ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
စက်မှုဇုန်ထုတ် ကောက်စိုက်စက် စတင်အသုံးပြု

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာမှ တောင်သူ ဦးဖိုးဂျွန်း၏ လယ်(၁) ဧကပေါ်၌ ပုသိမ်စက်မှုဇုန်မှထုတ်လုပ်သော ဓာတ်ဆီအင်ဂျင် လက်ဆွဲကောက်စိုက်စက်သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြည့်ရှုခဲ့ကြပါသည်။
စက်မှုဇုန်မှထွက်ရှိသော ဓာတ်ဆီအင်ဂျင်ဖြင့် ကောက်စိုက်စက်တန်ဖိုးမှာ ကျပ်(၂၇) သိန်းကုန်ကျ၍ ပုံမှန် လယ်(၁)ဧကကောက်စိုက်ပါက ပျမ်းမျှကောက်စိုက်သမ (၁၀) ဦးမှ (၁၂) ဦးအထိ ကောက်စိုက်ရပြီး ကောက်စိုက်စက်မှာ လူ (၂) ဦးဖြင့်သာဆောင်ရွက်နိုင်ကြောင်း၊ ပျိုးဖောက်ရာတွင်လည်း (၁) ဧကလျှင် စပါး (၁) တင်းသက်သာခြင်း၊ မျိုးစေ့ဖိုးသက်သာခြင်း၊ ပျိုးထောင်ရာတွင်လည်း နေရာကျယ်ဝန်းစွာမလိုအပ်ခြင်း၊ အချိန်တိုအတွင်း ကောက်စိုက်ပြီးစီးခြင်း၊ လူကုန်သက်သာခြင်း၊ ပျိုးနုတ်၊ ပျိုးချေးခါ၊ ပျိုးသယ်အတွက် လူဦးရေလျော့ကျစေခြင်း၊ ကောက်ပင်လျှင်မြန်စွာကြီးထွားစေခြင်း၊ ကောက်ကွက်မှန်ကန်သည့်အတွက် တမန်းနိးရာတွင် အဆင်ပြေခြင်း၊ ကောက်ပင်များ လေဝင်လေထွက်ကောင်းမွန်သဖြင့် စပါးအထွက်တိုးကောင်းမွန်စေခြင်းတို့ကြောင့် ကောက်စိုက်ကို တောင်သူဦးကြီးများ အသုံးပြုသင့်ကြောင်းသိရှိရပါသည််။
DOCA(ဧရာဝတီ)
ပုသိမ်မြို့ရှိ ဈေးကောင်းရရှိနေသော မြန်မာ့ရိုးရာထန်းလျက်ဈေးကွက်

ထန်းလျက် Jaggery ဆိုသည်မှာ ထန်းရည်ချိုကိုချက်၍ရသော ခဲဖွယ်တစ်မျိုးဖြစ်သည်။ ထန်းပင်မှရသော သန့်စင်ထားသည့်ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ တစ်နာရီခန့် ဆူပွက်အောင်ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်မှချပြီး မိမိလိုအပ်သည့် အတုံးများတုံးကာ အခြောက်ခံပါက ထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။ အချို့မှာ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် မိမိအလိုရှိရာကိုထည့်၍ ပြုလုပ်ကြသည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင်သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာတစ်ခုအဖြစ် ရှေးယခင်ကတည်းက တည်ရှိခဲ့တာကာ လက်ရှိအချိန်ထိ လူကြီး/ လူငယ်မရွေး အထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့် အစားအစာတစ်ခုဖြစ်သည်။ ၎င်းထန်းလျက်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများမှလည်းကြိုက်နှစ်သက်ကြသည်။
ပုသိမ်မြို့ရှိဈေးများတွင် ရောင်းချနေသာ ထန်းလျက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၆၀၀၀/၇၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်ထန်းလျက်ဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀) ခန့်ဈေးရရှိပြီး ယခုအောက်တိုဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀) သိသိသာသာဈေးနှုန်းမြင့်တက်လာသဖြင့် ထန်းစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကာ မိသားစုပိုမိုဝင်ငွေရရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
