
၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင်ပင်လယ်စာတင်ပို့မှု ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သော ကြောင့် ဗီယက်နမ်ပင်လယ်စာလုပ်ငန်းနယ်ပယ်သည် ယခုနှစ်တွင် ပို့ကုန်ဝင်ငွေအမေရိကန် ဒေါ်လာ ၁၀ ဘီလီယံထိရောက်ရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ဗီယက်နမ်ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း ( VASEP) ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် နိုင်ငံသည် ပင်လယ်စာတင်ပို့ရာမှဝင်ငွေ အမေရိကန်ဒေါ်လာ ၈.၃၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါ သည်။ ပုဇွန်သည် အမေရိကန်ဒေါ်လာ ၃.၃၈ ဘီလီယံဖြင့် ထိပ်တန်းပင်လယ်စာပို့ကုန်ဖြစ်ခဲ့ပြီး ၂၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Tra ငါးတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရရှိခဲ့ပြီး ၁၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဝယ်လိုအားကောင်း ခြင်းနှင့် တည်ငြိမ်သောထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကြောင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှာ ဗီယက်နမ်၏အကြီးမားဆုံးဝယ်ယူသူများဖြစ်ပြီး ထိုဈေးကွက်များသို့တင်ပို့မှု မှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ VASEP ၏ ဒုတိယအတွင်း ရေးမှူးချုပ်ဖြစ်သူ Le Hang က ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး ကမောက်ကမများဖြစ်ပေါ်နေ သော်လည်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) များက ဗီယက်နမ်ပင်လယ် စာတင်ပို့သူများအတွက် အသက်သွေးကြောသဖွယ်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို FTA များအောက်တွင် စီးပွားရေးလုပ်ငန်းများသည် တင်ပို့မှုများတိုးချဲလျှက်ရှိကြောင်း သိရပါသည်။ အာဆီယံ၊ ကနေဒါ၊ ချီလီနှင့် လတ်တင်အမေရိကသို့တင်ပို့မှုမှာ အားကောင်းစွာကြီးထွားခဲ့ ကြောင်း သိရပါသည်။ သို့သော်လုပ်ငန်းနယ်ပယ်သည် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် အီကွေဒေါအစရှိသည့် အဓိကပင်လယ်စာထုတ်လုပ်သူများထံမှ ပြင်းထန်သည့်ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ကဏ္ဍအား ဘက်ပေါင်းစုံနှင့် ဗျူဟာမြောက်ဖြေရှင်းချက်များ ကျင့်သုံးရန်တိုက်တွန်းခဲ့ပြီး အဓိကဦးစားပေးရမည့်ကဏ္ဍများတွင် အစဉ်အလာဈေးကွက်များမှ အာဆီယံ၊ အရှေ့အလယ်ပိုင်းနှင့် ထွန်းသစ်စဈေးကွက်များအစရှိ သည့် အလားအလာရှိသောဒေသ များသို့တင်ပို့မှုတိုးချဲ့ရန်၊ ထုတ်ကုန်ကွဲပြားရန်နှင့် အရည်အသွေးမြှင့်တင်ရန်တို့ပါဝင်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
