Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် အခြေခံစားကုန်များဈေးတက်

     တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းမှာ စက်တင်ဘာလပထမအပတ်တွင် တစ်ပိဿာ လျှင် အသေး ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိရာ ယခုစက်တင်ဘာလနောက်ဆုံးအပတ်တွင် တစ်ပိဿာ လျှင် ၂၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဖြင့် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိပါသည်။

      ကြက်သွန်ဖြူဈေးနှုန်းမှာ စက်တင်ဘာလပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၁၀၀၀ ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

      အာလူးဈေးနှုန်းမှာ စက်တင်ဘာလပထမအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ် အထိရှိရာမှ ယခုစက်တင်ဘာလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ် အထိ ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း တောင်ငူမြို့ရှိကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်တစ်ချို့ ဈေးနှုန်းအတက်/အကျ ရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စက်တင်ဘာလပထမပတ်နှင့် တတိယပတ် အတွင်း အခြေခံစားသောက်ကုန်တစ်ချို့ ဈေးနှုန်း အတက်/အကျဖြစ်ပေါ်နေပြီး ပထမပတ်တွင် ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လက်ကားဈေး ၁၈၀၀၀ ကျပ်၊ လက်လီဈေး ၂၀၀၀၀ ကျပ်ဈေးမှ ယခုတတိယပတ် လက်ကားဈေး ၁၆၅၀၀ ကျပ်နှင့် လက်လီဈေး ၁၈၀၀၀ ကျပ် ဖြစ်သွား၍ တစ်ပိဿာ ၁၅၀၀/၂၀၀၀ ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းကျဆင်းနေပြီး၊ အာလူးအလတ်တစ်ပိဿာ လက်ကားဈေး ၄၃၀၀ ကျပ်၊ လက်လီဈေး ၄၈၀၀ ကျပ်မှ ယခုတတိယပတ် လက်ကားဈေး ၇၈၀၀ ကျပ်၊  လက်လီဈေး ၈၀၀၀ကျပ်ဖြစ်သွား၍ တစ်ပိဿာလျှင် ၃၅၀၀/၃၂၀၀ ကျပ်ဝန်းကျင်ခန့် မြင့်တက်လျက်ရှိနေကြောင်း ဈေးကွက်မှ သိရှိရပါသည်။ ပထမပတ်တွင် ဧည့်မထဆန်တစ်ပြည် ၃၀၀၀ ကျပ်ခန့်ရှိပြီး ယခုပတ်တွင် ဆန်တစ်ပြည် ၃၁၀၀ ကျပ်ခန့်ရှိလျက် ၁၀၀ ကျပ်ခန့် ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သိရပါသည်။  ယခင်က ငရုတ်ခြောက်ရှည် တစ်ပိဿာ   ၅၅၀၀/ ၆၀၀၀ ကျပ်ခန့်ရှိပြီး ယခုတွင် တစ်ပိဿာ ၆၅၀၀/၇၀၀၀ ကျပ်ခန့်ရှိပြီး ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါသည်။

    ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀/၃၅၀၀ ကျပ်၊ ပဲဆီသန့် တစ်ပိဿာ ၁၉၀၀၀/၂၀၀၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာ ၈၅၀၀/၉၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၆၈၀၀/၇၀၀၀ ကျပ်၊ မန်ကျည်းသီး(အစေ့မပါ) တစ်ပိဿာ ၆၅၀၀/၇၀၀၀ ကျပ်၊ ဂျင်း တစ်ပိဿာ ၁၁၀၀၀/၁၂၀၀၀ ကျပ် ဈေးနှုန်းဖြင့် ယခင်ပထမပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါသည်။ 

DOCA(ဧရာဝတီ)

 

    

 

 

ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှ ပုန်းရည်ကြီးလုပ်ငန်း

    ဖြူးမြို့နယ် ကညွတ်ကွင်းမြို့မှ ပုန်းရည်ကြီးလုပ်ငန်းသည် မိသားစုတပိုင်တနိုင်လုပ်ငန်းဖြစ်ကာ အပိုဝင်ငွေကိုရရှိစေပါသည်။ ပုန်းရည်ကြီးပြုလုပ်ရာတွင် ပဲပိစပ်ဖြင့် ပြုလုပ်၍ ပဲပိစပ်ကို ရေစိမ်ပြီး ပြုတ်ရပါသည်။ ပဲပိစပ်သည် အနူးနှေးသောကြောင့် အချိန် ၇ နာရီခန့်ကြာအောင် ပြုတ်ပေးရပါသည်။

