Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့မဈေးကွက်ရှိ အာလူးဈေးကွက်

  မိတ္ထီလာဈေးကွက်တွင် စက်တင်ဘာလ ဒုတိယပတ်၌ အာလူးဈေးမှာ တက်ဈေးဖြင့် ဈေးငြိမ်နေကာ အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်သို့ အာလူးမှာ ရှမ်းပြည်နယ် တောင်ပိုင်းမှ အများဆုံးဝင်ရောက်ကာ ရှမ်းပြည်နယ်တွင် မိုးများသည့်အတွက် ဝယ်ရင်းဈေးမြင့်လာ ခြင်းကြောင့် စက်တင်ဘာလဆန်းမှစ၍ ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။ အာလူးတစ်ပိဿာ လျှင်အလုံး အကြီး/အသေးနှင့်အလုံးချောမှုအပေါ်မူတည်ပြီး တစ်ပိဿာလျှင် (၄၀၀၀ မှ ၆၀၀၀) ကျပ် ဖြင့် လက်လီရောင်းချလျက်ရှိပါသည်။ အာလူးမှာ ကုန်စိမ်းသီးနှံဖြစ်သော်လည်း အခြားကုန်စိမ်းသီးနှံများထက် အထားခံသည့်အတွက် အရောင်းတွင်ကျယ်သော သီးနှံဖြစ်ပါသည်။ အာလူးကို မိတ္ထီလာခရိုင် အတွင်း သာစည်မြို့နယ်တစ်မြို့တည်းသာ အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီ အတွင်း အာလူးကို မိုးစိုက်အနေဖြင့် (၆၀၃) ဧက စိုက်ပျိုးထားပြီး၊ ယခင်နှစ်က (၈၉၃) ဧက စိုက်ပျိုးခဲ့ ရာ တစ်ဧက ပိဿာ (၂၀၀၀) ကျော် ထွက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

“မြုပ်သခွားသီး  စိုက်ပျိုးဝင်ငွေတိုး”

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် တောင်သူများသည် မိသားစုအပိုဝင်ငွေရအောင် သီးထပ်သီးညှပ်များနှင့် အလွယ်တကူခူးဆွတ်၍ ဝင်ငွေရအောင် စားသုံးသီးနှံများကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။ ၎င်းသီးနှံများ အနက် မြုပ်သခွားသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ မြုပ်သခွားသီး(၁)ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း (၆၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ မြုပ်သခွား သီးနှံကို အရွယ်အစား(၃)မျိုးခွဲ၍ ဈေးထဲသို့ ဖောက်သည်ပေးရောင်းချရကြောင်း ၊ မြုပ်သခွားသီး အကြီးတစ်လုံး လျှင်(၆၀၀)ကျပ်၊မြုပ်သခွားသီး အလတ်တစ်လုံး လျှင်(၅၀၀)ကျပ် ၊ မြုပ်သခွားသီး အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချကြောင်း၊တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ တစ်ရက် ခြားခူးဆွတ်ရသောအလုံးအရေအတွက်မှာ အကြီး၊ အလတ်၊ အသေးအလုံးပေါင်း (၅၀၀- ၆၀၀)ထွက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ရရှိကြောင်း၊ တောင်သူ များအနေဖြင့်စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေကို အလွယ်တကူ ရရှိနိုင်သော မြုပ်သခွားသီး သီးနှံများကိုစိုက်ပျိုးသင့်ပါကြောင်း မြုပ်သခွားသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA (မန္တလေး)

 

“ကင်းပုံသီးဈေးနှုန်းဈေးကွက်”

