ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

အာမခံကုမ္ပဏီ၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

၁။       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နေ တိုင်ကြားသူသည် ၎င်းပိုင်ဆိုင်သော မော်တော်ယာဉ် အား ပြည်မြို့ရှိ အာမခံကုမ္ပဏီရုံးခွဲတွင် မော်တော်ယာဉ်အား အာမခံထားရှိခဲ့ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် အတွက် အာမခံထားရှိသောကုမ္ပဏီသို့ အကြောင်းကြား ခဲ့ရာ နစ်နာဆုံးရှုံးမှုအတွက် မော်တော်ယာဉ် အာမခံ လျော်ကြေးငွေအား ကုမ္ပဏီက ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့  စာဖြင့် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍   ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အာမခံကုမ္ပဏီတို့အား တိုင်းဒေသကြီးဦးစီး မှူးရုံးသို့ ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ကုမ္ပဏီ၏ အာမခံပေါ်လစီနှင့်မညီညွတ် ဟူ၍ တိုင်ကြားသူထံသို့ မော်တော်ယာဉ်အာမခံ လျော်ကြေးငွေအား ပြန်လည်ပေးလျော်ခြင်း မရှိသည့် အတွက် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၆)တွင် အမှာစာဖြင့် တင်ပြခဲ့ရာ ကုမ္ပဏီအနေဖြင့် မော်တော်ယာဉ် ပျက်စီးဆုံးရှုံးသည့် ယာဉ်ပြင်ဆင်စရိတ် ကျသင့်တန်ဖိုး ငွေကျပ်(၁၄၆)သိန်းခန့် အပေါ် သင့်တင့်မျှတသည့် အာမခံလျော်ကြေးငွေအား တိုင်ကြားသူထံသို့ အမြန်ဆုံးပေးလျော်သင့်ပါကြောင်း ဆုံးဖြတ်ချက်အရ တိုင်ကြားသူ၏ မော်တော်ယာဉ် ပျက်စီးဆုံးရှုံး သည့် ယာဉ်ပြင်ဆင်စရိတ် (၁၄၆) သိန်းခန့် ကုန်ကျထားမှုအပေါ် ၃ ပုံ ၂ ပုံ ခန့်ပြန်လည်ပေးချေနိုင် ရေးဆောင်ရွက်ပေးနိုင်ပါရန် ကုမ္ပဏီသို့ ညှိနှိုင်းအကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ကုမ္ပဏီက အာမခံပေါ်လစီ စည်းကမ်းချက်နှင့် မညီညွတ်သဖြင့်လျော်ကြေးအား ဆောင်ရွက်ပေးခဲ့ခြင်းမရှိသော် လည်း ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ပဲခူးတိုင်းစားသုံးသူရေးရာဦးစီးဌာန၏ ညှိနှိုင်းပေး မှုအား လေးစားသောအားဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်ကတည်းက ကားအာမခံထားရှိခဲ့သော customer အား တန်ဖိုးထားခြင်းနှင့် ဆုံးရှုံးမှုအား လူမှုရေးအရ စာနာထောက်ထားမှုများကြောင့် လျော်ကြေးအား ပေါ်လစီစည်းကမ်း ချက်နှင့်အညီ မေတ္တာရှိလျော်ကြေးဖြင့် ငွေကျပ် ၄,၀၀၀,၀၀၀/-နှင့် ယာဉ်ပေါ် လိုက်ပါစီးနင်းသူ တိုင်ကြားသူ၏ ဒဏ်ရာရရှိမှုအတွက် ပေါ်လစီစည်းကမ်းချက်ပါ  လျော်ကြေးအတိုင်း ငွေကျပ် ၃၂၀,၀၀၀/-၊ စုစုပေါင်းငွေကျပ် ၄,၃၂၀,၀၀၀/- (ကျပ်လေးဆယ့်သုံးသိန်း နှစ်သောင်းတိတိ)ကို ပေးလျော်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားလာပါသည်။ တိုင်ကြားသူ မှ သဘောတူညီမှုရရှိသဖြင့် ကုမ္ပဏီမှ နစ်နာကြေး ငွေကျပ် ၄,၃၂၀,၀၀၀/- (ကျပ်လေးဆယ့်သုံးသိန်း နှစ်သောင်းတိတိ) အား တိုင်ကြားသူထံသို့ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် ပေးလျော်ခဲ့ပြီး သဘောတူညီမှုပုံစံတွင် လက်မှတ်ရေးထိုး၍ နှစ်ဦးနှစ်ဖက် ကျေနပ်မှု ရရှိသဖြင့် တိုင် ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

