြစ်ကြောင်းကို တိုင်ကြားသူထံဆက်သွယ်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါကြောင်းနှင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ “ *** ”  Limited ၏ ဖြေရှင်းဆောင်ရွက်ပေးမှုကို ကျေနပ်မှုရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

ကုန်စည်(လုပ်ငန်းသုံးပစ္စည်း)နှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

     မကွေးတိုင်းဒေသကြီး၊ xxxxxx မြို့နယ်၊ xxxxxx ကျေးရွာနေ၊ ဦး xxxxxx သည် (၂၇.၆.၂၀၂၃)ရက်နေ့တွင် xxxxxx လက်အိတ်ကို Online Page မှ စိုက်ပျိုးရေးသုံး လက်သည်းနှစ်ဖက်ပါသော လက်အိတ်(၁၀)စုံအား ကျသင့်ငွေကျပ်(၆၉၀၀၀)ပေးချေ၍ မှာယူခဲ့ရာ မှာယူပြီးတစ်ပတ်အကြာတွင် လက်အိတ်များ ရောက်ရှိလာကြောင်း၊ လက်အိတ်(၁)စုံအား ဖွင့်ဖောက်စစ်ဆေးရာ၌ အရောင်းဝန်ထမ်းမှ ရောင်းချစဉ်က ပြောဆိုထားသည့်အတိုင်း လက်သည်းမှာ လက်အိတ်နှစ်ဖက်လုံးတွင်ပါဝင်ခြင်းမရှိဘဲ လက်အိတ်တစ်ဖက်ထဲတွင်သာပါရှိကြောင်း၊ အရောင်း ဝန်ထမ်းထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ဆက်သွယ်၍မရခဲ့ဘဲ (၄.၇.၂၀၂၃)ရက်နေ့ Online Shop သို့ အဆက်အသွယ်ရရှိချိန်၌ မိမိထံ ရောက်ရှိနေသည့်ပစ္စည်းများမှာ လက်သည်းနှစ်ဖက် မပါရှိ၍ ငွေပြန်လည်အမ်းပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် အရောင်းဝန်ထမ်းမှ သဘောတူညီ၍ ပစ္စည်းများပြန်ပို့ပေးရန် ပြောကြားခဲ့ကြောင်း၊ (၈.၇.၂၀၂၃)ရက်နေ့တွင် လက်အိတ်ပစ္စည်းများ ပြန်လည်ပေးပို့ရန်ပြင်ဆင်ချိန်၌ ၎င်း Online Shop မှ ဖုန်းဖြင့်ထပ်မံဆက်သွယ်လာပြီး အချိန်ကြန့်ကြာသွားပြီဖြစ်၍ ငွေပြန်လည်အမ်းပေးနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည့်အတွက်  ၎င်း၏နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားလာခြင်းဖြစ်ပါသည်။  