ပခုက္ကူမြို့ပေါ်၌ အောက်တိုဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ပဲမျိုးစုံဈေးနှုန်းဈေးကွက်
မအူပင်မြို့နယ်၊ မလတ်တိုနှင့် ထနီးကျေးရွာမှ ရာသီချိန်ထုတ်လုပ်သော ငါးရံ့ခြောက်လုပ်ငန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်က နှစ်စဉ် ဝယ်ယူမှုကောင်းနေကြောင်း မအူပင်မြို့နယ်ရှိ ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ ကုန်သည်များက ဝယ်ယူမှုအားကောင်းပါသည်။ ယခင်နှစ်တွင် တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၅၀မှ ၁၅၀ထိတင်ပို့ရောင်းချနေရကြောင်းသိရသည်။ ယခုနှစ် ငါးရံပေါ်ချိန်၌လည်း ယခင်နှစ်ထက် ဈေးကောင်းရနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်ဟုပြောကြားခဲ့သည်။
မအူပင်မြို့နယ် ငါးရံ့ခြောက်လုပ်ကိုင်သော မလတ်တိုကျေးရွာနှင့် ထနီးကျေးရွာများသည် မြစ်ကမ်းဘေးတွင်ရှိသော ကျေးရွာများဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံသော်လည်း သား၊ ငါးဖမ်းဆီးလုပ်ကိုင်သူများရှိကြောင်း၊ ဒေသတွင်း စားသုံး၍ ပိုလျှံသောငါးရံများကိုအခြောက်လှန်း၍ ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့လျက်ရှိကြောင်း မလတ်တိုကျေးရွာ ငါးရံ့ခြောက်လုပ်ငန်းရှင် ဦးအောင်မြင့်ကပြောပြခဲ့ပါသည်။
မလတ်တိုကျေးရွာတွင် ငါးရံ့ခြောက်လုပ်ကိုင်သောလုပ်ငန်းရှင် (၁၀)ဦးခန့်ရှိပြီး ငါးရံ့ငါးအစို အရွယ်စုံ ၁ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့်ဝယ်ယူပြီး ငါးရံ့ခေါင်းနှင့် ငါးရံ့အူများကို ခုတ်ထစ်ဖယ်ရှားပြီး ငါးရံ့များကို ဆားဖြင့်နယ်ပြီး လှပအောင် ခွဲ၍ အဝိုင်းချပ်သဏ္ဌာန်နေလှန်းပါသည်။ နေပူပူတွင် (၃)ရက်နေလှန်းပြီးသောအခါ ငါးရံ့ခြောက်များရရှိပါသည်။ ယခင်နှစ်များထက် ယခုနှစ်တွင် မိုးများသောကြောင့် ငါးခြောက်အထွက်နှုန်းမှာ ယခင်နှစ်ထက် အထွက်နောက်ကျလျက်ရှိနေပါသည်။ ငါးရံ့ခြောက်ကို စက်တင်ဘာလမှစတင်ပြီး မတ်လ ဧပြီလအထိ ဝယ်ယူရနိုင်ကြောင်းသိရသည်။
ငါးရံ့အစိုကို ၁ပိဿာလှန်း၍ ၃၅ကျပ်သားခန့်ရှိသော ငါးရံ့ခြောက်များရရှိပြီး၊ ငါးရံ့ခြောက် ၅၀ကျပ်သားခန့်ရှိသော ငါးရံ့ခြောက်ပြားများမှာ ယနေ့ဈေး ၁ပိဿာလျှင် ၉၀၀၀၀ကျပ်ပေါက်လျက်ရှိကြောင်း ငါးရံ့ခြောက်လုပ်ကိုင်သူ ဦးအောင်မြင့်၏ ပြောပြချက်အရသိရသည်၊
မအူပင်မြို့၊ မလတ်တိုကျေးရွာမှ ငါးရံ့ခြောက်လုပ်ငန်းရှင် (၁၀)ဦးက တစ်ဦးလျှင် ငါးရံ့အစို အချိန်တစ်ဆယ်ခန့် နေ့စဉ် နေလှန်းလုပ်ကိုင်နေကြောင်း၊ မလတ်တိုကျေးရွာမှ နေ့စဉ်ငါးရံ့ခြောက်ကုန်ချိန် (၃၅)ပိဿာခန့်/ ပိဿာ (၅၀)ခန့် မအူပင်ငါးရံခြောက်မျိုးစုံရောင်းဝယ်ရေးဒိုင်မှတစ်ဆင့် နေ့စဉ်တင်ပို့လျက်ရှိကြောင်းသိရပါသည်။ "မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချသော ငါးရံ့ခြောက်များမှာ အချိုခြောက်များဖြစ်ပြီး ဈေးမှာ ငါးရံ့ခြောက်အကြီး၊ အသေးပေါ်မူတည်ပါတယ်လို့" ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြသည်။
