Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတောကျေးရွာတွင် မိုးမြေပဲများစိုက်ပျိုးလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ လက်ပံတောကျေးရွာ၌ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများကို စိုက်ပျိုးကြပြီး တောင်သူ (၁၀)ဦးခန့်အနေဖြင့် မြေပဲစိုက်ဧက(၁၅၀)ဧကကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် စတင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

        မျိုးအနေဖြင့် ပင်ထောင်(အနီ)မျိုးကို ထွန်‌ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုး(၃)တင်းခန့်ကုန်ကျကြောင်း၊ မျိုးကို ယခင်နှစ်မြေပဲစိုက်ခင်းမှထွက်ရှိသည့် မြေပဲများကို မျိုးအနေဖြင့်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ အပင်သက်တမ်း(၃)လအကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၆၅၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကလျှင် တင်း(၁၀၀)နီးပါးထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် မြေပဲတောင့်(၁)တင်းလျှင် ကျပ်(၂၀၀၀၀)၊ ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း လက်ပံတောကျေးရွာနေ မြေပဲစိုက်တောင်သူ ဒေါ်ဌေးထံမှသိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့နယ်တွင် ဆောင်းသီးနှံပဲကြီးဖြူ စတင်စိုက်ပျိုး

      မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ တောင်သူ(၄၀)ဦးအနေဖြင့် ဆောင်းသီးနှံပဲကြီးဖြူစိုက်ဧက(၅၀)ခန့်ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)မှ စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

        မယ်ဇလီတောကျေးရွာနေ တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် ပဲကြီး()ဧကခန့်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် မျိုးကို ယခင်နှစ် ပဲကြီးစိုက်ခင်းမှ စိုက်ပျိုးထွက်ရှိသည့် ပဲကြီးစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ ပြန်လည်စိုက်ပျိုးကြသည့်အပြင် ဒေသခံတောင်သူအချင်းချင်းဆီမှလည်း မျိုး()ပြည်လျှင် ကျပ်(၅၀၀၀)ဖြင့်ဝယ်ယူ၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ()ဧကအတွက် မျိုး()ပြည်ခန့်ကုန်ကျပြီး အပင်သက်တမ်း ()လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ()ဧကလျှင် မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ် (၈၀၀၀၀ မှ ၁၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊  ယခင်နှစ်တွင် ပဲကြီး()ဧကလျှင် စိုက်ပျိုးစရိတ်နှင့် ခူးဆွတ်စရိတ်အပါအဝင် ကျပ်()သိန်းခန့်ကုန်ကျခဲ့ပြီး အထွက်တင်းအနေဖြင့် (၁၀)တင်းမှ (၁၃)တင်းထိထွက်ရှိကာ ()တင်းလျှင် ကျပ်(၁၀၀၀၀၀)ထိဈေးရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် ကျပ်()သိန်းမှ (၁၀)သိန်းထိရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိ ပွဲရုံများသို့နှင့် မြို့နယ်အတွင်းရှိ ပဲကြမ်းထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ စက်တင်ဘာလ(တတိယပတ်)တွင် ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

       မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းတစ်ပိဿာဈေးနှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ်(၈၀၇၀)၊ နှမ်းနီ ကျပ်(၈၁၃၀)၊ နှမ်းနက်(စမုန်) ကျပ်(၁၃၃၃၀)၊ နှမ်းညိုကြား ကျပ်(၇၂၀၀)၊ ကုလားပဲ(929) ကျပ်(၅၁၆၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၅၁၁၀)၊ မြေပဲလုံးဆန်(ဖြူ/ နီ) ကျပ်(၈၉၀၀)၊ ပဲလွန်းဝါ ကျပ်(၃၄၂၀)၊ ပဲကြီးဖြူ ကျပ်(၄၂၁၀)၊ မတ်ပဲ ကျပ်(၆၃၀၀)၊ စားတော်ပဲ ကျပ်(၇၀၀၀)၊ ပဲစင်းငုံ ကျပ်(၇၅၅၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းဖြူ ကျပ်(၂၀၀)၊  နှမ်းနီ ကျပ်(၂၀၀)၊ နှမ်းနက်(စမုန်) ကျပ် (၃၃၀)၊ ပဲလွန်းဝါ ကျပ်(၁၀၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၆၀)၊ ကုလားပဲ(929)ကျပ်(၁၆၀)၊ စားတော်ပဲ ကျပ် (၁၀၀)၊ မတ်ပဲ ကျပ်(၅၀)၊ မြေပဲလုံးဆန်(ဖြူ) ကျပ်(၃၀၀)၊ မြေပဲလုံးဆန်(နီ) ကျပ်(၆၀၀) ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

