
ဗီယက်နမ်နိုင်ငံ၏ ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက် (ဇန်နဝါရီမှ ဇွန်လအထိ) စက်မှုထုတ်လုပ်မှု ညွှန်းကိန်း (Index of Industrial Production) သည် ယခင်နှစ်ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း အဆိုပါကာလများအနက် အမြင့်မားဆုံး တိုးတက်မှု နှုန်းဖြစ်ကြောင်း ဗီယက်နမ်အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် VnEconomy က ဇူလိုင်လ ၃ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
စက်မှုကဏ္ဍတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်မွမ်းမံမှုကဏ္ဍ (Manufacturing and processing sector) သည် ၁၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း တိုးတက်မှုနှုန်းတွင် ၈.၉ ရာခိုင်နှုန်းအထိ ပါဝင်ပံ့ပိုးပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ရေပေးဝေခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍများ ပိုမိုအားကောင်းလာခြင်းကလည်း ယခုကဲ့သို့ ကောင်းမွန်သောရလဒ်များ ရရှိစေရန် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဖြည့်စွက်ဖော်ပြထားသည်။ အစီရင်ခံစာအရ ဗီယက်နမ် တစ်နိုင်ငံလုံးရှိ ဒေသကြီး ၃၄ ခုလုံးတွင် စက်မှုကုန်ထုတ်လုပ်မှုများ အသီးသီးတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
