Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြား တိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆ မတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၁၉.၈.၂၀၂၄)ရက်နေ့မှ (၂၄.၈.၂၀၂၄)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၄)ခုနှင့် စားအုန်းဆီတန်ချိန် (၂၈၈၄.၀၄)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုသိမ်မြို့ရှိ မာလကာသီးဈေးကွက်အခြေအနေ

    မိုးရာသီသို့ ရောက်ရှိလာချိန်တွင် သီးနှံမျိုးစုံ ထွက်ရှိနေသည့်သီးနှံများထဲမှ မာလကာသီးလည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ မာလကာသီးကို အိမ်ခြံထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ အဓိကအားဖြင့် ဟင်္သာတခရိုင်အတွင်းရှိ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး၊ ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြပါသည်။

    ပုသိမ်မြို့နယ်ရှိ သစ်သီးဒိုင်များမှာ ကျောက်ပန်းတောင်မြို့နယ် ပုပ္ပါးကျေးရွာခြံများမှ ဝယ်ယူကြရပြီး အလုံး ၁၀၀ပါအိတ်ကို ၅၀၀၀ဝိ/-မှ ၇၀၀၀ဝိ/-အထိ ဝယ်ယူကြရပြီး၊ ပုသိမ်မြို့တွင် လက်လီအဖြစ် အလုံး အကြီး/အသေးအပေါ် မူတည်၍ ၁၀လုံးကို ၂၀၀ဝိ/-၃၀၀ဝိ/-၄၅၀ဝိ/-ဈေးဖြင့် ပြန်လည် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင် ငါးရှဥ့်ဈေးကွက်အခြေအနေ

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အင်းမ တာကောက်ကျေးရွာ ဖျာပုံ- မအူပင်-ရန်ကုန်လမ်းမပေါ်တွင် မြင့်မြတ်သူငါးရှဥ့်ရောင်းဝယ်ရေးလုပ်ငန်းရှိသည့်အတွက် ငါးရှဥ့်ရောင်းဝယ်နေမှု အခြေအနေများကို (၂၄.၈.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီက ရောင်းဝယ်မှုအခြေအနေကို သွားရောက် လေ့လာခဲ့ကြသည်။

      မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု (၇၆)အုပ်စုရှိသည့်အနက် ရေလဲ၊ ရွှေတောင်မှော်၊ စစ်ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင်၊ စသည့် ကျေးရွာအုပ်စုများသည် ချောင်း၊ မြောင်း၊ အင်းအိုင်နှင့် ကွင်းရေများ ပေါများသည်။ ယခုလို မိုးတွင်းကာလ သမယတွင် ငါးရှဥ့်များစွာ ဖမ်းစီးရရှိနိုင်ကြောင်း မြင့်မြတ်သူ ငါးရှဥ့်ရောင်းဝယ်ရေး ဒိုင်ပိုင်ရှင်၏ ပြောပြချက်အရသိရှိရပြီး ငါးရှဥ့်များကို တစ်နှစ်ပတ်လုံး ဝယ်ယူရရှိပြီး တန်ခူး၊ ကဆုန်လများတွင် ငါးရှဥ့်ကုန်ချိန် ဝယ်ယူရရှိမှု နည်းပါးပြီး ကျန်လများတွင် ပိုမိုဝယ်ယူရရှိကြောင်း လေ့လာသိရှိရပါသည်။

