Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးစျေးကွက်တွင် ခရမ်းသီးစျေးအနည်းငယ်ကျ

      မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ နတ်တော်လဆန်းအတွင်း ခရမ်းသီးမှာ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။  မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ စိုက်ပျိုးသည့်ခရမ်းသီးများ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။   ၂၀၂၅ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင်   လက္ကားစျေး ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/- ၊ လက်လီစျေး ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။  

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် သခွားမွှေးသီးစျေးအနည်းငယ် မြင့်တက်

        ဆောင်းဦးရာသီချိန်ဖြစ်သည့်အတွက် သခွားမွှေးသီးမှာ စျေးကွက်အတွင်း ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ သခွားသီးသီးနှံမှာ ပြည်ပသို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီး စိုက်ပျိုးမှု (၁၃၀၀)ဧကကျော်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး (ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ နတ်တော်လဆန်းကာလအတွင်း မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သံဓာတ်ပြည့်ဝသောရွှေဖရုံညွန့်၏အာဟာရ     

      ရွှေဖရုံညွှန့်သည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိစေသော ဟင်းသီး ဟင်းရွက်တစ်မျိုးဖြစ်သည်။ ရွှေဖရုံညွန့်တွင် ခန္ဓာကိုယ်အတွက် လိုအပ် သော ဗီတာမင်နှင့် သတ္တူဓာတ်များစွာပါဝင်ကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျန်းမာရေး အတွက် အထောက်အကူပြုကြောင်း၊ ဗီတာမင်စီနှင့် သံဓာတ်များပါဝင်သောကြောင့် ကိုယ်ခံ အားကိုကောင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ ပေးသောကြောင့် ဆီးချိုရောဂါရှိသူများ စားသုံးသင့်ကြောင်း၊   သွေးတွင်းအဆိပ် အတောက် ဖြစ်၍ အဖျားရောဂါရှိပါက ရွှေဖရုံညွန့်ကိုစားပေးရကြောင်း၊ ကိုယ်ခန္ဓာအတွက် ဗီတာမင်ဘီဆစ် အားနည်း လာပါက အဆစ်ရောင်နာ၊ အဆစ်နာကျင်ခြင်းနှင့်  ကြွက်သားကိုက်ခဲခြင်းများဖြစ်ပါက သက်သာ ပျောက်ကင်းကြောင်း၊ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် အရိုးနှင့်သွားများ ကိုသန်မာ ကြံ့ခိုင်စေကြောင်း၊  အမျှင်ဓာတ်ကြွယ်ဝ စွာပါဝင် သောကြောင့် အူလမ်းကြောင်းလှုပ်ရှား မှုများကို ကောင်းစေပြီး ဝမ်း‌ပျော့ပျော့သွားစေကာ အူကြွက်သားများကို ကျုံ့ဆန့်အားကောင်း စေသလိုဝမ်းမှန် စေ၍ လိပ်ခေါင်း ရောဂါကို ကာကွယ်ပေးကြောင်း၊ ကယ်ဆီယမ်နှင့် ဗီတာမင်Dဓာတ်များ ပါဝင်သောကြောင့် မေးရိုးတွေကိုသန်မာစေ၍ သွားတွေကိုခိုင်မာစေပြီး အပေါ်ယံကြွေလွှာ များကို မပျက်စီးအောင် ကာကွယ်ပေးကြောင်း၊ ရွှေဖရုံရွက်တွင် Copper ဓာတ်ပါဝင်သောကြောင့် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးကြောင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသောကြောင့် အရေးအကြောင်းဖြစ်ခြင်း၊ အသက်အရွယ်ကြောင့် အရေပြားတွင် အမဲစက်များဖြစ်ခြင်းနှင့် အရေပြားလျော့တွဲခြင်းများကိုသက်သာပြီး ကြွက်သားအားကောင်းစေ ကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်တွင်းဓာတ်တိုးပစ္စည်းနှင့် အဆိပ်အတောက် များကို အထိရောက်ဆုံးဖယ်ရှားပေး၍ အသားအရေထိခိုက်ပျက်စီးမှုမရှိ အောင်ကာကွယ်ပေးပြီး အသားအရေနူးညံ့စေ၍ အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ပြီး အရေပြားအတွက် အာဟာရဖြည့်ပေးကြောင်း စသည့်အကျိုးကျေးဇူးများရှိခြင်းကြောင့် အသားအရေကြည်လင်တောက်ပသော ရွှေဖရုံညွှန့်များကို စားသုံးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)  

မြင်းခြံမြို့နယ်၏ မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှုနှင့်အကျိုးအမြတ်ရရှိမှု

