Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့နယ်အတွင်း ထွက်ရှိသည့် မျှစ်နုနုလေးများ

      မျှစ်သည် ဝါးပင်နုနုလေးများဖြစ်ပါသည်။ အမြင့်တစ်ပေ မပြည့်ခင်မှာ ခူးဆွတ်ထားသည့် ဝါးပင်ရဲ့ အသားတက်လေးတွေဖြစ်ပါသည်။ အသားမှာ စားလျှင် ခပ်ကြွပ်ကြွပ်လေးဖြင့် စားကောင်း ပါသည်။ ဝါးပင်နုလေးများ အရွယ်ရောက်လာသည့်အခါ ဝါးဖြင့် ရက်လုပ်ရောင်းချသည့် စကော၊ စကာ၊ တောင်း၊ ဝါးကုလားထိုင်အပြင် ဝါးနှီးများအဖြစ်လည်း အသုံးပြုကြပါသည်။ မြန်မာနိုင်ငံဒေသ အတွင်းလည်း ပေါက်ရောက်ကြောင်း သိရပါသည်။ မျှစ်သည် ပရိုတင်းကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းပါးပါသည်။ မျှင်ကို လူအများနှစ်ခြိုက်စွာစားသုံးကြပါသည်။ အမျှင်ဓါတ်များသည့်အတွက် ဝမ်းမှန်၏စေပါသည်။ မျှစ်သည်‌ ကြော်စားခြင်း၊ သုတ်စားခြင်း၊ ဟင်းရည်ချက်စားခြင်းနှင့် အတို့ အမြှုပ် အနေဖြင့်လည်း အမျိုးမျိုးစားသောက်၍ရပါသည်။ မျှစ်ပင်များအား မိုးဦးကျ ရာသီတွင် သာစား သောက်ရပါသည်။ မျှစ်စိုများအား တောင်သူများမှ တောအတွင်းဝင်‌ရောက်ပြီး တူးယူရပါ သည်။ ရရှိလာသည့် မျှစ်အစိမ်းများအား ရေနွေးဆူဆူတွင် (၁၅)မိနစ်ခန့် အချိန်ကြာမြင့်စွာ ပြုတ်ပြီးလျှင် နူးညံ့သောမျှစ်ပြုတ်များ ရရှိလာပါသည်။ မျှစ်များအား စားသုံးခြင်းဖြင့် ကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချနေသော မျှစ်နု(အစိမ်း)ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ မျှစ်ပြုတ်တစ်ပိဿာလျှင် (၂၀၀၀)ကျပ် နှုန်းဖြင့်ရောင်းချလျှက်ရှိပါသည်။ မျှစ်ပေါ်ခါတွင် မျှစ်စိမ်းတစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ မျှစ်ပြုတ်တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆန်၊ ဆီ၊ ကြက်ဥနှင့် သားငါးဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေး

   ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်း ပြည်တက္ကသိုလ်၊ သူနာပြု သင်တန်းကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများ ဖြင့် အပတ်စဉ် အင်္ဂါနေ့တိုင်း မနက် (၇:၀၀)နာရီမှ စတင်၍ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေး လျှက်ရှိပါသည်။

  ထိုသို့ ရောင်းချပေးရာတွင် ဆန်၊ ဆီနှင့် ကြက်ဥ အရောင်းစင်တာမှ ဒေသထွက်ကုန်ပစ္စည်း များအား စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပြီး သားငါးနှင့် ဟင်းသီးဟင်းရွက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိသားစု အပိုဝင်ငွေတိုးတဲ့ ရုံးပတီ

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရန်လွယ်ကူသော ရုံးပတီသီးကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာ ကြကြောင်း သိရသည်။
    ရုံးပတီသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချ ရကြောင်းသိရပါသည်။ စိုက်ပျိုးသောမျိုးများမှာ  ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်လတ်ရုံးပတီမျိုးများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ တစ်ဧက လျှင် မျိုးစေ့ ၁၀ kg ပါ ၁ ထုပ် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တန်းခြား ၂ ပေ၊ ပင်ခြား ၁ ပေခွဲ ထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၄ သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးကို ၃ ရက်ခြားတစ်ကြိမ်ခန့် ဆွတ်ခူးရပြီး တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၀၀၀-၁၂၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် စိုက်ခင်းသို့ လာရောက်ဝယ်ယူသော ကုန်စိမ်းပွဲစားများအား ရောင်းချသည့်အပြင် ရန်ကုန်သို့လည်း တင်ပို့ ရောင်းချကြကြောင်း၊ ရုံးပတီသီးသည် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိ သောကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။ 