သစ်သားဝယ်ယူမှုနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ တိုင်ကြားသူသည် သစ်သားဝယ်ယူရာတွင် မှာယူထားသော သစ်အမျိုးအစားနှင့် ကိုက်ညီမှုမရှိသည့် အခြားသစ်သားများ ပါဝင်လာသဖြင့် ပြန်လည်ပေးပို့ခဲ့ပြီး သစ်သားဖိုးငွေ တောင်းခံရာတွင် ပေးအပ်ခြင်းမရှိသဖြင့် ဆုံးရှုံးနစ်နာသောသစ်သားဖိုးငွေ ပြန်လည် ရရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သည့် www.doca.gov.mm သို့ တိုင်ကြားလာပါသည်။

          တိုင်ကြားမှုနှင့်စပ်လျဥ်း၍ စစ်ဆေးရေးမှူးအား ဖြစ်စဥ်မှန်/မမှန် စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့ပြီး စစ်ဆေးရေးမှူး၏ တင်ပြချက်အရ ၃၁-၃-၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား ဆက်သွယ်၍ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူးက နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းခဲ့ရာ သစ်သားအရောင်းဆိုင်တာဝန်ရှိသူက တိုင်ကြားသူနစ်နာမှုအတွက် သစ်သားတန်ဖိုး ငွေ၅၀၂၀၀၀၀ကျပ် (ငါးဆယ်သိန်းနှစ်သောင်းကျပ်)အား ပြန်လည်ပေးအပ်ခြင်းကို တိုင်ကြားသူက လက်ခံကျေနပ်မှုရှိသဖြင့် အမှုပိတ်သိမ်းရန် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီး စေ့စပ်ညှိနှိုင်းခြင်း နည်းလမ်းဖြင့် တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် CICC တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်မှ ဦးငြိမ်းဇော်လင်းက K-PAY အကောင့်ပိတ်ခံထားရမှုနှင့် ပက်သက်၍ တိုင်ကြားလာခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် ပက်သက်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉) အရစားသုံးသူ၏ အခွင့်အရေး(၈) ချက်ပါ ပုဒ်မခွဲ(င) စာသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်းအပေါ် ဦးငြိမ်းဇော်လင်း၏ ငွေသား(၁၄) သိန်းကျော်ပါဝင်သော K-PAY အကောင့်ပိတ်ခံထားရမှုနှင့် ပက်သက်၍ တိုင်ကြားလာခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပုဒ်မခွဲ(စ) အရ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိစေခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဦးငြိမ်းဇော်လင်း၏ K-PAY အကောင့်ပိတ်ခံထားရမှုနှင့် ပက်သက်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး (၂၁.၃.၂၀၂၆) ရက်နေ့တွင် အမှုပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကားဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်နေ တိုင် ကြားသူတစ်ဦးသည် ကားအရောင်းပြခန်း တစ်ခုထံမှ SUZUKI  အမျိုးအစား မော်တော်ယာဉ်ဝယ်ယူခဲ့ရာ မော် တော်  ယာဉ် တန်ဖိုးငွေကျပ် ၅၇,၅၀၀,၀၀၀/-တွင် ဝင်ငွေခွန် ၅ % ပါဝင်နေမှုအပေါ် ၅ % နှင့်ပတ်သက် သည့် စာရွက်စာတမ်း အထောက်အထားပေးရန် Car Showroom သို့ တောင်းဆိုခဲ့သော်လည်း ပေးအပ်နိုင်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏  Website Complaint System သို့  ဆက်သွယ် တိုင်ကြား လာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကားအရောင်းပြခန်းမှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ကား အရောင်းပြခန်းမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် ဆက်သွယ်ဖြေရှင်းရာတွင်  နှစ်ဦးနှစ်ဖက်ပြေ လည်မှု မရရှိသောကြောင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူနှင့် Car Service မှ တာဝန်ရှိသူ များအား ဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့ရာ ကားအရောင်းပြခန်းမှ တာဝန်ရှိသူများက အငြင်းပွားမှု ဖြစ်ပွား နေသည့် ဝင်ငွေခွန် ၅ % နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းအထောက်အထားများအား ဌာနမှ တာဝန်ရှိသူများနှင့် တိုင်ကြားသူအား ရှင်းလင်းပြသခဲ့ရာ တိုင်ကြားသူမှ ကျေနပ်လက်ခံသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