     ပြုတ်ပြီးသောပဲပိစပ်များကို ဆုံတွင်ထောင်း၍ အရည်ခံပြီး စစ်ချရပါသည်။ ပြုတ်ပြီးသားပဲပိစပ်များကို ဇကာဖြင့်ထပ်မံစစ်၍ ညက်နေအောင်ပြုလုပ်၍ ရရှိလာသော ပဲအနှစ်များကို ပိတ်စိမ်းပါးဖြင့်ထပ်မံစစ်ချကာ ထပ်မံကျိုရပါသည်။ ဖုံ၊ သဲများမဝင်စေရန် အထူးဂရုစိုက်ရကြောင်းသိရသည်။

     စက်တင်ဘာလနောက်ဆုံးအပတ်တွင် ပုန်းရည်ကြီး တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသကဲ့သို့ ကညွတ်ကွင်းဈေးနှင့် ဖြူးဈေးများသို့လည်း ပို့ဆောင်၍ရောင်းချပါသည်။ ပုန်းရည်ကြီး တစ်ကြိမ်ပြုလုပ်လျှင် ပဲပိစပ်နှစ်ပြည်ဖြင့် ပြုလုပ်ရပါသည်။ ပဲပိစပ် တစ်ပြည်လျှင် (၅၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ထင်းဖိုးနှင့် ဖြူးမြို့ပို့ဆောင်ခကုန်ကျစရိတ်တို့ဖြင့် တပြည်လျှင် ၁၅၀၀၀ ကျပ် အမြတ်ကျန်ကြောင်း ပုန်းရည်ကြီး ပြုလုပ်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့၏ မိသားစုအပိုဝင်ငွေရရှိသောပဲထောင့်ရှည်

   ပုသိမ်မြို့တွင်ပဲ‌‌တောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့)မျိုးနှင့် အပင်ရှည်မျိုး (နွယ်တတ်မျိုး)ဟူ၍ နှစ်မျိုးရှိပါသည်။  အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြရသည်။ ရာသီဥတုသင့်တင့်သောဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါ သည်။ ပဲတောင့်ရှည်ပင်စိုက်ပျိုးရာတွင် ရေမဝပ်စေရန် မြေကိုပြုပြင်ပေးရသည်။ မျိုးစေ့စိုက်ပျိုးရာတွင် အစိုဓာတ်များလွန်းလျှင် အစေ့များပုပ်သွားတတ်သည်။ ပဲစေ့စိုက်ပြီး(၇)ရက်အကြာတွင် အပင်စတင် ထွက်ပေါ်လာပြီး တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရပါသည်။ အပင်ပေါက်ပြီး (၂၀)ရက်အကြာတွင် မြေသြဇာထည့်ပေးရပါသည်။

   ထိုအပင်ကို အပွင့်ပွင့်ချိန်တွင် ပိုးမကျစေရန် ဂရုစိုက်ရသည်။ ပဲတောင့်ရှည်သီးတွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည့်အတွက် ပိုးသတ်ဆေးများ ပက်ဖြန်းကာကွယ်ရပါသည်။ ပဲတောင့်ရှည်ကို တစ်ရက်ခြား တစ်ခါခူးပေးရပါသည်။ ပဲထောင့်ရှည်အစည်း (၁၀၀၀)ကျပ်ရရှိကြောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများထံမှ သိရှိရပါသည်။ ပဲတောင့်ရှည်ပင်သည်  မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့၌ ဖြစ်ပေါ်နေသော ကြက်ဥ ၊ ဘဲဥ ၊ ငုံးဥ ဈေးနှုန်းများ

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ဘူတာဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက် အရ ဘိုကလေးမြို့မှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၃၈၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၃၅၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၃၂၀)ကျပ်နှင့် ဘဲဥကြီး တစ်လုံးလျှင် (၄၅၀) ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်၊ ငုံးဥ(၁၀)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်အနည်းငယ် ကျဆင်းသွားပါသည်။

     ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံး အသုံးပြုကြပြီး အိမ်ရှင်မများမှ မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင် လည်း အသုံးပြုလျက်ရှိပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ဆော၊ ကျောက်ထု၊ လောင်းရှည်မြို့နယ်များတွင် ကြက်သွန်ဖြူသီးနှံကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ကြက်သွန်ဖြူသီးနှံကို အောက်တိုဘာလကုန် နိုဝင်ဘာလတွင် အများဆုံးစိုက်ပျိုးကြပြီး မတ်လတွင် စတင်တူးဖော်ကြောင်း၊ ကြက်သွန်ဖြူစိုက်ဧက(၂၀၀)ကျော်ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

      ပခုက္ကူဈေးကွက်သို့ ဒေသတွင်းဗမာကြက်သွန်ဖြူများအပြင် ရှမ်းပြည်နယ်ထွက် ကြူကုတ် ကြက်သွန်ဖြူ(ဥကြီး)မျိုးများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဗမာကြက်သွန်ဖြူ တစ်ပိဿာလျှင် အလုံး(ကြီး)ကျပ်(၁၀၀၀၀)၊ အလုံး(လတ်) ကျပ်(၉၀၀၀)၊ အလုံး(သေး) ကျပ်(၈၀၀၀)၊ ရှမ်းပြည် ကြူကုတ်တစ်ပိဿာလျှင် (၁၈၀၀၀-၁၅၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်စက်တင်ဘာလ(တတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ခန့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်ထွက် ကြူကုတ်ကြက်သွန်ဖြူများ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ကုန်ချိန်ပိဿာ (၅၀၀၀ မှ ၁၀၀၀၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူပဲဈေးကွက်တွင် ကုလားပဲသီးနှံ အရောင်းအဝယ်သွက်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့သည် မိမိဒေသမှ စိုက်ပျိုးထွက်ရှိသော ဆီထွက်သီးနှံနှင့် ပဲမျိုးစုံများအပြင် အခြားတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသော သီးနှံမျိုးစုံ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိခြင်းကြောင့် ပခုက္ကူမြို့သည် စီးပွားရေး အချက်အချာကျ၍ ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (စတုတ္ထပတ်)တွင် ပခုက္ကူမြို့ ပဲဈေးကွက်တွင် ကုလားပဲသီးနှံအရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ကုလားပဲလက်ကျန်နည်းသော်လည်း အမြင့်ဈေးဖြင့် ဈေးငြိမ်၍ အရာင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

          စက်တင်ဘာ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ကုလားပဲဈေးနှုန်းများမှာ  ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ ကုလားပဲ(V2) တစ်တင်းလျှင် ကျပ်(၁၀၆၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၉၂၀၀၀)၊ ကုလားပဲခြမ်းတစ်တင်းလျှင် ကျပ်(၁၃၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုအချိန်တွင် ပြည်တွင်း၌ ပဲစားသုံးမှုမြင့်မားလျက်ရှိ၍ ကုလားပဲခြမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း  ကုလားပဲတစ်တင်းလျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသတွင်းဈေးကွက်တွင် ကုလားပဲလက်ကျန်နည်းနေသော်လည်း လာမည့်အောက်တိုဘာလတွင် ပဲ(အသစ်)များ စိုက်ပျိုးချိန်ရာသီနီး၍ ကုလားပဲဈေးကွက်ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နိုင်ကြောင်း၊ စက်တင်ဘာလ(စတုတ္ထ)ပတ်တွင် ကုလားပဲသီးနှံမှာ ပြည်တွင်းဝယ်လိုအားကောင်း၍ အရောင်းအဝယ်သွက်ပြီး ပြည်ပတင်ပို့မှုမရှိကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်၌ နှမ်းဈေးနှုန်း အနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ ပခုက္ကူမြို့တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်များမှ ကျေးရွာများနှင့် အခြားတိုင်းဒေသကြီးမြို့နယ်များမှထွက်ရှိသော နွေနှမ်းသီးနှံများ တစ်ရက်လျှင် ပိဿာ (၃၀)ဝင်အိတ် (၂၀၀-၃၀၀)ခန့်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ ဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၂၃၀၀၀)ဖြင့်လည်းကောင်း၊ နှမ်းညိုတစ်တင်းလျှင် ကျပ် (၁၁၀၀၀၀-၁၀၅၀၀၀)ဖြင့်လည်းကောင်း၊ နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀-၁၅၈၀၀၀)ဖြင့်လည်းကောင်း၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၂၂၀၀၀-၁၁၆၀၀၀) ဖြင့်လည်းကောင်း သီးနှံအရည်အသွေးကိုလိုက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