                       မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး မိုးရာသီ ကာလ ၌ မိုးသီးနှံများကိုလည်း အဓိကအားထားစိုက်ပျိုးလျှက်ရှိရာ အစေ့ထုတ်ပြောင်း မိုးသီးနှံကိုလည်း စီးပွား ဖြစ်စိုက်ပျိုးထားကြောင်းသိရသည်။ မိုးအ‌စေ့ထုတ်ပြောင်းကို မေလ၊ ဇွန်လနှင့် ဇူလိုင်လ တို့တွင် စတင်စိုက်ပျိုးပြီး  အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်မည်ဖြစ်ကြောင်းသိရှိရသည်။၂၀၂၅/၂၀၂၆ ခုနှစ်တွင် မြင်းခြံမြို့နယ်အနေဖြင့် မိုးအစေ့ထုတ်ပြောင်း စီမံကိန်း စနစ်ဖြင့် စိုက်ပျိုးရန် (၁၆၀၆)ဧက လျားထားချက်အပေါ်တွင် စိုက်ပျိုးပြီးဧကပေါင်း (၂၂၉၂) ဧက စိုက်ပျိုး ထားကြောင်း၊ လျာထားချက်အပေါ်ကျော်လွန်၍ (၆၈၆) ဧကပိုမိုစိုက်ပျိုးထားကြောင်း၊ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်၌ မိုးအစေ့ ထုတ်ပြောင်းသီးနှံများ စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း၊ ယခုနိုဝင်ဘာလအတွင်း၌ ရိတ်သိမ်း ရန်ကျန်ရှိသောဧကများ ဆက်လက်ရိတ်သိမ်းနေကြောင်း သိရှိရသည်။ စိုက်ပျိုးသည့်စနစ်မှာ ဘောင်ဖြင့် အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း တစ်ပင်ကို (၈-၉) လက်မခန့်ခွာ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ရေဆင်း(၉) စိမ်းဝါမျိုးနှင့် ရေဆင်း(၁၁)အစိမ်းမျိုး ကိုစိုက်ပျိုးထားကြောင်း၊ မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်တွင်ထွန်ရေးညက်ညက်ထွန်ပြီး စိုက်ပျိုးပါက အထွက်နှုန်းကောင်းကြောင်း၊ စိုက်ပျိုးမှုတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  စုစုပေါင်း  (၆-၇) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် တစ်ဧကအထွက်နှုန်းအနေဖြင့်  (၇၅)တင်းခန့် ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၀၀၀/-) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊တစ်ဧကအကျိုးအမြတ်အနေဖြင့် (၉)သိန်းကျပ်ဝန်းကျင်ခန့် အကျိုး အမြတ်ရရှိကြောင်း၊ထွက်ပေါ်ချိန်တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်း ချကြောင်း၊အစေ့ထုတ်ပြောင်းသည် အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုး သင့်ကြောင်း ပတ္တာကျေးရွာမှ အစေ့ထုတ်ပြောင်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ CP ပြောင်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသည်များကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း ပြောင်းကုန်သည် တစ်ဦး၏ ပြောပြချက် အရသိရသည်။   

DOCA(မန္တလေး)  

မန္တလေးစျေးကွက်တွင် သီးမွှေးငှက်ပျောသီးအရောင်းသွက်လျက်ရှိ

        မန္တလေးစျေးကွက်အတွင်း  နတ်တော်လအတွင်း ရာသီစာသီးမွှေးငှက်‌ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျောသီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊ အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ မတ္တရာမြို့နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံထူပြီး၊ အရသာမှာအချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့်ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊ အချိုဓါတ်များကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့်ရခိုင်ငှက်ပျောသီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့် သုံးစွဲသည့် ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုးရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလျှျှ ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ ဖီးကြမ်း (အမှည့်) ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ရခိုင်ငှက်ပျော သီးနှင့်ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ရာသီပေါ်ခံသီးသီးနှံဈေးနှုန်းအခြေအနေ  