 

ဖုန်းပြုပြင်ရေးဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဖုန်းပြုပြင်ရေးဆိုင် တစ်ဆိုင်၌ ၎င်း၏ဖုန်း Redmi Note 8 အား ပြင်ဆင်ရန် ဝန်ဆောင်ခငွေ ကျပ် ၁၁၅,၀၀ဝ/- ဖြင့် အပ်နှံခဲ့ရာ ဖုန်းပြုပြင်မှု အဆင်မပြေသောကြောင့် ဝန်ဆောင်ခ များ ပြန်လည်တောင်းခံရာ ငွေကျပ် ၉၅,၀၀ဝ/-သာ ပေးအပ် သဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့  ဆက်သွယ်တိုင် ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  ဖုန်း ပြုပြင်ရေးဆိုင်မှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဖုန်းပြုပြင်ရေးဆိုင်မှ တာဝန်ရှိ သူက တိုင်ကြားသူထံဆက်သွယ်၍ ပေးအပ်ရန်ကျန်ရှိသည့် ငွေကျပ် ၂၀,၀၀ဝ/-အား Wave Pay ဖြင့်လွှဲပေးခဲ့ပြီးဖြစ်ပါကြောင်း ဌာနသို့ ဆက်သွယ် ပြန်ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူက တိုင်ကြား သူအား ဆက်သွယ်မေးမြန်းခဲ့ရာ ငွေလက်ခံရရှိပါကြောင်းနှင့် တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်း ပြန်လည်ပြောကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

အိတ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် အိတ်အရောင်းဆိုင် တစ်ဆိုင်မှ Long Champ Luxury Bag များအား အစစ်အမှန်ဖြစ်ကြောင်း ပြောဆိုရောင်းချလာသဖြင့် တစ်လုံးလျှင် တန်ဖိုးငွေကျပ် ၃၈၉,၉၀ဝ/- (၁)လုံးနှင့် တန်ဖိုးငွေကျပ် ၃၅၄,၃၀  ဝ/-တန် (၁)လုံး တို့ကို စုစုပေါင်းတန်ဖိုး ငွေကျပ် ၇၄၄,၂၀၀/-ဖြင့် ဝယ်ယူခဲ့ပြီး အိတ်များအား စစ်ဆေးရာတွင် အစစ်အမှန် မဟုတ် သည်ကို တွေ့ရှိရသဖြင့် တန်ဖိုးငွေပြန်အမ်းပေးရန် ပြောကြားသော်လည်း ပြန်အမ်းပေးခြင်းမရှိ သောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့  ဆက်သွယ်တိုင် ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် အိတ်အရောင်းဆိုင်မှ တာဝန်ရှိသူထံ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းရာတွင် ပြေလည်မှုမရရှိသဖြင့် ဌာနမှတာဝန်ရှိသူများက စေ့စပ်ညှိနှိုင်းမှုများ ဆောင် ရွက်ပေးနိုင်ရန် တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အိတ်ဆိုင်မှ တာဝန်ရှိသူတို့အား ဌာနသို့ ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့မှုအရ အိတ်ဆိုင်မှ တာဝန်ရှိသူက တိုင်ကြားသူအနေဖြင့် ၎င်းတို့ထံမှ မှာယူခဲ့သည့် အိတ်(၂)လုံးအနက် ငွေကျပ် ၃၈၉,၉၀ဝ/- တန်ဖိုးရှိ အိတ်မှာ အသုံးပြုပြီးဖြစ်ကြောင်း သိရှိရသဖြင့် ထိုအိတ်အတွက် ပြန်အမ်းငွေ ပေးအပ်နိုင်ခြင်းမရှိသော်လည်း အသုံးမပြုရသေးသည့် ငွေကျပ် ၃၅၄,၃၀ဝ/- တန်ဖိုးရှိ အိတ်အတွက် ပြန်အမ်းငွေ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့မှု အပေါ် တိုင်ကြားသူမှ ကျေနပ်လက်ခံသောကြောင့် အိတ်တန်ဖိုးငွေကျပ် ၃၅၄,၃၀ဝ/-ကို လွှဲပြောင်း ပေးပို့ခဲ့ပြီး တိုင်ကြားသူမှလည်း လက်ခံရရှိသဖြင့်  တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