      ကျောက်ဆည်ခရိုင်အတွင်းတွင်သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာကင်းပုံသီးအပင်သည်နေရာအနှံအပြားမှာသဘာဝအလျောက်သော်လည်းကောင်း၊စိုက်ပျိုးခြင်းသော်လည်းကောင်း ပေါက် ရောက်ကြပါသည်။ ကင်းပုံပင်သည်များသောအားဖြင့်အလေ့ကျပေါက်လေ့ရှိပြီး အိမ်ခြံစည်းရိုး နှင့်တောတောင်များ၏ ခြုံနွယ်ဘုတ်များတွင် နွယ်တက်ပြီး ပေါက်ရောက်လေ့ရှိပါသည်။ ကင်းပုံသီး အပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး အသီးသည် ရှည်မျှောမျှော ပုံစံ ဖြစ်ပါသည်။ ကင်းပုံသီးသည်  အချို၊ အခါးဟူ၍နှစ်မျိုးရှိပါသည်။ ကင်းပုံသီးအခါးသည်ရှားပြီး ကင်းပုံသီးအချိုကိုများသောအားဖြင့် ဈေးသည်တိုင်းလိုလိုရောင်းချကြပါသည်။ကင်းပုံသီးအချိူနှင့်အခါးကိုအမျိုးမျိုးလုပ်စားနိုင်ပါကြောင်း၊  ကင်းပုံသီးကို ပုဇွန်ခြောက်နှင့်ရော၍ချက်စားသလို မျှစ်ဖြင့်လည်းကြော်စားရကြောင်း၊ နွားနို့နှင့်လည်းချက်စားရပါကြောင်း၊ကင်းပုံသီးအပင်၏အရွက်များကိုလည်းကြော်ချက်စားနိုင်သလို ဟင်းချိုရည်ချက်ရာတွင်ထည့်၍စားသုံးနိုင်ပါသည်။ ဈေးများအတွင်းတွင်ကင်းပုံသီး အချို၊အခါး (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်း ကုန်စိမ်းရောင်းချသော ဈေးတစ်ဦးထံမှသိရှိရပါသည်။

DOCA (မန္တလေး)

“ဖရဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

           မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ရှိသော ဖရဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဖရဲစိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ဝယ်၍ ပျိုးထောင် စိုက်ပျိုးရကြောင်း၊ ပျိုးသက်တမ်း (၂၀)ရက်တွင် စိုက်ခင်းထဲသို့ ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ မျိုးစေ့ကို စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဖရဲမျိုးစေ့တစ်ထုတ်လျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊တစ်ဧကမျိုးထုပ်(၁၀)ထုပ်စိုက်ပျိုးရကြောင်း၊တစ်ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခ၊ပလပ်စတစ်လိပ်ဖိုးများအပါအဝင်စုစုပေါင်း(၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ သွင်းအားစုများ ပိုမိုသုံးစွဲပါက ကုန်ကျစရိတ် ပိုမိုများပြားနိုင်ကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာတွင် ပန်းများစတင်ပွင့်ပြီး ပန်းပွင့်ပြီး (၂၅)ရက်၊ (၃၀) ရက်တွင် အသီးများစတင်ခူးခွတ်နိုင်ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှု မျိုးအနေဖြင့် ကျောက်စိမ်း ဖရဲ၊ ဒုံးကျည်ဖရဲနှင့် 855 ဖရဲမျိုးများ စိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် အလုံး ပေါင်း (၆၀၀၀)ခန့် ထွက်ရှိကြောင်း၊ ခရိုင်အတွင်း လက်ရှိစိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ထွက်ရှိ သောရွာမှာ ရှင်ငယ်ပြေးရွာဖြစ်ကြောင်း၊ ယခုလက်ရှိဈေးကွက်အတွင်း ဝင်ရောက်နေသော ဖရဲသီး များမှာ မြို့နယ်အတွင်း ထွက်ရှိသော အသီးများ၊  ဝမ်းတွင်းမြို့နယ်၊ ဆည်ရွာမှ ထွက်ရှိသော ဖရဲများ ဖြစ်ပြီး ကျောက်စိမ်းဖရဲသီး တစ်လုံးလျှင် အလုံးသေး (၂၀၀၀/-)ကျပ်၊ အလုံးကြီး (၃၀၀၀/-) ကျပ်၊ 855 ဖရဲတစ်လုံးလျှင် အလုံးကြီး(၃၅၀၀/-) ၊ အလုံးသေး (၂၅၀၀/-) ကျပ်တို့ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ သစ်သီးဆိုင်များ၊ သစ်သီးပွဲရုံများနှင့် ဈေးများသို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ ရန်ကုန်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ စိုက်ခင်းထဲအရောက် လာရောက် ဝယ်ယူသူများ လည်း ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

 