   ငါးရှဥ့်လာရောက်ရောင်းချသူများသည် အနည်းဆုံး တစ်နေ့လျှင် ၅၀ ပိဿာမှ အများဆုံး ၁၈၀ ပိဿာအထိ လာရောက်ရောင်းချကြပါသည်။ ယခင်နှစ်များက ငါးရှဥ့်ကို အမျိုးအစား၊ အတန်းအစားခွဲ၍ ဝယ်ယူပြီး ယခုနှစ်များတွင်အမျိုးအစားအခွဲခြားပဲ ဝယ်ယူပြီး ရန်ကုန်ဈေးကွက် သို့တင်ပိုနေကြောင်း၊ ငါးရှဥ့်တစ်ပိဿာလျှင် ၁၄၀၀၀/-ကျပ်၊ ၁၅၀၀၀/- ကျပ်ဖြင့် ဝယ်ယူပါသည်။ ဝယ်ယူရရှိသော ငါးရှဥ့်များကို ရန်ကုန်ဈေးကွက်သို့ ၁၆၀၀၀/- ဈေးဖြင့် ကုန်ချိန်များသည့်အခါ နေ့ချင်းပို့ပါသည်။ မအူပင်မြို့နယ်တွင် ငါးရှဉ့်ရောင်းဝယ်ရေး ၁၀ဒိုင် ခန့်ရှိပြီး ရန်ကုန်သို့ တင်ပို့ရောင်းချနေကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(တတိယပတ်)တွင် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများလာ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် (နွေ)ကြက်သွန်နီ(လှောင်ရာသီ)ကုန်ဆုံးချိန်နီး၍ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ပိဿာဝင်ရောက်မှုများလာကြောင်း၊ ဆိပ်ဖြူဒေသတွင်းကျေးရွာအနှံ့အပြားနှင့် ပွင့်ဖြူ၊ စလင်း၊ တညောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်ချိန်အများအပြားဝင်ရောက်လျက်ရှိပြီး ပွဲရုံဈေးကွက်သို့ ကြက်သွန်နီကုန်ချိန်ပိဿာ(၃)သောင်းမှ ပိဿည(၁)သိန်းထိ တစ်ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်ကြောင်း ဈေးကွက်မှသိရှိရသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီ(ဂျွန်) ထိပ်စအမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၁၀၀ မှ ၁၈၀၀)၊ အလတ်စ ကျပ်(၁၉၀၀ မှ ၁၇၀၀)၊ အသေးစ ကျပ်(၁၆၀၀ မှ ၁၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး (ဒုတိယပတ်)တွင် ကြက်သွန်နီထိပ်စ အမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၁၆၀၀)၊ အလတ်စ ကျပ်(၁၇၀၀ မှ ၁၆၅၀)၊ အသေးစ ကျပ်(၁၅၀၀ မှ ၁၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀) ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံမှတစ်ဆင့် အရည်အသွေး၊ အရွယ်အစားအလိုက် သန့်စင်ပြီး ကြက်သွန်နီများကို တစ်ပိဿာလျှင် ကျပ်(၂၄၀၀-၂၀၀၀)လက်ကားဈေးဖြင့် ဒေသအနှံ့အပြားသို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဈေးတက်ရခြင်းမှာ ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

        ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့နှင့် မော်လမြိုင်၊ မြဝတီမြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့တင်ပို့လျက်ရှိပြီး ဩဂုတ်(တတိယပတ်)တွင်  ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ (၄)သိန်း၊ တန်ချိန်အားဖြင့်(၆၅၃)တန်ခန့် တွဲကား၊ (၁၂)ဘီး၊ (၆)ဘီးမော်တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

 

ပေါက်မြို့နယ်တွင် (မိုး)စပါးများ စတင်စိုက်ပျိုး

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နှမ်းနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ်စိုက်ပျိုးကြပါသည်။ စပါးကို အဓိကထားစိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းမှစ၍ (မိုး)စပါးများကို စတင်စိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၁၂၀၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧက(၁၀၀၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ဒေသတွင်းနယ်မြေအခြေအနေအရ စိုက်ဧကလျော့နည်းသွားကြောင်းသိရသည်။

    စိုက်ပျိုးရာတွင် စပါးမျိုးအနေဖြင့် အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်း၊ ဧရာပဒေသာ၊ ဆင်းသုခစပါးမျိုးများကိုစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းဖြင့်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမတူညီ၍ တစ်ဧကလျှင် စပါးမျိုးစေ့ (၈)ပြည်မှ (၁၆)ပြည်ထိကုန်ကျကြောင်း၊ စပါးမျိုးများကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူစိုက်ပျိုးကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ပျမ်းမျှအထွက်တင်း (၇၀ - ၈၀)တင်းထွက်ရှိကြောင်းသိရှိရသည်။ ယခင်နှစ်တွင် စပါးတစ်ဧကလျှင် တင်း(၇၀)ခန့်ထွက်ရှိကြောင်း၊ သီးနှံပေါ်စ၌ ဒေသတွင်းပေါက်ဈေးတွင် ဧရာပဒေသတစ်တင်းလျှင် ကျပ်(၅၀၀၀၀)၊ မနောသုခ တစ်တင်းလျှင် ကျပ်(၄၅၀၀၀)၊ ဆင်းသုခတစ်တင်းလျှင် ကျပ်(၄၀၀၀၀) ဈေးအသီးသီးဖြင့်ရောင်းချရကြောင်း၊ တစ်ဧကဝင်ငွေမှာ ကျပ်(၁၈)သိန်းခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၁၆)သိန်းခန့်ရရှိကြောင်းသိရှိရသည်။