DOCA(ပဲခူး)

ပြည်မြို့ဈေးကွက်ရှိ ခဝဲသီးဈေးနှုန်းဈေးကွက်

ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်အောင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြ သည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိ သည်။ မြန်မာတို့သည် ခဝဲသီးကို ဟင်းချက်၍သော်လည်းကောင်း၊ ခဝဲသီးကိုပြုတ်ပြီး အတို့အမြှုပ် အဖြစ်ပြုလုပ်၍ ငါးပိရည်နှင့်တွဲဖက်၍ စားသုံးကြပါသည်။  ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ခဝဲသီးဈေးနှုန်းမှာ အတောင့်အကြီးအသေးပေါ်မူတည်၍ (၅၀၀-၈၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသူများထံမှ သိရှိရပါ သည်။
DOCA(ပဲခူး)

ရွှေတောင်မြို့နယ်၏ ပဲစောင်းခါးသီးစိုက်ပျိုးထွက်ရှိမှုနှင့်အကျိုးအမြတ်ရရှိမှု

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြက်ဖြူတောင်ကျေးရွာတွင် ပဲစောင်းခါး သီးစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံ နှင့် ဝန်ထမ်းများသည် (၁၈.၇.၂၀၂၅)ရက်နေ့တွင် သွားရောက်၍ကွင်းဆင်းလေ့လာခဲ့ပါသည်။
   ပဲစောင်းခါးသီးကို ဧပြီလလယ်လောက်တွင် စတင်စိုက်ပျိုးပြီး (၄)လအကြာတွင် စတင်ခူး ဆွတ်ရောင်းချရပါသည်။ ပဲစောင်းခါးသီး စိုက်ဧကတစ်ယောက်စိုက်တွင် အပင်ရေ(၁၀၀၀)ကျော်ရှိပြီး (၂)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ တစ်ခါခူးဆွတ်လျှင် အသီးလှိုင်လှိုင်ပေါ်ချိန်တွင် အတောင့် (၃၀၀၀)ခန့်ခူးဆွတ်ရရှိ၍ အသီးတုန်းချိန်တွင် အတောင့်ရေ(၈၀၀)ခန့်သာခူးဆွတ်ရရှိပါသည်။ အသီး ခူးချိန်မှာ (၅)လခန့် ခူးဆွတ်ရပြီး အသီးတုန်းချိန်တွင် ပဲမြစ်အဖြစ် တူးဖော်ရောင်းချ၍ ရရှိကြောင်း သိရပါသည်။ ရောင်းဈေးအနေဖြင့် ပဲစောင်းခါးသီး(၁)တောင့်လျှင် (၂၀)ကျပ်နှုန်းဖြင့် ပွဲစားများမှ အခင်းအထိ လာရောက်ဝယ်ယူကြပါသည်။ ဈေးကွက်အနေဖြင့် ရွှေတောင်မြို့ရှိ ကုန်စိမ်းဒိုင်နှင့် ရန်ကုန်၊ နေပြည်တော်သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပဲစောင်းခါး သီး အပင်(၁၀၀၀)ကျော်တွင် ကုန်ကျစရိတ်အနေဖြင့် (၃)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ် အနေဖြင့် ပျမ်းမျှ(၆)သိန်းခန့် ရရှိနိုင်ကြောင်း ကွင်းဆင်းလေ့လာသိရှိနိုင်ပါသည်။

DOCA(ပဲခူး)