လားရှိုးမြို့တွင် ရောင်းချနေသော ကြက်ဥနှင့်ဘဲဥဈေးနှုန်း

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေးတွင် ကြက်ဥနှင့်ဘဲဥများကို ဈေးကွက် အတွင်း ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ကြက်ဥနှင့်ဘဲဥများကို မန္တလေးမြို့နှင့်တောင်ကြီးမြို့များမှ သယ်ယူရောင်းချသလို ဒေသထွက် ကြက်ဥနှင့် ဘဲဥများကိုလည်း ရောင်းချနေကြောင်း သိရှိရပါသည်။

      ကြက်ဥဈေးနှုန်းများမှာ  အသေး(၁)လုံးလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဘဲဥဈေးနှုန်းမှာ (၁)လုံးလျှင်(၇၅၀)ကျပ်မှ (၈၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း ကြက်ဥနှင့်ဘဲဥရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

မလှိုင်မြို့နယ်ရှိ မြှိတ်စားကြက်သွန်နီဈေးကွက်

    မလှိုင်မြို့နယ်ရှိ သပြေပင်ကျေးရွာနှင့် ဆည်ကြီးကျေးရွာများသည် ကြက်သွန်နီကို နှစ်စဉ် မိုး/ ဆောင်း စိုက်ပျိုးသောဒေသများဖြစ်ပြီး၊ ယခုနှစ်အောက်တိုဘာလတွင်လည်း မြှိတ်စားကြက်သွန်နီ ထွက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ သပြေပင်ကျေးရွာအနေဖြင့် ရေချိုချောင်း (ခ) သပြေပင်ချောင်း ကမ်းဘေးရှိ သဲသောင်များ၊ ဆည်ကြီးကျေးရွာအနေဖြင့်လည်း သင်ပုန်းဆည်ရေဝင်ဧရိယာအနီးရှိ မြေများတွင် ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြပါသည်။ ၎င်းကျေးရွာများအနေဖြင့် မိုး/ဆောင်း ကြက်သွန်နီများအပြင် မြှိတ်စားကြက်သွန်နီ ဇော်မွှားကြက်သွန်မျိုး၊ ဆောင်းကြက်သွန်နီ စိုက်ပျိုးရန် မျိုးပင်များကိုပါ စိုက်ပျိုးရောင်းချကြရာ ယခုနှစ် ဇော်မွှား (၁) တင်း လျှင် (၂၀၀၀၀) ကျပ်၊ မြှိတ်စား ကြက်သွန်နီမှာ တစ်ပိဿာ (၇၀၀-၈၀၀) ကျပ်များဖြင့် ရောင်းချရကြောင်း သိရသည်။ ယခုနှစ် ကြက်သွန်နီဈေးကျသည့်အတွက် တောင်သူအကျိုးအမြတ်နည်းသော်လည်း ဒေသရေမြေအနေအထား နှင့် မိရိုးဖလာစိုက်ပျိုးလာသော သီးနှံဖြစ်၍ ဆက်လက်စိုက်ပျိုးကြကြောင်း တောင်သူများထံမှ သိရ သည်။ ယခုထွက်ရှိသောမြှိတ်စား ကြက်သွန်နီမှာအလုံးမကြီးသော်လည်း အသစ်ဖြစ်၍ အချိုဓါတ်၊ အမွှန်အစပ် ပိုမိုသဖြင့် ကြက်သွန်နီအစိမ်းသုပ်စားရန်၊ တို့စားရန်ကြိုက်နှစ်သင်သူများအတွက်အထူး သင့်လျော်သည်ကို တွေ့ရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ ဆန် ဈေးနှုန်း/ဈေးကွက်