       တစ်ပတ်အတွင်း တန်ချိန်(၈၉၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ (၁၀၀၀)၊ နှမ်းအိတ်ရေ (၂၅၀၀)၊ ပဲကြီးအိတ်ရေ(၈၀၀)၊ မြေပဲအိတ်ရေ(၅၀၀၀)၊ မန္တလေးမြို့သို့ နှမ်းအိတ်ရေ (၇၂၅၀၀)၊ စုစုပေါင်းအိတ်ရေ(၈၁၈၀၀) တင်ပို့ခဲ့ကြောင်းသိရှိရသည်။

      တောင်တွင်းကြီးကုန်စည်ဒိုင်တွင် နှမ်းနက်(စမုန်) ကျပ်(၁၀၀၀၀)၊ နှမ်းပြာ ကျပ်(၇၅၅၅)၊  နှမ်းဖြူသန့် ကျပ်(၈၆၇၀)၊ နှမ်းနီ(၇၇၈၀)၊ ပဲကြီးဖြူ ကျပ်(၄၅၀၀)၊ ကုလားပဲဝါ(သေး) ကျပ်(၃၉၅၀)၊ ကုလားပဲ(ဟော်လန်) ကျပ်(၄၃၀၀)၊ ပဲတီစိမ်း ကျပ်(၃၅၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နှမ်းနက်(စမုန်) ကျပ် (၃၃၃၅)၊ နှမ်းပြာ ကျပ်(၂၄၄၅)၊ နှမ်းနီ ကျပ်(၁၃၅)၊  ကုလားပဲဝါ(သေး) ကျပ်(၂၀၀)၊ ကုလားပဲ(ဟော်လန်) ကျပ် (၄၅၀)ဈေးနှုန်းကျဆင်းခဲ့ပြီး ပဲတီစိမ်း ကျပ်(၂၅၀)၊ နှမ်းဖြူ ကျပ်(၆၇၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန် (၁၂၀.၇၅)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

       အောင်လံကုန်စည်ဒိုင်တွင် သိပ္ပံနှမ်းနက် ကျပ်(၁၃၁၀၀)၊ နှမ်းနီ ကျပ်(၇၅၅၅)၊ နှမ်းဖြူ ကျပ် (၇၃၃၅)၊ ပဲတီစိမ်း ကျပ်(၃၀၀၀)၊ ပဲစင်းငုံနီ ကျပ် (၇၅၀၀)၊ ကုလားပဲ (ဟော်လန်) ကျပ်(၄၉၇၅)၊ ကုလားပဲ(မြကြေး) ကျပ်(၅၃၅၀)၊ ပဲကြီးကျပ် (၄၄၀၀)၊ မတ်ပဲ ကျပ်(၆၂၅၀)၊ ဝါ ကျပ်(၃၁၀၀)ဖြစ်ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် သိပ္ပံနှမ်းနက် ကျပ်(၂၃၅)ဈေးနှုန်းကျဆင်းခဲ့ပြီး ကုလားပဲ (ဟော်လန်) ကျပ်(၃၀၀)၊ မြေပဲလုံးဆန်ဖြူ ကျပ်(၂၀၀)၊ မတ်ပဲ ကျပ်(၁၀၀)၊ နှမ်းနီ ကျပ်(၂၂၀)ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ တစ်ပတ်အတွင်း တန်ချိန် (၃၈၄)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ 

       ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၅၀၀-၂၃၀၀)၊ ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၉၇.၉၇)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။  

       ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ်(၁၆၀၀-၂၁၀၀)၊ ယခင်အပတ်ထက် ယခုအပတ်တွင် ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်း တန်ချိန်(၅၂.၂၅)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

     ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ(929) ကျပ်(၄၈၃၀)၊ ပဲစင်းငုံ ကျပ်(၇၆၀၀)၊ ပဲယင်း ကျပ် (၃၀၀၀)ဖြစ်ပြီး တစ်ပတ်အတွင်း တန်ချိန်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)

ပဲစင်းငုံသီးနှံ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်

        မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရလွယ်ကူသည့် ပဲစင်းငုံသီးနှံကို မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်များ၌ ၂၀၂၄ခုနှစ်တွင် စိုက်ဧက ၁၈၂၀၀၀ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

         ဇွန်လ-ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မျိုးစေ့အနေဖြင့် ပဲစင်းငုံ(အနီ)ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ သီးသန့်နှင့် သီးညှပ်ဟူ၍နှစ်မျိုးရှိပြီး သီးညှပ်စိုက်ပျိုးခြင်းကို ပိုမိုစိုက်ပျိုးကာ ထွန်ကြောင်းဆွဲ၍ အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် မျိုးစေ့  ၁ပြည်ခန့်ကုန်ကျ၍ စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ငွေကျပ်၄၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂-၁၅ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပဲစင်းငုံ(အနီ)ပေါ်စအချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၁၁၈၀၀၀-၁၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ်၁၀၀၀၀၀၀ကျော်ရရှိကြောင်းသိရသည်။

         ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ပဲစင်းငုံနီတစ်တင်းလျှင် ငွေကျပ် ၁၄၉၀၀၀-၁၅၁၀၀၀ ဖြင့် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ပဲစင်းငုံသီးနှံကို မကွေးမြို့ပေါ်ရှိ ပွဲရုံများမှ ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊  ပြည်ပဝယ်လိုအားကောင်း၍ ဈေးနှုန်းကောင်းမွန်မှုကြောင့် တောင်သူများအတွက် အကျိုးအမြတ်များရရှိသည့် ပဲစင်းငုံသီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။

DOCA(မကွေး)

 

ပြန်လည်အသက်ဝင်လာသော အောင်ပန်းမြို့ ကုန်စိမ်းဈေးကွက်

      သဘာဝဘေးအန္တရာယ် ရေကြီးမှုဒဏ်ခံခဲ့ရသော အောင်ပန်းမြို့သည် ယခုအခါတွင် ရေများ ပြန်ကျဆင်းသွားပြီဖြစ်၍ ယခင်ကကဲ့သို့ ကုန်စိမ်းဈေးကွက် ပြန်လည်ဦးမော့လာပြီဖြစ်ပါသည်။ ရှေ့ရက်များတွင် ရေလွှမ်းမိုးမှုကြောင့် သီးနှံဈေးနှုန်းများလျော့နည်းခဲ့သော်လည်း ယခုအခါတွင် ကုန်စိမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း တောင်သူတစ်ဦးထံမှသိရပါသည်။

          ယခုအခါတွင် အာလူးတစ်ပိဿာလျှင် (၃၂၀၀) ကျပ်မှ (၅၃၀၀) ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ ချင်း(ဂျင်း) တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် (၃၅၀) ကျပ်မှ (၁၀၀၀) ကျပ်၊  ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၃၀၀) ကျပ်မှ (၁၆၀၀) ကျပ် အထိ အသီးသီးရှိကြောင်း အောင်ပန်းမြို့ ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

        “ ဒီရက်ပိုင်း ရေပြန်ကြသွားသည့်အတွက် သီးနှံဈေးကွက် နည်းနည်းပြန်ဖြစ်လာတယ်ပြောရမှာပေါ့။ တောင်သူတွေရဲ့ ဘဝက သီးနှံဈေးကွက်ပေါ် မှီခိုထားရတာဖြစ်တဲ့အတွက် ဈေးနှုန်းတွေအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်စေချင်ပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပန်းမုန်လာပွင့်များ အရောင်းအဝယ်ဖြစ်

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့များတွင် ရာသီပေါ်သီးနှံဖြစ်သော ပန်းမုန်လာပွင့်များ စတင်ပေါများစွာထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။ အောင်ပန်း၊ ရေချို၊ လဲချားနှင့် အနီးတဝိုက်ရှိကျေးရွာများမှ တောင်သူများသည် ပန်းမုန်လာပွင့်များကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင် စားသုံးရန်အတွက်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