         ဩဂုတ်လ(စတုတ္ထပတ်)နှင့် စက်တင်ဘာလ(စတုတ္ထပတ်)အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက စက်တင်ဘာလ(စတုတ္ထပတ်)တွင် မိုးရွာသွန်းမှုများ၍ နှမ်းမျိုးစုံရောင်းဝယ်ရေးဈေးကွက်သို့ အရည်အသွေးညံ့သော နှမ်းများဝင်ရောက်မှုများ၍ ဈေးအနည်းငယ်ကျဆင်းပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဝင်ရောက်သည့်နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် ဖြစ်ပေါ်လျက်ရှိသော ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၁၃၀၀)၊ အယ်လဖာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၁၂၀၀)၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၂၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

       ယခုစက်တင်ဘာလ(စတုတ္ထပတ်)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ဩဂုတ်လ (စတုတ္ထပတ်) ထက် ဈေးနှုန်းများတက်လာသည်ကိုတွေ့ရှိရပါသည်။ ယခုလက်ရှိဈေးနှုန်းများမှာ  အာမိုယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ဩဘာယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ရွှေနဂါးယူရီးယားတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

         ယခုစက်တင်ဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ ဩဂုတ်လ (စတုတ္ထပတ်)ဈေးနှုန်းများထက် ဈေးတက်နေကြောင်း တွေ့ရသည်။  အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၅၅၀၀၀)၊ အာမိုမက်နီဖော့ (၁)လီတာတစ်ဘူးလျှင် ကျပ်(၁၀၅၀၀၀)၊ အာမိုစတား(၁)လီတာတစ်ဘူးလျှင် ကျပ်(၆၉၀၀၀)၊ အာမိုအီမာ(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၂၀၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ (၁)လီတာတစ်ဘူးလျှင် ကျပ်(၅၃၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၅၅၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၂၉၀၀၀)၊ ဩဘာ ငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ မင်းမဟော် ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၇၀၀၀)၊ မင်းမဟော် ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ် (၃၈၀၀၀)၊(၅၀၀)cc တစ်ဘူးလျှင်  ကျပ်(၆၈၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

        စက်တင်ဘာလ(စတုတ္ထပတ်)တွင် ယခင်ဩဂုတ်လ(စတုတ္ထပတ်)ထက်  ပိုးသတ်ဆေးဈေးနှုန်းမှာ မြင့်တက်လာသည်ကိုတွေ့ရှိရပြီး သီနှံသိုလှောင်ချိန်ဖြစ်သောကြောင့်  ပိုးသတ်ဆေးမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူဈေးကွက်၌ ကြက်သွန်နီများ အရောင်းအဝယ်သွက်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိမှုများသော ကျေးရွာများနှင့် အခြားမြို့နယ် များဖြစ်သည့် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်းမြို့များမှထွက်ရှိသော ကြက်သွန်နီများလည်းဝင်ရောက်လျက်ရှိပြီး  ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် တစ်ရက်လျှင် ကြက်သွန်နီပိဿာချိန်(၅)သောင်းမှ (၁)သိန်းခန့်၊ တစ်ပတ်အတွင်း စုစုပေါင်းပိဿာချိန်(၅)သိန်းခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

       ဈေးနှုန်းဈေးကွက်အနေဖြင့် စက်တင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၁၈၂၅ - ၁၄၀၀)၊ ပွဲရုံမှ ပြန်လည်သန့်စင်ပြီး ရောင်းချရာတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၇၀၀ - ၂၀၀၀)ဈေးဖြင့်ရောင်းချလျက်ရှပြီး ပြည်ပဝယ်လိုအားနည်း၍ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု (တတိယပတ်)တွင် ကုန်ဝင်ရောက်မှုများလာကြောင်းသိရသည်။

         ကုန်စည်စီးဆင်းမှုအနေဖြင့် ဒေသတွင်းကြက်သွန်နီများကို ရန်ကုန် ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များနှင့် ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ တတိယပတ်အတွင်း၌  ဆိပ်ဖြူမြို့မှ အခြားမြို့များသို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၅)သိန်း၊ တန်ချိန်အားဖြင့် (၈၁၆)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း