   မိတ္ထီလာမြို့ရှိ ဆန်ဈေးကွက်အတွင်း အောက်တိုဘာလ၌ ဆန်ချောဈေးများငြိမ်နေသော်လည်း အများစားသုံးမှုများသော မနော သုခဆန်နှင့် ဆန်ကြမ်းများဈေးအေး၊ အရောင်းအဝယ်အေးကြောင်း သိရသည်။ ဆန်ချောများဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ကုန်းစောင်းပဒေသာတို့မှာ ဈေးငြိမ်နေပြီး၊ အလတ်စဆန်များဖြစ်သည့် ဧရာပေါ်ဆန်း၊ အရပ်ပဒေသာ၊ ကျောက်ဆည်ပဒေသာတို့မှာ ဈေးနှုန်းမြင့်တက်မှု မရှိဘဲ ပဲခူးတိုင်းမှလာသော မနောသုခမှာ ဈေးအေးကြောင်းသိရသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ဧရာ ပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀-၁၃၀၀၀၀) ကျပ်၊ အရပ်ပဒေသာနှင့် ဧရာမင်းတစ်အိတ်လျှင် (၁၂၀၀၀၀-၁၂၅၀၀၀) ကျပ်၊ အရပ်သုခ (သစ်) တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ အရပ်သုခ (ဟ) တစ် အိတ်လျှင် (၆၀၀၀၀) ကျပ်၊ ဧရာဝတီတိုင်းမှလာသော ဖန်သီးသုခမှာ တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ပဲခူးတိုင်းမှလာသော မနောသုခတစ်အိတ်လျှင် (၅၈၀၀၀-၆၀၀၀၀) ကျပ်၊ အရပ်သုခအသစ်မှာ တစ်အိတ်လျှင် (၆၀၀၀၀) ကျပ် ဈေးရှိပြီး ဈေးအေး၊ အရောင်းအေးလျက်ရှိပါသည်။ မိတ္ထီလာမြို့ပေါ်ရှိ ဆန်ပွဲရုံ/ဆန်ဆိုင်များအနေဖြင့် ယခုနောက်ပိုင်း ရွှေဘိုပေါ်ဆန်းမှာ သယ်ယူစရိတ်မြင့်သည့်အတွက် ဝယ်ယူရောင်းချမှုနည်းလာပြီး၊ ဧရာပေါ်ဆန်း၊ ဖန်သီးသုခတို့ကို ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီး ပဒေသာကို ဝမ်းတွင်း၊ ကျောက်ဆည်၊ မကွေးနှင့်မနောသုခကို ဝမ်းတွင်းမြို့နယ်နှင့် ပဲခူးတိုင်ဒေသကြီး ရှိ မြို့နယ်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)

လားရှိုးမြို့၊ မြို့မဈေးတွင် ရောင်းချနေသော ထောပတ်သီးဈေးနှုန်း

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသား/ငါးများ၊ သစ်သီးဝလံများ ၊ အသီး အရွက်များရောင်းချလျက်ရှိရာ ရာသီစာထောပတ်သီးများ ဈေးကွက်အတွင်းရောင်းချ နေကြောင်း တွေ့ရှိရပါသည်။ ထောပတ်သီးများကို တောင်ကြီး၊ အောင်ပန်း၊ ကလော စသည့်မြို့များ မှ သယ်ယူရောင်းချသလို ဒေသထွက်အသီးများကိုလည်း ရောင်းချနေကြောင်း သိရှိရပါသည်။

      ထောပတ်သီးဈေးနှုန်းများမှာ  အသေး(၁)လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်အထိရှိပြီး၊ အကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းချကြကြောင်း သိရှိရပါသည်။ Hass သီး  (1)kgလျှင် (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိရှိပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရှမ်း)

 

သီတင်းကျွတ်ကာလပြီး မိတ္ထီလာကြက်သွန်နီဈေးကွက်

   မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလဒုတိယပတ်၌ သီးတင်းကျွတ်အခါပြီးစဖြစ်၍ ကြက်သွန်နီနယ်တင်ပို့မှုနည်းသေးကြောင်းသိရသည်။ သီတင်းကျွတ်ကာလပြီးစဖြစ်၍ ရန်ကုန်၊ ပဲခူး၊ တောင် ကြီးမြို့များသို့ ပုံမှန်အတိုင်းပြန်လည်တင်ပို့မှုများရှိလာသော်လည်း နယ်စပ်ဝယ်လက်များသို့ တင်ပို့မှု နည်းနေပြီး တာချီလိတ်သို့ အမှာရှိသည့်အပေါ် အနည်းငယ်တင်ပို့နေကြောင်းသိရသည်။ ကြက်သွန်နီ သိုလှောင်ချိန်ကြာမြင့်လာခြင်း၊ ယခုနှစ်မိုးများခြင်းတို့ကြောင့် ကြက်သွန်နီ အခွံများမဲလာကာ အရည် အသွေးနိမ့်လာကြောင်း၊ ထို့အတွက် ကြက်သွန်နီဈေးမှာ ထိပ်စအနေဖြင့် ဈေးနှုန်းကျဆင်းမှုမရှိသော် လည်း အညံ့စများမှာ တစ်ပိဿာ (၅၀၀-၆၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း ဈေးကွက်မှသိရသည်။ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ လက်ကားဈေးတစ်ပိဿာလျှင် (၅၀၀-၆၀၀-၉၀၀) ကျပ်ရှိ ပြီး၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀-၁၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