     တိုင်ကြားမှုနှင့်ပတ်သက်၍ (၁၈.၇.၂၀၂၃)ရက်နေ့တွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များဖြစ်သော တိုင်ကြားသူဘက်မှ ပြေစာအထောက်အထား၊ ဝယ်ယူစဉ် အခါက လက်သည်းနှစ်ဖက်ပါလက်အိတ် ဝယ်ယူလိုကြောင်း အရောင်းဝန်ထမ်းနှင့် အပြန်အလှန် ပြောဆိုထားသည့်စာ/ အထောက်အထားများအား ဌာနသို့ ပေးပို့တင်ပြရန် အကြောင်းကြားခဲ့ပြီး၊ (၂၀.၇.၂၀၂၃)ရက်နေ့တွင် xxxxxx Online Page သို့ ဆက်သွယ်၍ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ရာ (၂၅.၇.၂၀၂၃)ရက်နေ့တွင် အဆိုပါ Online Page သို့ တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး  အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ (၁၀.၈.၂၀၂၃) ရက်နေ့တွင်  အရောင်းဝန်ထမ်း၏  ဖုန်းသို့ဆက်သွယ်၍ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ထပ်မံအကြောင်းကြားခဲ့ပါသည်။ တိုင်ကြားခံရသူမှ  လက်အိတ်သည် လက်သည်းတစ်ဖက်သာပါရှိပြီး ပုံတွင်ပြထားသည့်အတိုင်းသာ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ မှာယူသူသည်ပုံကိုကြည့်ပြီး အော်ဒါတင်ခြင်းဖြစ်ကြောင်း၊ လက်အိတ်မှာ လက်သည်း အဖြုတ်အတပ်ပြုလုပ်လို့ရပြီး လိုသလို အသုံးပြုနိုင်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လက်အိတ် ကုမ္ပဏီဖြစ်သည့် xxxxxx နှင့် လက်တွဲဖြုတ်သွားပြီဖြစ်ကြောင်း၊ ကုမ္ပဏီမှလည်း ပြန်လည်အလျော်မပေးနိုင်ကြောင်း ပြောကြားလာသည့်အတွက် မိမိတို့အနေဖြင့် ကိုယ်စားအနူးအညွတ်တောင်းပန်အပ်ပါကြောင်း ဌာန၏ Mail သို့ (၁၃.၈.၂၀၂၃)ရက်နေ့တွင် ပြန်ကြားလာခဲ့ပါသည်။

    တိုင်ကြားသူဘက်မှ ဝယ်ယူခဲ့သည့်ပြေစာ၊ အရောင်းဝန်ထမ်းနှင့် ဝယ်ယူစဉ်ကာလက လက်သည်းနှစ်ဖက်ပါ လက်အိတ်ဝယ်ယူလိုကြောင်း ပြောဆိုထားသည့် အထောက်အထားများ၊ အရောင်း ဝန်ထမ်းမှ လက်သည်းနှစ်ဖက်ပါလက်အိတ် ပေးပို့ပေးမည်ဖြစ်ကြောင်း Online မှ ပြောဆိုခဲ့သည့် အသံဖိုင် (သို့) အထောက်အထားများအား (၃၁.၈.၂၀၂၃)ရက်နေ့အရောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ e-mail သို့ပေးပို့ပေးရန် (၂၄.၈.၂၀၂၃)ရက်နေ့တွင် ဌာနမှ တိုင်ကြားသူ ထံသို့ ထပ်မံအကြောင်းကြားစာပေးပို့ခဲ့ပါသည်။ တိုင်ကြားသူဘက်မှ တစ်စုံတစ်ရာအကြောင်းပြန် ကြားလာခြင်းမရှိပါသဖြင့် (၅.၉.၂၀၂၃)ရက်နေ့တွင် ဌာနမှ တိုင်ကြားသူအား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ သက်သေအထောက်အထားများ ပေးပို့တင်ပြရန်မရှိပါကြောင်း ပြောကြားလာခြင်း အပေါ် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူဘက်မှ ကုန်စည်၊ ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင်ပြေစာ (သို့) အထောက်အထားများ ပြည့်စုံစွာတင်ပြနိုင်မှသာ တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး လိုအပ်သောအထောက်အထားများ တင်ပြနိုင်ခြင်းမရှိ သဖြင့် တိုင်ကြားသူမှ ၎င်း၏တိုင်ကြားမှုအား ဌာနမှပိတ်သိမ်းခြင်းကို လက်ခံပါကြောင်း ပြောကြားခဲ့ပါသည်။

     သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် ကုန်စည်(သို) ဝန်ဆောင်မှုကို ဝယ်ယူရာတွင် ဝယ်ယူစဉ်ကပင် ပြေစာ၊ အထောက်အထားများ၊ တောင်းခံထားရန် လိုအပ်ပြီး နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာ၍ တိုင်တန်းရာတွင် အထောက်အထားပြည့်စုံစွာ တင်ပြနိုင်သည်ဖြစ်၍  နစ်နာဆုံးရှုံးမှုအတွက် ပြန်လည်ကုစားပေးနိုင်မည်ဖြစ်ကြောင်း အသိပေးရေးသား တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