       ယခု၂၀၂၄ခုနှစ် (မိုး)စပါး စိုက်ပျိုးချိန်တွင် စက်ဆီ၊ လုပ်အားခ၊ ထွန်စက်ခုတ်ခနှင့် အခြားသွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တစ်ဧကလျှင် ကျပ်သိန်း(၂၀)ခန့်ကုန်ကျကြောင်း၊ (မိုး)စပါးကို ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းပိုင်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး စပါးခင်းကျွတ်များတွင် သီးထပ်သီးနှံအဖြစ် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နွေခရမ်း၊ အာလူးသီးနှံများကို ရေသွင်းစနစ်ဖြင့်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ယခုနှစ် (မိုး)စပါးစိုက်တောင်သူများအနေဖြင့် ရာသီဥတုကောင်းမွန်၍ သီးနှံဖျက်ပိုးကင်းပြီး စပါးအထွက်နှုန်းကောင်းပြီး ဈေးကွက်ကောင်းပါက တောင်သူများအဆင်ပြေမည်ဖြစ်ကြောင်း ပေါက်မြို့နယ် မြောက်ဘက်ကျေးရွာရှိ စပါးစိုက်တောင်သူတစ်ဦးထံမှသိရှိရသည်။

DOCA(မကွေး)

ထီးလင်းမြို့နယ်၌ မိုးမြေပဲသီးနှံများ လှိုင်လှိုင်တူးဖော်ပြီး ဈေးကွက်သို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၌ နှစ်စဉ် မိုး၊ ဆောင်းမြေပဲစိုက်ဧက (၁)သောင်းခန့်စိုက်ပျိုးကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းများအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို ဒေသစီးပွားဖြစ်လုပ်ကိုင်ကြသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြသည်။ ယခင်နှစ်များတွင် နှမ်းသီးနှံကို စိုက်ပျိုးမှုများခဲ့သော်လည်း ရေ၊ မြေ၊ ရာသီဥတုနှင့်မကိုက်ညီ၍ နှမ်းပင်သေပျောက်မှုများပြီး အထွက်နှုန်းလျော့နည်းခြင်းကြောင့် နှမ်းသီးနှံအစား မိုးရွာသွန်းမှုများခြင်းနှင့် မိုးခေါင်မှုဒဏ်ကို အထူးခံနိုင်သော မြေပဲသီးနှံကိုအစားထိုး၍ တောင်သူအများအပြား စိုက်ပျိုးကြကြောင်းသိရှိရသည်။