        စိုက်ပျိုးထွက်ရှိလာသော ပန်းမုန်လာပွင့်များကို အောင်ပန်းမြို့ မြို့မဈေးရှိ အဝယ်ဒိုင်ပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်းနှင့် တချို့ကို ရန်ကုန်၊ မန္တလေးနှင့် အခြားနီးစပ်ရာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်းသိရသည်။ ဈေးနှုန်းများမှာ ပန်းပွင့်အကြီးအသေးပေါ်မူတည်၍ အဝယ်ဒိုင်ပွဲရုံဈေး (၃၅၀) ကျပ်မှ (၇၀၀) ကျပ်အထိရှိပြီး လက်လီဈေး (၅၀၀) ကျပ် (၁၅၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။ တချို့အဝယ်ဒိုင်များမှာ စိုက်ခင်းသို့လာရောက်၍ အခင်းပြတ်ဝယ်ယူကြကြောင်းလည်းသိရှိရသည်။

       ယခင်အပတ် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးကုန်သွယ်မှုလမ်းကြောင်းများပိတ်လျက်ရှိကြောင်းသိရသည်။ တချို့ကုန်ပစ္စည်းများမှာ ရောင်းသူဝယ်သူမရှိဘဲ အရောင်းအဝယ်ပါးလျက်ရှိရာ ရောင်းဝယ်မှုလုပ်ငန်း (၆၀) ရာခိုင်နှုန်းနီးပါးအထိလျော့ကျသွားကြောင်းသိရှိရသည်။

          ယခုအပတ်တွင် ရေများလျော့ကျသွားပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကြောင့် ကားလမ်းများ ပြန်လည်ပွင့်လင်းလာ၍ ရောင်းဝယ်ကုန်သွယ်မှုများတဖြည်းဖြည်းပြန်လည်စတင်လာပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရှမ်း)

 

“ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပန်းဂေါ်ဖီထုပ်များ အရောင်းသွက်နေ ”

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ပင်းတယ၊ လွိုင်လင်နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် ရာသီပေါ်သီးနှံဖြစ်သော ပန်းဂေါ်ဖီထုပ်များ စတင်ပေါများစွာထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။ အောင်ပန်း၊ ပင်းတယ၊ လွိုင်လင်အနီးတဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ပန်းဂေါ်ဖီထုပ်များကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်စားသုံးရန်အတွက်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းသိရှိရသည်။

        စိုက်ပျိုးထွက်ရှိလာသော ပန်းဂေါ်ဖီထုပ်များကို အောင်ပန်းမြို့ မြို့မဈေးရှိ အဝယ်ဒိုင်ပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်းနှင့် တချို့ကို ရန်ကုန်၊ မန္တလေးနှင့် အခြားနီးစပ်ရာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်းသိရသည်။ ဈေးနှုန်းများမှာ အကြီးအသေးပေါ်မူတည်၍ လက်ကားဈေး ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၄၀၀) ကျပ်မှ (၈၅၀) ကျပ်အထိရှိပြီး လက်လီဈေး (၅၀၀) ကျပ် (၁၇၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။

         ယခင်အပတ် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ကုန်ပစ္စည်းများမှာ ရောင်းသူဝယ်သူမရှိဘဲ အရောင်းအဝယ်ပါးလျက်ရှိကြောင်းသိရှိရသည်။ ယခုအခါတွင် ရေများလျော့ကျသွားပြီး ကားလမ်းများ ပြန်လည်ပွင့်လင်းလာ၍ ရောင်းဝယ်ကုန်သွယ်မှုများ တဖြည်းဖြည်းပြန်လည်စတင်လာပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ကားလမ်းများ ပုံမှန်ပြန်လည်သွားလာနိုင်

        စက်တင်ဘာလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ချောင်းရေများလျှံခြင်း၊ ဆည်မြောင်းတာတမံများရေမြင့်တက်ခဲ့ခြင်း၊ တောင်ကျရေများ အဆမတန်စီးဆင်းလာမှုများကြောင့် နေအိမ်တချို့နှင့် ကားလမ်းများ ပျက်စီးခဲ့ရကြောင်းသိရသည်။