 DOCA(မန္တလေး)

“ကွမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုး ကြပြီး၊ စားဖိုဆောင်သီးနှံများအပြင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းရွက်သီးနှံကိုလည်း စိုက်ပျိုး လာကြပါသည်။ ကွမ်းရွက်စိုက်ပျိုးမှုအနဖြင့် ခရိုင်အတွင်း (၅၈၂)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးမှု မျိုးအနေဖြင့် ကွမ်းနုဝါ၊ ကွမ်းစိမ်း၊ ကွမ်းကြွပ်မျိုးများဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးမှာကွမ်းနုဝါမျိုးများဖြစ်ပြီး စိုက်ပျိုးမှု ပုံစံမှာ အနွယ်ပင်ဖြစ်သောကြောင့် တိုင်ထောင်၊ ခြံခတ်၍ စိုက်ပျိုးရပြီး လေဝင် လေထွက်မှုနှင့် လေဒဏ်ခံနိုင်ရန်အတွက် အုန်းလက်များကာပေးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုးသော ရွာများမှာ သံရွာ၊ ရှေ့သပြေသာရွာ၊ ရဲကြီးရွာနှင့် ရွာခိုင်ကြီး ရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းစိုက်ပျိုးမှုအနေဖြင့် တစ်နှစ်ပတ်လုံးတွင် မိုးရာသီ စိုက်ပျိုးပါက အပင် အသေအပျောက်နည်းပြီး စိုက်ပျိုးပင်အားလုံး ရှင်သန်နိုင်ကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီးဖြစ်ကြောင်း၊ ကွမ်းခြံတစ်ဧကတွင် တစ်ထောင်ပင် စိုက်ပျိုးပါက တစ်ပတ်လျှင် အချိန် (၁၅-၂၀)ပိဿာအထိ ထွက်ရှိကြောင်း၊ တစ်လကို နှစ်ကြိမ်သာခူးဆွတ်ကြောင်း၊ မိုးနှင့်နွေများ တွင် ကွမ်းရွက်အထွက်အားကောင်းပြီး ဆောင်းတွင်းပိုင်းတွင် အထွက်နည်းကြောင်း၊ ကွမ်းခြံတစ်ခြံ စိုက်ပျိုးထားလျှင် (၅-၆)နှစ်အထိ ခူးဆွတ်ရောင်းချ၍ရကြောင်း၊ ကွမ်းဈေးနှုန်းအနေဖြင့် ကွမ်းနုဝါ အချော တစ်ပိဿာလျှင် လက်ကားဈေး (၆၀၀၀/-)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်၊ အသေးတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ် ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ကွမ်းအရော လက်ကား တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကွမ်းရွက်များကို ခြင်းများဖြင့် ထည့်ကာ ကွမ်းပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချရကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှပိဿာ (၁၃၂၀)ခန့် ထွက်ရှိကြောင်း၊ တစ်နှစ်ကို စိုက်ပျိုးစရိတ်နုတ်ပြီး (၄၆၀၀၀၀၀/-) ကျပ်ခန့် မြတ်ကြောင်း၊ ကွမ်းသက်တမ်းကြာရှည်အောင်နှင့် အထွက်နှုန်းမကျအောင် သွင်းအားစုများ ထည့်သွင်း ပေးရကြောင်း၊ ကွမ်းဈေးနှုန်းအတက်အကျရှိသောကြောင့် ဈေးကောင်းရချိန်တွင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းပြီး ဈေးနှုန်းကျဆင်းချိန်တွင်လည်း အရင်းမရှုံးသော သီးနှံဖြစ်သော ကြောင့် ကွမ်းစိုက်ပျိုး ခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကြောင်း ကွမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း