          ဩဂုတ်လ(စတုတ္ထပတ်)တွင် ထီးလင်းမြို့နယ်အတွင်းရှိ ဝက်သက်၊ လုံးပေါင်၊ လက်ပံ၊ ဒေါသာ၊ သရခါ၊ အနောက်ဘက်၊ မြောက်ဘက်၊ ထလင်း စသည့်ကျေးရွာများ၌ သုံးလပဲပင်ထောင် အတောင့်သေးမျိုးကို ၂၀၂၄ခုနှစ်၊ မေလတွင် စိုက်ဧက(၅၀၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးထားရှိသောမြေပဲများကို ဩဂုတ်လဆန်းပိုင်းမှစ၍ လှိုင်လှိုင်တူးဖော်ကြောင်း၊ ဒေသတွင်းပေါက်ဈေးအနေဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍ မြေပဲတောင့်တစ်တင်းလျှင် ကျပ်(၃၀၀၀၀-၄၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၈၀၀၀၀၀)ခန့်ကုန်ကျပြီး အထွက်တင်းအနေဖြင့် ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်၍ မြေပဲအထွက်နှုန်းကောင်းကြောင်း၊ တစ်ဧကပျမ်းမျှအထွက်တင်း(၅၅)တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထီးလင်းမြို့နယ်အတွင်း ထွက်ရှိသောမြေပဲများကို ဒေသခံဝယ်လက်များမှတစ်ဆင့် ပခုက္ကူဈေးကွက်သို့ တင်ပို့ရောင်းချခြင်းနှင့် ဒေသတွင်းစားသုံးပြည်သူများကို ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် မြေပဲတစ်ဧကလျှင် ကျပ်(၁၄၀၀၀၀၀)ခန့်အကျိုးအမြတ်ရရှိကြောင်း၊ တူးဖော်ပြီးမြေပဲခင်းကျွတ်များတွင် ရာသီဥတုအနေအထားပေါ်မူတည်ပြီး ပဲယင်းသီးနှံနှင့် ပြည်တွင်းဈေးကွက်ဝင် ဆောင်းမြေပဲသီးနှံတို့ကို သီးထပ်အဖြစ် ထပ်မံစိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိကုန်စည်ဒိုင်တွင် ဒေသတွင်းထွက်ရှိသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းမျိုးစုံဖြစ်သော နှမ်းဝါ၊ နှမ်းညို၊ နှမ်းနက် စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြို့ပေါ်ရှိပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်များထံမှသိရသည်။ နှမ်းများကို ပခုက္ကူမြို့နယ်ရှိကျေးရွာများဖြစ်သော ဒဟက်ခြောက်၊ ကံတိန်၊ ကံမြင့်ကုန်း၊ ကံရပ်ကြီးနှင့် ဂန့်ဂေါခရိုင်အတွင်းရှိမြို့နယ်များတွင် အဓိကစိုက်ပျိုးကြပါသည်။ နှမ်းကို ၂၀၂၄ခုနှစ်၊ မေလကုန် ဇွန်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် ရိတ်သိမ်းရကြောင်း၊ ပခုက္ကူမြို့နယ်၏ နှမ်းစိုက်ဧကမှာ (၁၅၀၀)ကျော်ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၈)တင်းကျော်ထွက်ရှိကြောင်း စိုက်ပျိုးတောင်သူမှသိရှိရပါသည်။

         ဩဂုတ်လ(စတုတ္ထပတ်)တွင် နှမ်းဈေးနှုန်းများမှာ နှမ်းနက်တစ်တင်းလျှင် ကျပ်(၂၁၅၀၀၀)၊ နှမ်းဝါ(ပင်) တစ်တင်းလျှင် ကျပ်(၁၃၀၀၀၀ မှ ၁၃၄၀၀၀)၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၁၂၉၀၀၀ မှ ၁၃၃၀၀၀)ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် (၁၀၀ မှ ၅၀၀)ထိဖြစ်ပါသည်။ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်မြို့သို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)         

ပခုက္ကူဈေးကွက်၌ ဈေးတက်ပြီး အရောင်းအဝယ်သွက်နေသော ပြောင်းဖူးစေ့(CP)

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ပြောင်းဖူးစေ့(CP) (အစေ့ထုတ်) ပြောင်းများ ဈေးတက်၍  ပခုက္ကူကုန်စည်ဒိုင်သာမက အခြားပွဲရုံများတွင်လည်း အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြောင်းဖူးစေ့(CP)ကို ပခုက္ကူမြို့နယ်၊ နန်းတော်ရပ်အုပ်စုရှိကျေးရွာများ၊ မြစ်ခြေအုပ်စုရှိကျေးရွာများနှင့် ရေတောင်ဘက်အုပ်စုရှိကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ပြောင်းဖူးစေ့(CP) ကို ၂၀၂၄ခုနှစ်၊ မေလတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြပါသည်။ ပခုက္ကူမြို့နယ်တွင် ပြောင်းဖူးစေ့(မိုး) စိုက်ဧက(၈၀၀၀)ကျော်စိုက်ပျိုးကြပြီး တစ်ဧကအထွက်နှုန်းမှာ တင်း(၇၀)ကျော်ထွက်ရှိကြောင်းသိရသည်။ ပြောင်းဖူးစေ့(CP)ကို တိရိစ္ဆာန်စာအဖြစ် ပြည်တွင်း၌ အသုံးပြုရုံသာမက ပြည်ပနိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