အမြန်ချောပို့လုပ်ငန်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦး သည် သစ်ခွမျိုးစေ့များအား အမြန်ချောပို့လုပ်ငန်းတစ်ခု ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ၁၉-၁-၂၀၂၆ ရက်နေ့ တွင် ပေးပို့ခဲ့ရာ (၂)ရက်ကြာမည်ဟုပြောပြီး ရန်ကုန်မြို့ သို့ ၂၁-၁-၂၀၂၆ ရက်နေ့တွင် ရောက်ရှိသော်လည်း လိပ်စာပါနေရာသို့ ၂၆-၁-၂၀၂၆ ရက်နေ့အထိ  ပေးပို့လာ ခြင်းမရှိသဖြင့် အမြန်ချောပို့လုပ်ငန်း၏ HR ဖုန်းသို့ ဆက်သွယ်ရာတွင် Block သွားသဖြင့် စားသုံးသူ ရေးရာဦးစီးဌာန၏ Consumer Call Center (1535)သို့ ခေါ်ဆိုတိုင်ကြား လာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့် အမြန်ချောပို့လုပ်ငန်း လုပ်ကိုင်သူအား အာမခံပေးထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောက်နောင် အမြန်ချောပို့ လုပ်ငန်း လုပ်ဆောင်ရာတွင် အလားတူဖြစ်စဉ်များ ဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဒ်မ-၅၂(က)အရ စီမံခန့်ခွဲရေးဆိုင်ရာ "သတိပေးခြင်း" အမိန့်အား ချမှတ်ခဲ့ပြီး တိုင်ကြားသူထံ ဆက်သွယ်၍ ဌာနမှ ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားခဲ့ရာ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

ဟိုတယ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်နေ တိုင်ကြားသူတစ်ဦးသည် ဟိုတယ်တစ်ခု တွင် တစ်ရက်လျှင် ငွေကျပ် ၆၃,၀၀၀/-နှုန်းဖြင့် (၅)ရက် ဆက်တိုက် (၄၅)ရက်သား ကလေးငယ်အပါအဝင် မိသားစုနှင့်အတူ တည်းခိုနေထိုင်ခဲ့ရာ အခန်းအတွင်း ပိုးဟပ်နှင့်အကောင်များအား တွေ့ရှိရသဖြင့် ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် သန့်ရှင်းရေးပြု လုပ်ပေးရန် Reception သို့ ဖုန်းဆက်အကြောင်းကြားခဲ့ပါကြောင်း၊ ကလေးငယ်ပါနေသောကြောင့် ပြောင်းရွှေ့တည်းခိုရန် ခက်ခဲသောကြောင့် သန့်ရှင်းရေးကိုသာ ဦးစားပေးပြုလုပ်ပေးပါရန် ပြောကြား ခဲ့သော်လည်း ပိုးဟပ်နှင့် အကောင်များအား ဖယ်ရှားပေးခြင်းမရှိကြောင်း၊  အခန်းသန့်ရှင်းရေးကိုလည်း သေချာစွာ ပြုလုပ်ပေးခြင်းမရှိသည့်အပြင် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တောင်းပန်ခဲ့မှုမရှိခြင်း တို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ Website Complaint System ဖြင့် ဆက်သွယ်တိုင်ကြား လာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ဟိုတယ်မှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့မှုအပေါ် ဟိုတယ်မှ တာဝန်ရှိသူ များက တိုင်ကြားသူသည် ၎င်း၏ မိသားစုနှင့်အတူ ဟိုတယ်တွင် လာရောက်တည်းခိုစဉ် အဆင်မပြေ မှုနှင့်စပ်လျဉ်း၍ တိုင်ကြားသူတောင်းဆိုသည့် တည်းခိုစရိတ်များအား ငွေပြန်အမ်းပေးနိုင်ခြင်းမရှိ သော်လည်း ဟိုတယ်တွင် (၂)ရက်တည်းခိုခွင့်ကို Free Of Charges (FOC) ဖြင့် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းနှင့် ပထမတည်းခိုစဉ်က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး အထူး ဂရုပြု၍လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားလာပါသည်။ ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ အကြောင်းပြန်ကြားပေးခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် ညှိနှိုင်း ဖြေရှင်းပေးခြင့်ဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