         အဆိုပါရေကြီးရေလျှံမှုများကြောင့် မြို့နေပြည်သူတချို့သည် ဘေးလွတ်ရာကုန်းမြင့်နေရာများသို့ ရွေ့ပြောင်းနေခဲ့ရကြောင်းသိရသည်။ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၏ကူညီမှုကြောင့် ပြည်သူအများဘေးအန္တရာယ်ကင်းရှင်းခဲ့ပြီး တချို့ပြည်သူများမှာ အသေအပျောက်ရှိကြောင်းသိရသည်။

        ယခုအချိန်တွင် ရေများလျော့ကျသွားပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကြောင့် ကားလမ်းများ ပြန်လည်ပွင့်လင်းလာပြီး ကုန်စည်ပို့ဆောင်ရေးကားများ၊ ခရီးသည်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းနှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများလည်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း မြို့နေပြည်သူများထံမှသိရှိရပါသည်။

DOCA(ရှမ်း)

 

သကြားပြောင်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် ရေခံ၊ မြေခံကောင်းသည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကစိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးရာသီ မေလမှစ၍ ဖူးစားပြောင်း (ခေါ်) သကြားပြောင်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဖူးစားပြောင်း(ခေါ်) သကြားပြောင်းသည် ဩဂုတ်လ ပထမပတ်တွင် စတင်ထွက်ရှိပြီး စိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်းသိရှိရပါသည်။

       ဖူးစားပြောင်း(ခေါ်) သကြားပြောင်းသည် ရေလုံလောက်စွာရရှိပါက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်များအနေဖြင့် မျိုးသွင်းအားစု၊ ပိုးသတ်ဆေး၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း () သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ သကြားပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း (၈၀) မှ (၉၀) ရက်အတွင်း အသီးများကို စတင်ခူးဆွတ်နိုင်ပြီး သကြားပြောင်းတစ်ဧကလျှင် အဖူးပေါင်း (၁၄၀၀၀) ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ လက်ရှိအချိန် စက်တင်ဘာလတွင် ဖူးစားပြောင်း (ခေါ်) သကြားပြောင်းရောင်းချရသည့်ဈေးနှုန်းမှာ တစ်ဖူးလျှင် လက်ကားဈေးနှုန်း (၆၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်လီဈေးနှုန်း (၇၀၀) ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် () သိန်းကျပ်ခန့်ရရှိကာ ဖူးစားပြောင်း (ခေါ်) သကြားပြောင်းစိုက်တောင်သူများ ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်သတင်းအရသိရှိရပါသည်။

DOCA(ရှမ်း)

         

မိုးရာသီ လယ်ပုဇွန်လုံး (လယ်ဂဏန်း) အဆီနှင့် ပုဇွန်ရင်ဘက် ဈေးကွက်

     မိုးရာသီကာလသည် လယ်ပုဇွန်လုံး ခေါ် ဂဏန်းကောင်လေးများ ပေါများသည့် ရာသီချိန် ဖြစ်ပါသည်။ ဒေသအခေါ်လယ်ပုဇွန်လုံးသည် ပင်လယ်ဂဏန်းနှင့် ဆင်တူပြီး အရွယ်အစားသေးပါသည်။ လယ်ပုဇွန်အခွံထဲမှ ထုတ်ယူရရှိသော လယ်ပုဇွန်ဆီနှင့် ပုဇွန်ဆီထုတ်ယူပြီးသော ပုဇွန်ရင်ဘက်များကို နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ရာသီစာအစားအစာအဖြစ် ရောင်းချလျက်ရှိရာ ယခုစက်တင်ဘာလ တတိယပတ်တွင် လယ်ပုဇွန်ဆီ (၁၀)သားလျှင် (၅၀၀၀)ကျပ်နှင့် ပုဇွန်ရင်ဘက် (၁၅)ကျပ်သားခန့် အထုပ်တစ်ထုပ်လျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လယ်ပုဇွန်အခွံမှ ထုတ်ယူရရှိသော လယ်ပုဇွန်ဆီကို ချက်စားကြသကဲ့သို့ ပုဇွန်ရင်ဘက်များကို မုန့်နှစ်ဖြင့် လူးကာကြော်စားကြပြီး  ရာသီစာအဖြစ် ကြိုက်နှစ်သက်သူများမှ ဝယ်ယူစားသုံးကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း