
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့မှတိုင်ကြားသူတစ်ဦးသည်ပညာရေးဝန်ဆောင်မှုစင်တာ တစ်ခုသို့ နိုင်ငံရပ်ခြားပညာသင်သွားရန် ဆက်သွယ်ချိတ်ဆက်၍ ပညာရေးဝန်ဆောင်မှုရယူရန် ကျောင်းအပ်နှံကြေးပေးသွင်းခဲ့ရာမှ ထိုပညာရေး ဝန်ဆောင်မှုစင်တာ၏ ဝန်ဆောင်မှုကို စိတ်ချ ယုံကြည် ကျေနပ်မှုမရှိပါသဖြင့် ကျောင်းအပ်နှံစဉ်ကပေးသွင်းခဲ့သည့် ပညာရေးဝန်ဆောင်ခကို ပြန်လည်ရယူလို ကြောင်းစားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System သို့ ဆက်သွယ် တိုင်ကြားလာခဲ့ပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်ကြားခံရသည့် ဝန်ဆောင်မှုစင်တာမှ တာဝန်ခံများကို ဆက်သွယ်မေးမြန်းခဲ့ရာ၎င်းတို့က“မိမိတို့ပညာရေးဝန်ဆောင်မှုစင်တာသို့တိုင်ကြားသူနှင့် အပေါင်း အပါသည် လူကိုယ်တိုင် လာရောက်၍ နိုင်ငံရပ်ခြားပညာရေးဝန်ဆောင်မှုရယူလိုကြောင်း ကျောင်းအပ်နှံကြေး(First Payment ) ပေးသွင်း၍ ကျောင်းအပ်နှံခဲ့ပါသည်။ ကျောင်းအပ်နှံမှု လက်ခံ သည့်(First Payment )ပြေစာတွင်လည်း (Not Refundable )ဟုဖော်ပြထားသော စည်းကမ်းချက် ပါဝင်ပါကြောင်း ၊ ထို့အပြင် တိုင်ကြားသူမှ ကျောင်းအပ်နှံစဉ်ကပေးသွင်းခဲ့သည့် ပညာရေး ဝန်ဆောင်ခကို ပြန်လည် ရယူလိုကြောင်းပြောကြားလာသည့်အခါတွင်လည်း (Not Refundable ) စည်းကမ်းချက် ရှိသော်လည်း မိမိတို့ကျောင်းအနေဖြင့် ကျောင်းအပ်နှံမှုအတွက် ပေးသွင်းခဲ့သည့် (First Payment )သွင်းငွေမှ တစ်ချို့တစ်ဝက်ကို ပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း တိုင်ကြားသူများဘက်မှ ငြင်းပယ်ခဲ့ ပါကြောင်း ၊ ကျောင်းအင်တာဗျူးဖြေဆိုခွင့်ပေးခဲ့ခြင်းကိုလည်း တိုင်ကြားသူဘက်မှ ငြင်းပယ်ခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် မိမိတို့ပညာရေးဝန်စင်တာသည် တိုင်ကြားသူစွပ်စွဲသကဲ့သို့ စိတ်ချယုံကြည်ရမှုကင်းမဲ့စေသည့် အပြုအမူဆောင်ရွက်ချက်များ လုံးဝလုပ်ဆောင်ခြင်းမရှိခဲ့ပါကြောင်း ပြန်လည်ဖြေကြားလာ ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး နည်းဥပဒေ ၈၁၊ နည်းဥပဒေခွဲ (ခ)နှင့်အညီ တိုင်ကြားသူနှင့်တိုင်ကြားခံရသူများထံသို့ ၎င်းတို့၏ အပြန်အလှန်စွပ်စွဲချက်များနှင့်ပတ်သက်၍ သက်သေအထောက်အထားများ တောင်းခံခဲ့ရာ တိုင်ကြား ခံရသူ ပညာရေးဝန်ဆောင်မှုစင်တာဘက်မှ ကျောင်းအပ်နှံစဉ်က ပေးအပ်ခဲ့သည့် (First Payment )ဘောင်ချာပေါ်တွင် (Not Refundable )စာသားပါ တံဆိပ်တုံးရိုက်နှိပ်ထားသည်ကို အထောက်အထားအဖြစ် တင်ပြလာပြီး တိုင်ကြားသူဘက်မှ သက်သေအထောက်အထား အချက် အလက်များ မတင်ပြ နိုင်သည့်အပြင် ပြည်နယ်ဦးစီးမှူးရုံး၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားခြင်းမရှိတော့ပါသဖြင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေ ၈၃ ၊နည်းဥပဒေခွဲ (က)၊(ခ)တို့ နှင့်အညီ ပြည်နယ်စားသုံးသူရေးရာ ကော်မတီသို့ တင်ပြ၍ အမှုပိတ်သိမ်းကာ မှတ်တမ်းတင် ထားရှိ ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
DOCA(ရှမ်း)