               ခံသီးပင်သည် အပူပိုင်းဒေသများတွင် ပေါက်ရောက်ကြောင်း၊ တစ်နှစ်လျှင်နှစ်ရာသီ အသီးများထွက်ရှိကြောင်း၊ ဆောင်းဦးကာလ၌ အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ တို့တွင် အသီးများထွက်ပေါ် ရင့်မှည့်ကြောင်း၊ အရသာမှာ ချိုချဉ်အရသာရှိကြောင်းသိရှိရသည်။ မြင်းခြံမြို့နယ် အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင်မိမိတို့၏ ခြံဝင်းများအတွင်း၌ ခံသီးပင်များကို စီးပွားဖြစ်တစ်နိုင်တပိုင်စိုက်ပျိုးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေးတွင် ရောင်းချနေသော ခံသီးအသီးနှံ(၂၅) ကျပ်သားလျှင်(၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးနှုန်းအနည်းငယ် မြင့်တက် လျက်ရှိကြောင်း၊ အသီးအရွယ်အစားနှင့် လတ်ဆတ် မှုအပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊  ဆေးဖက်ဝင်သော ကြောင့် ဒေသအတွင်း ဈေးကွက်၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ခံသီးရောင်းချသူ တစ်ဦးပြောပြချက် အရသိရ သည်။ အမျှင်ဓာတ်ကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလှုပ်ရှားမှု ကိုကောင်းမွန်ကြောင်း၊ စိတ်ဖိစီးမှုနှင့် အိပ်မပျော်ခြင်းကိုသက်သာစေပြီး သဘာဝအိပ်ဆေး အဖြစ် အသုံးပြုကြောင်း၊ ခံသီးပင်သည် အသီးအပြင် အခေါက်၊ အရွက်နှင့် အမြစ်များအားလုံးသည် ပဥ္စငါးပါးအတွက် ဆေးဖက်ဝင်ပြီး မြန်မာတိုင်းရင်းဆေးဖော်ရာတွင် လည်းအသုံးပြုကြကြောင်း သိရှိရပြီး၊ ဝင်ငွေရ၍ ဆေးဖက်ဝင်သော ခံသီးပင်များအား ပိုမိုစိုက်ပျိုးထားကြောင်းသိရှိရသည်။

DOCA(မန္တလေး)       

 

မန္တလေးစျေးကွက်တွင် မယ်ဇလီဖူးစျေးကျ

         မန္တလေးစျေးကွက်သို့ နတ်တော်လဆန်းအတွင်း   မယ်ဇလီးဖူးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မယ်ဇလီပင်များမှာ အများဆုံးတွေ့ရှိရသည့် အပင်များဖြစ်ပြီး၊ အညာဒေသနှင့် ခွဲခြား၍မရသည့်ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ မယ်ဇလီးဖူးများအား အစိမ်းအတိုင်းရောင်းချခြင်းနှင့် ပြုတ်၍ရောင်းချခြင်းတို့ တွေ့ရှိရပြီး၊ နှစ်မျိုးစလုံးအရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မန္တလေးစျေးကွက်အတွင်း မယ်ဇလီးဖူးများအား လက္ကားစျေးတစ်ပြည်စျေးမှာ ၄၅၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ လက်လီစျေးတစ်ဗူးလျှင် ၆၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

MSMEလုပ်ငန်းဖြစ်သောမြင်းခြံမြို့၏မုန့်ဖတ်များဈေးနှုန်းမြင့်တက်လာခြင်း

                MSMEလုပ်ငန်းများဖြစ်သော မုန့်ဖတ်(မုန့်တီ၊မုန့်ဟင်းခါး) လုပ်ငန်းများကို မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ယခုနိုဝင်ဘာလ၌ မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်အောက်တိုဘာလ၌  မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်း ယှဉ်ပါက ယခုလတွင် မုန့်တီ၊ မုန့်ဟင်းခါးဖတ် (၅၀)ကျပ်သားလျှင် (၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်ကြမ်းများ သယ်ယူစရိတ် မြင့်တက်သောကြောင့် မုန့်ဖတ်ဈေးနှုန်းမြင့် တက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်ပုံမှန်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ရောင်း ကုန်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မု့န်တီ၊မုန့်ဟင်းခါး ရောင်းချသူများမှလည်းဝယ်ယူကြောင်း၊ အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများတွင် အော်ဒါအမှာရှိပါက မုန့်ဖက်များပိုမိုထုတ်လုပ်ရောင်းချရကြောင်း MSME လုပ်ငန်းဖြစ်သောမုန့်ဖတ်  ထုတ်လုပ်မှုလုပ်ငန်းသည် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်ကြောင်း မုန့်ဖတ်ထုတ်လုပ်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)      

         

ငါန်းဇွန်မြို့နယ်၏ နိုဝင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

              ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၇၉၀)ကျပ်၊ 95 Octance(၂၈၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၈၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၁-၁၁-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၇၁၅)ကျပ်၊ 95 Octance(၂၇၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေး များသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၅)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၁၀) ကျပ်တို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။   

DOCA(မန္တလေး)       

                                                         

မန္တလေးစျေးကွက်တွင် ဇီးဖြူသီးစျေးမြင့်တက်

        မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်အသီးများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့်ဇီးဖြူသီးများ ဝင်ရောက်မှုလျော့နည်းကာ စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅  ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင် အလုံး (ကြီး) ၁၅၀၀ ကျပ်နှင့် ၁၇၀၀ကျပ်၊အလုံး(လတ်) ၁၂၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ အလုံး(သေး) ၈၀၀ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာ  အချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း