       ယခုအချိန်တွင် ပြောင်းဖူးစေ့(CP)မှာ ဒေသတွင်းဈေးကွက်တွင် သီးနှံလက်ကျန်နည်းနေပြီး ဩဂုတ်လ(စတုတ္ထပတ်)၌ ပြောင်းဖူးစေ့ဈေးနှုန်းမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ယခင်အပတ်တွင် ပြောင်းဖူးစေ့ (CP)တစ်တင်းလျှင် ကျပ်(၂၃၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ပြောင်းဖူးစေ့(CP)မှာ တစ်တင်းလျှင် ကျပ်(၂၇၅၀၀ မှ ၃၀၀၀၀)ဖြစ်၍ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၄၀၀၀)ကျော်ဈေးတက်နေကြောင်း၊ ဈေးတက်ရခြင်းမှာ ပြည်တွင်းတိရိစ္ဆာန်အစားအစာများအဖြစ် ဝယ်ယူခြင်းအပြင် ထိုင်း၊ တရုတ်နိုင်ငံများသို့တင်ပို့နေသောကြောင့်  ဈေးကောင်းရလျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်၌ ဧရာပဒေသာမိုးစပါးများစိုက်ပျိုးလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ သံပုရာကန်၊ လက်ပံတံခါး စသည့်ကျေးရွာများ၌ ဧရာ ပဒေသာစပါးအပြင် ဆာပိုးသာ၊ မနောသုခ၊ ဧရာမင်း၊ ရတနာတိုး၊ ဆင်းသုခစပါးများကို မိုးစပါးအဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။

   အထက်မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သည့် တောင်သူ ဦးခင်အောင်ဆွေက ၎င်းအနေဖြင့် ရုံးရပ်ကွက်တောင်ပိုင်းရှိ အင်းကွင်းအမှတ်(၈၆၁)၌ ဧရာပဒေသာ(မိုးစပါး)ကို တိုက်ရိုက်အစေ့ချ Seeder ဖြင့် (၂)ဧက၊ ပျိုးထောင်ပင်စိုက်စနစ်ဖြင့် (၃)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုး(၁) တင်းလျှင် ကျပ်(၆၅၀၀၀)ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူကာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၁၅၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးစေ့ကုန်ကျမှုအနေဖြင့် (၁)ဧကလျှင် ပျိုးထောင်စနစ်ဖြင့်စိုက်ပျိုးလျှင် (၁)တင်းခွဲခန့်ကုန်ကျပြီး တိုက်ရိုက်အစေ့ချစနစ်ဖြင့်စိုက်ပျိုးလျှင် (၁)တင်းခန့်ကုန်ကျကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုးခ၊ လုပ်အားခ၊ မြေပြုပြင်ခအပါအဝင် (၁)ဧကလျှင် ကျပ်(၅၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် တင်း(၈၀ မှ ၈၅)တင်းထိထွက်ရှိပြီး(၁) တင်းလျှင် ကျပ်(၃၀၀၀၀) ဈေးရရှိခဲ့ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းစရိတ်နှင့် သယ်ယူခအပါအဝင် ကျပ်(၁၀)သိန်းခန့်ကုန်ကျကာ အကျိုးအမြတ်အနေဖြင့် ဒေသတွင်းစပါးဈေးကောင်းသောကြောင့် (၁)ဧကလျှင် ကျပ်(၁၄)သိန်းခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နယ်အတွင်းသာရောင်းချကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့သို့ ဩဂုတ်လ(စတုတ္ထပတ်)အတွင်း ဘိလပ်မြေဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)အတွင်းဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၅၀၀)၊ အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၁၀၅၀၀)ဖြစ်ပြီး  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကြံ့နှစ်ကောင် ကျပ်(၂၀၀)၊ အယ်လ်ဖာ ကျပ်(၄၀၀) ဈေးမြင့်တက်လာပြီး လမ်းပန်းအခက်အခဲနှင့် သယ်ယူစရိတ်မြင့်မားခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း၊  ဩဂုတ်လ(၁)ရက်နေ့မှ (၂၆)ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေစက်ရုံများမှ (၁၈၉၃၅)အိတ်ဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး) 

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း