စားသောက်ဆိုင်ဝန်ဆောင်မှုနှင့်ပတ်သက်၍တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် စားသောက်ဆိုင် တစ်ဆိုင်တွင် သွားရောက် စားသောက်ခဲ့ရာ ၎င်း၏မော်တော်ယာဉ်အား ပါကင်ထိုးပေး ရန် စားသောက်ဆိုင်မှဝန်ထမ်းကို ကားသော့ပေး၍အပ်ခဲ့ပါ ကြောင်း၊ ည(၉း၅၀) အချိန်၌ ၎င်း၏ မော်တော်ယာဉ်ကို ပြန်လည်ယူဆောင်ပြီး ဆိုင်မှထွက်ခွာလာကြောင်း၊ နောက်နေ့တွင် မော်တော်ယာဉ်၏ နောက်မီးခွက် (ညာဘက်)တွင် ကွဲအက်နေကြောင်းတွေ့ရှိရသည့်အတွက် စားသောက်ဆိုင်သို့ သွားရောက်၍  CCTV ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆိုင်သို့လာရောက်စဉ်တွင် ကားမီးခွက်တွင် ကွဲအက်ခြင်းမရှိဘဲ ဆိုင်မှထွက် လာမှသာ ကားမီးခွက်ကွဲအက်နေသည်ကို တွေ့ရှိရသောကြောင့် စားသောက်ဆိုင်မှ တာဝန်ရှိသူများ ထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ  နှစ်ဦးနှစ်ဖက် ပြေလည်မှုမရရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန သို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် စားသောက်ဆိုင်မှ တာဝန်ရှိသူတို့အား ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ  စားသောက်ဆိုင်မှ တာဝန်ရှိသူက တိုင်ကြားသူအား ငွေကျပ် ၁,၂၅၀,၀၀၀/-ကို ဌာနမှတာဝန်ရှိသူများရှေ့မှောက်၌ ပေးလျော်ခဲ့ပြီး တိုင်ကြားသူမှလည်း ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည့် စားသောက်ဆိုင်နှင့် စပ်လျဉ်းသည့် Post များအား ဖျက်သိမ်းပေးခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိသောကြောင့် ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းမှတစ်ဆင့် အထည်ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှု  အခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ တိုင်ကြားသူတစ်ဦး သည် Facebook Page တစ်ခုမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ၌ ဝန်ထမ်းအားလုံး တူညီဝတ်စုံဝတ်ဆင် နိုင်ရန်အတွက်  Tracksuit (၁၃)ထည်အား  ကျသင့်ငွေကျပ် ၄၅၀,၅၀၀/- အပေါ်စရံငွေကျပ် ၂၅၀,၅၀၀/-အား ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် Kpay ဖြင့် လွှဲပေးပြီးမှာယူခဲ့ရာ ၁၈-၁၁-၂၀၂၅ ရက်နေ့တွင် အင်္ကျီများ မရောက်သေး၍ ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်မှ မှာယူထားသော ပိတ်စများ မရောက်သေး၍ ပစ္စည်းပေးပို့နိုင်မှုမရှိကြောင်း ပြောကြားသဖြင့် လုပ်ငန်းရှင်တည်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့် Facebook Page သို့ ဖြေရှင်း ဆောင်ရွက်ပေးရန် အကြောင်းကြားဆောင်ရွက်ခဲ့ရာ တိုင်ကြားခံရသည့် Facebook Page မှ တာဝန်ရှိ သူက Tracksuit (၁၃)ထည်အတွက် စရံငွေကျပ် ၂၅၀,၅၀၀/-အား တိုင်ကြားသူထံသို့ KPay ဖြင့် ပြန်လည်လွှဲအပ်ပေးပြီး ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသော်လည်း ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိသဖြင့် လုပ်ငန်းရှင်အား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စီမံခန့်ခွဲ ရေးဆိုင်ရာအမိန့်ဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂ (က)အရ "သတိပေးခြင်း" အမိန့်ကို ချမှတ်ခဲ့ပြီး တိုင်ကြားသူထံသို့ ဆက်သွယ်မေးမြန်းရာတွင် စရံငွေများ ပြန်လည်ရရှိပြီး ဖြေရှင်းပေး မှုကိုကျေနပ်ပါကြောင်း ပြောကြားခဲ့သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