နတ်တလင်းဒေသထွက် တိုင်ထောင်ပဲသီး

   တိုင်ထောင်ပဲသီးကို ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ တိုင်ထောင်ပဲသီးပင်ကို ပျိုးပင်များပြုလုပ်၍လည်းစိုက်ပျိုးကြသည်။ အချို့ဒေသများတွင် မျိုးစေ့ဖြင့်လည်း စိုက်ပျိုးကြသည်။ မျိုးစေ့မှ ပျိုးပင်ဖြစ်သည်အထိ တစ်လခွဲခန့် ကြာမြင့်သည်။  ပျိုးပင်ဖြစ်သည့်အခါမှ စိုက်ပျိုးရာတွင် အလေအလွင့် ပျက်စီးမှုနည်းပါးကြောင်း တွေ့ရသည်။ မြေကွက်တွင် စတင်စိုက်ပျိုးချိန်မှ ပန်းပွင့်သည်ထိ တစ်လခွဲခန့် ကြာမြင့်ပါသည်။ ပဲသီးပေါ်ချိန်တွင် ဈေးကောင်းရလျှင် တစ်တောင့်ကို (၅၀)ထိ ရောင်းရပါသည်။  ပဲသီးကို ကြော်၍ စားရသလို ပြုတ်၍လည်းစားသုံးကြသည်။ တိုင်ထောင်ပဲသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း တွေ့ရသည်။ ထိုအကြောင်းအရာများသည် နတ်တလင်းဒေသထွက် တိုင်ထောင်ပဲသီး အကြောင်းများပင် ဖြစ်ပါတော့သည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်အတွင်းမှ ပြောင်းဖူးဈေးကွက်

ယခုမိုးရာသီ ကာလ၏ ဇူလိုင်လတွင် နတ်တလင်းဈေးကွက်၌ ပြောင်းဖူးများပေါများ လျက်ရှိကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကို နတ်တလင်းမြို့နယ်တွင် အများအပြား  စိုက်ပျိုး ကြပြီး  သကြားပြောင်းနှင့် ရိုးရိုးပြောင်းဟူ၍ ၂မျိုးစိုက်လေ့ရှိသည်။ နတ်တလင်းမြို့နယ်၌ ပြောင်းဖူးများ ကိုစီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းများလည်းရှိကြသည်။ ယခုအခါ နတ်တလင်း ဈေးအတွင်း၌ သကြားပြောင်းဖူး (၁)ဖူးလျှင်(  ၅၀၀ ) ကျပ်နှင့် ရိုးရိုးပြောင်းဖူး(၁)ဖူးလျှင် (၂၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

“ကြက်ဟင်းခါးသီးစိုက်ပျိုးဝင်ငွေတိုး”

     ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သော တောင်သူဦးကြီးများသည် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ကြက်သွန် စသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြသလို သစ်သီးဝလံများဖြစ်သော ငှက်ပျော၊ သင်္ဘော၊ ဖရဲ၊ သခွား၊ သံပုရာ၊ ဘူး၊ ဖရုံ၊ ပဲသီးတောင့်ရှည်နှင့် ကြက်ဟင်းခါးသီးစသည်ဖြင့် သီးနှံ များအားလည်း စိုက်ပျိုးကြပါသည်။ တချို့အိမ်ရှင်များသည် ထိုသစ်သီးဝလံများကို အလွယ်တကူ ရရှိနိုင်စေရန် မိမိတို့၏ ခြံဝန်းအတွင်းစိုက်ပျိုးထားရှိပြီး ယခုအခါ ခြံစိုက်တောင်သူများအနေဖြင့် သစ်သီးဝလံများကို စီးပွားဖြစ်စိုက်ပျိုးလာရာ ထိုသစ်သီးဝလံများထဲမှ ကြက်ဟင်းခါးသီးကိုလည်း စိုက်ပျိုးလာကြပါသည်။ ကြက်ဟင်းခါး ပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုအိတ်ဖြင့် ပျိုးထောင်၍ ပျိုးထောင်သည့်နေ့မှရက်(၂၀)ရက်ကြာ ပျိုးပင်ကိုမြေချစိုက်ပျိုးနိုင်သည်။ ကြက်ဟင်းခါးအပင် သည်(၃)လခန့်အကြာတွင် အသီးများခူးဆွတ်နိုင်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ခူးဆွတ်နိုင်၍ (၅)လခန့်အထိ ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးသီး (၁)ဧက အထွက်နှုန်းမှာ တစ်ပတ်လျှင် ပိဿာ(၁၅၀)ခန့်အထိ ထွက်ရှိကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါး သီး(၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၇၀၀၀၀၀-၇၅၀၀၀၀) ကျပ်အထိ ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်ကားစျေး(၂၀၀၀/-)ကျပ်ဖြင့် ပွဲစားများထံရောင်းရကြောင်း ၊ လက်လီ အသုံးပြု သူများအနေဖြင့် (၂၅၀၀/-)ကျပ်ဖြင့် ဝယ်ယူစားသောက်ရကြောင်းသိရှိရပါသည် ။ ကြက်ဟင်းခါး စိုက် တောင်သူများအနေဖြင့် (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၆၅၀၀၀၀/-) ကျပ်ခန့် မြတ်ပြီး အကျိုးအမြတ်များရရှိသည့်အတွက် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“အာလူးဈေးနှုန်းဈေးကွက်”

    ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးအတွင်းသို့ အာလူးအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ အားလူသီးကို ရှမ်းပြည်နယ် အောင်ပန်း၊ ကလောဒေသများမှ ဝင်ရောက် လျက်ရှိကြောင်း၊ အာလူးသီး အကြီး၊ အသေး၊ အရော တစ်ပိဿာလျှင် (၃၅၀၀/-) ကျပ်ဖြင့် ရောင်းချ ကြကြောင်း၊ အာလူးဈေးနှုန်းမှာ ဧပြီလမှ ယခု ဇူလိုင်လအထိ ဈေးမာ လျက်ရှိကြောင်း၊ အာလူးသီးကို လူကြိုက်များသောကြောင့် အရောင်းသွက်လျက်ရှိကြောင်း၊ အာလူးစားသုံးခြင်းဖြင့် ကျန်းမာရေး အာဟာရဓာတ် သက်သက်မဟုတ်ဘဲ ကျန်းမာရေးအကျိုး ကျေးဇူးများလည်းရရှိကြောင်း၊ လူတို့အတွက် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့် အတိုင်း အာလူးစားသုံးခြင်းဖြင့် ဗီတာမင် ဘီစစ်ပါဝင်သောကြောင့် အာရုံကြောကျန်းမာရေး ကောင်းမွန်စေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှု ဖြစ်ခြင်းတို့မှ ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ အာလူးဈေးငြိမ်သည့်အတွက် ရှမ်းပြည် ဘက်မှ အာလူးစိုက် တောင်သူဦးကြီးများ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ အာလူးရောင်းဝယ်သော သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ပဲစောင်းလျှားသီးများလှိုင်လှိုင်ဝင်ရောက်”

    ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ကူမဲမြို့မဈေးအတွင်းသို့ ပြည်ဘက်မှထွက် သော ပဲစောင်းလျှားသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပါသည်။ အသီးအတိုင်း သီးသန့် စားသုံး ရသော ပဲစောင်းလျှားသီးများကို ခရိုင်အတွင်းစိုက်ပျိုးမှုမရှိသော်လည်း ပဲမြစ်စားသုံးရန် စိုက်ပျိုးသော အပင်မှ ပဲမြစ်ညွန့်နှင့် ပဲစောင်းလျှားသီးများ ထွက်ပေါ်ကြောင်း၊ ရာသီချိန်မှသာ စိုက်ပျိုး သောကြောင့် လက်ရှိအချိန်တွင် ထွက်ပေါ်ခြင်းမရှိပေ၊ ပြည်မှ ဝင်ရောက်သော ပဲစောင်းလျှားသီး တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ လက်လီအနေဖြင့် (၂၅)ကျပ်သားလျှင် (၁၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲစောင်းလျှားသီးကို အတို့အမြှုပ်အဖြစ် စားသုံးကြသလို၊ ချဉ်ရည်ဟင်း နှင့် အသီးကိုရေနွေးဖျော၍ လက်သုပ် သုပ်စားကြကြောင်း၊ ပဲစောင်းလျှားသီး စားသုံးခြင်းဖြင့် အရွယ်တင်နုပျိုစေကြောင်း၊ ဗီတာမင်စီ ကြွယ်ဝ၍ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင် ကြောင်းနှင့် အရိုးတွေကိုလည်းသန်မာစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ တန်ဖိုးနည်းပြီး အာဟာရဓာတ်နှင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါရှိသော ပဲစောင်းလျှားသီးကို နေ့စဉ်စားသုံးသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း