ငါးရံ့ခြောက်လုပ်ငန်း၏ အကျိုးအမြတ်ရရှိမှုများမှာ ငါးရံ့ခြောက်ပိဿာ(၁၀)လျှင် ၅၀၀၀၀ကျပ်၊ လုပ်သားခ (၃)ဦးလျှင် ၃၀၀၀၀ကျပ်နှင့် ဆား ၁ပိဿာလျှင် ၅၀၀ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး၊ ငါးရံ့ခြောက်အရွယ်အစားအလိုက် အကြီးဆုံး ၉၀၀၀၀ကျပ်၊ အလတ် ၇၀၀၀၀ကျပ်၊ အသေး ၅၀၀၀၀ကျပ်တို့ဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းလျက်ရှိကြောင်းသိရှိရသည်။
မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေသည့် ငါးရံ့ခြောက်များကို အချိုခြောက်နှင့် ဆာလတ်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လတွင် အဆိုပါ ငါးရံ့ခြောက်အလတ်တစ်ပိဿာလျှင် ငွေကျပ်၁၂၀၀၀၀၊ ငါးရံ့ခြောက်အသေးတစ်ပိဿာလျှင် ငွေကျပ်၇၉၀၀၀ထိဈေးပေါက်ရောင်းချခဲ့ရပြီး ယခုအောက်တိုဘာလ ဈေးဦးပေါ်ချိန်က အများဆုံး ၉၀၀၀၀ကျပ်ဈေးပေါက်၍ ရောင်းချနေရပါသည်။ ဈေးပိုမိုကောင်းလာမည်ဟုလည်းခန့်မှန်ကြောင်း ငါးရံ့ခြောက်လုပ်ကိုင်သူ ဦးအောင်မြင့်၏ ပြောကြာချက်အရသိရှိရပါသည်။
DOCA(ဧရာဝတီ)
ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်
ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော နှမ်းဈေးကွက်
ပခုက္ကူဈေးကွက်တွင် ကျွန်းစားတော်ပဲသီးနှံများ ဈေးကောင်းရလျက်ရှိ
ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဈေးနှုန်းဈေးကွက်
ပုသိမ်မြို့ရှိ စားဖိုဆောင်သီးနှံ ချင်း(ဂျင်း)ဈေးကွက်

မြန်မာနိုင်ငံအနှံ့အပြားတွင် မြေအမျိုးအစားမရွှေး ချင်းကိုစိုက်ပျိုးနိုင်သည်။ ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်နှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ချင်းစိုက်ပျိုးရန် အကောင်းဆုံးချိန်မှာ မေလဖြစ်ပြီး တစ်နှစ်ခံ ပင်ပျော့ပင်မျိုးဖြစ်သည်။ (၇-၈) လကြာလျှင် ချင်းတက်များရရှိပါသည်။ တစ်ဧကလျှင် ပိသာ (၂ ,၀၀၀) ခန့်ထွက်ရှိကြောင်းသိရသည်။
ပုသိမ်မြို့တွင်းရှိ ဈေးများတွင်ရောင်းချနေသာ ချင်းတက်ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁) ပိဿာလျှင် ကျပ် (၃၀၀၀/၄၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်ချင်းတက်ဈေးနှုန်းမှာ (၁) ပိဿာလျှင် ကျပ် (၆၀၀၀) ခန့်ဈေး ရရှိသည့်အတွက် ချင်းစိုက်ပျိုးသောတောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း၊ ချင်း(၁) ပိဿာဈေးနှုန်းမှာ ယခင်နှစ်နှင့် ယခုနှစ် ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက (၁) ပိဿာလျှင် ကျပ် (၃၀၀၀/၂၀၀၀) ခန့်ပိုမိုရရှိ၍ မိသားစုပိုမိုဝင်ငွေ ရရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)