ကြက်သွန်နီတစ်ကီလိုလျှင် ရူပီး ၁၆.၅ အထိ အိန္ဒိယအစိုးရတိုးမြှင့်ဝယ်ယူလျက်ရှိ

Powered by Drupal

    ကြက်သွန်နီအရန်သိုလှောင်ထားရှိမှုအစီအစဉ်အရ တစ်ကီလိုလျှင် လက်ရှိပေါက်ဈေး ရူပီး ၁၅.၈၀ ရှိသောကြက်သွန်နီများအား စနေနေ့မှစတင်ကာ တစ်ကီလိုလျှင် ရူပီး ၁၆.၅၀ နှုန်းဖြင့် အိန္ဒိယအစိုးရက တိုးမြှင့်ဝယ်ယူလျက်ရှိကြောင်းသိရသည်။

     ကြက်သွန်နီစိုက်ပျိုးမှုအကြီးဆုံးပြည်နယ်တစ်ခုဖြစ်သည့် Maharashtra ပြည်နယ်မှ တောင်သူများအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ကြက်သွန်နီတစ်တန်လျှင် ရူပီး ၃၀ အထိ ဝယ်ယူပေးရန်တောင်းဆိုလျက်ရှိကြောင်းသိရသည်။

    ဈေးကွက်အားဝင်ရောက်ထိန်းကျောင်းရန် ရည်ရွယ်၍ အရန်သိုလှောင်ထားရှိမှုများအား ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၅-၂၀၂၆ တွင် ဝယ်ယူခဲ့သည့် တန်ချိန် ၃ သိန်းကို လျော့ချကာ ယခုနှစ်အတွက် တန်ချိန် ၂ သိန်း ဝယ်ယူရန် ရည်ရွယ်ထားကြောင်းသိရသည်။

    အစားအသောက်နှင့် စားသုံးသူရေးရာ ပြည်ထောင်စုဝန်ကြီး Pralhad Joshi သည် ကြက်သွန်နီ ဝယ်ယူမှုခိုင်မာလာစေ‌ရေးနှင့် တောင်သူများအား ပိုမိုကောင်းမွန်သည့် တန်ပြန် သက်ရောက်မှုများရရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကြာသပတေး နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ သိုလှောင်ထားသည့် ကြက်သွန်နီများ၏ အရည်အသွေး လိုအပ်ချက်နှင့် သီးနှံအလိုက် သတ်မှတ်ဈေးနှုန်းများအပေါ်အခြေခံ၍ အနိမ့်ဆုံးဝယ်ယူမည့် ဈေးနှုန်း (MAPP) အား ၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ စတင်၍ ကြက်သွန်နီ ၁၀၀ ကီလိုလျှင် ရူပီး ၁၆၅၀ သို့ပြောင်းလဲပြင်ဆင်ထားကြောင်း ဝန်ကြီးက သောကြာနေ့က လူမှုကွန်ရက်စာမျက်နှာ တင် ဖော်ပြထားပါသည်။ ဈေးကွက်အခြေအနေများအား ပိုမိုခံနိုင်ရည်ရှိသည့် ဝယ်ယူမှု ဖြစ်ပေါ် စေရေးအတွက် ဈေးနှုန်းတွက်ချက်မှုကို ပြန်လည်ပြုပြင်ထားကြောင်း ၎င်းကထပ်မံပြောကြား ထားပါသည်။

    ဗဟိုအစိုးရအနေဖြင့် တောင်သူများအား ကာကွယ်ရန်နှင့် ဈေးကွက်ထိုးဖောက်မှုကို ရှာဖွေ ရန်အတွက် ကြက်သွန်နီ တစ်ကီလိုလျှင် ရူပီး ၁၂.၇၀ မှ ရူပီး ၁၅.၈၀ သို့အစောပိုင်းတွင် ပြောင်းလဲ ထားပြီးဖြစ်သည်။ ယခုနှစ်သီးနှံရာသီအတွက် ကြက်သွန်နီဝယ်ယူမှုများကို မေလ ၁၅ ရက်နေ့က စတင်ခဲ့ကြောင်းသိရသည်။

    ၂၀၂၄-၂၀၂၅ ခုနှစ်က ထွက်ရှိခဲ့သည့် ကြက်သွန်တန်ချိန် ၃၀၇.၆၇ သိန်းနှင့် နှိုင်းယှဉ်ပါက ၂၀၂၅-၂၀၂၆ တွင် တန်ချိန် ၃၀၇.၃၇ သိန်းထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း အစိုးရ၏ သတင်း အချက်အလက်များအရသိရသည်။

    ယခုသီတင်းပတ်အစောပိုင်းတွင် Maharashtra ပြည်နယ်မှ တောင်သူများသည် ကြက်သွန်နီ ၁၀၀ ကီလိုလျှင် ရူပီး ၃၀၀၀ နှုန်းဖြင့် အနိမ့်ဆုံးဝယ်ဈေးသတ်မှတ်ပေးရန်တောင်းဆိုထားကြောင်း သိရသည်။

    တောင်သူများအနေဖြင့် အိန္ဒိယ၊ အမျိုးသားစိုက်ပျိုးရေးပူး‌ပေါင်းဆောင်ရွက်မှုဆိုင်ရာ ဈေးကွက်ရှာဖွေရေးအသင်းချုပ်အား ကြက်သွန်နီ ၁၀၀ ကီလိုလျှင် ရူပီး ၁၅၈၀ နှုန်းဖြင့် ဝယ်ယူ ပေးရန် တောင်းဆိုထားပြီး အသင်းချုပ်အနေဖြင့် ရိတ်သိမ်းကုန်ကျစရိတ်ကို ကာမိစေရန်အတွက် သီးနှံအလိုက်ဈေးကွက်အကြိုခန့်မှန်းချက်များကိုလျော့ချ ထားကြောင်းသိရသည်။

    စံနှုန်းများကို ဖြေလျော့ထားပြီးဖြစ်သော်လည်း တောင်သူများအတွက် ဆုံးရှုံးမှုများရှိနေဆဲ ဖြစ်ကြောင်း၊ မေးခွန်းအစစ်မှာ မည်သည့်အချိန်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာမည် ဆိုသည်ဖြစ်ကြောင်း၊ Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်ပျိုးသူများအသင်းဥက္ကဋ္ဌ Jaydeep Bhadane က တနင်္ဂနွေနေ့ကပြောကြားထားပါသည်။

Source : Economic Times, 12 June, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)