Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်း အောင်မြင်မှုများကို ကြည့်ရှုအားပေး

      ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို (၂၇.၁၁.၂၀၂၅) ရက်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြောင်းမြမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံအတွင်းရှိ တောင်သူဦးညွန့်ဝေ၏ စိုက်ဧက(၁၀)ဧက၌ မြေပြန့်ကော်ဖီ (ရိုဘတ် စတာ) ကော်ဖီမျိုးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တောင်သူဦးညွန့်ဝေက စတင် စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ခြောက်သွေ့ကာလတွင် အပင်များရေရှိရန်အတွက် ဆိုလာစနစ်ဖြင့် ရေတင်၍ ရေလှောင်ကန်အတွင်း ရေသိုလှောင်ကာ ရေသိုလှောင်ကန်မှတဆင့်  ပိုက်များ သွယ်တန်း၍ အပင်ခြေရင်းအထိအပေါက်ဖောက်ကာ  တစ်နေ့၃နာရီမှ ၄နာရီအထိ ရေပေးမှု၊ ရာဘာပင် ပေ ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုးခြင်းဖြစ်ပြီး အစိုဓာတ် ထိန်းသိမ်းခြင်း  ဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကော်ဖီ စိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင် ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနား တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

       ဧရာ၀တီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပထမ မြန်မာ့အာမခံ (FNI) ကုမ္ပဏီတို့၏ MOU လက်မှတ်ရေးထိုးပွဲအခမ်းအနားကို  (၂၇.၁၁.၂၀၂၅) ရက်နေ့ ၊ နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ လက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧရာ၀တီ တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပထမမြန်မာ့အာမခံ (FNI) ကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(ARCCI)သည် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက်ဖြင့် အသင်းအဖွဲ့များစုစည်း၍ တက်ညီလက်ညီ ဆောင်ရွက် နေသည့် အသင်းအဖွဲ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ တိုးတက်မှု များရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ ရေသယံဇာတ၊ မြေသယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝမှုများကို အခြေခံ၍ လုပ်ငန်းရှင်များအနေဖြင့် ပံ့ပိုးကူညီမှုများကိုဆောင်ရွက်ပေးမည် ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ကုန်ကြမ်းများထုတ်လုပ် ရုံသာမက ကုန်ချောများထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ (GDP)ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးလည်း မြင့်တက်လာမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဧရာ၀တီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မူလုပ်ငန်းရှင် များ အသင်းချုပ်သည် တိုင်းဒေသကြီး စီးပွားရေးတိုးတက်မှု အတွက်ပါဝင်ဆောင်ရွက်နေသည့် အသင်းအဖွဲ့ ဖြစ်သကဲ့သို့ အာမခံကုမ္ပဏီများသည်လည်း နိုင်ငံငွေကြေးတည်ငြိမ်ရေး၊ အပြုသဘော ဆောင်သော စီးပွားရေးစွန့်စားမှုများနှင့် ရင်းနှီး မြုပ်နှံသူများ၏ ယုံကြည်မှု ပိုမိုရရှိစေရန် စသည့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီး၏ စီးပွားရေးအသင်းအဖွဲ့ချုပ် ARCCI နှင့် FNI အာမခံ တို့၏ MOU လက်မှတ် ရေးထိုးခြင်းသည် ARCCI နှင့်အတူ သူ၏ညီနောင် စီးပွားရေးအသင်းအဖွဲ့များနှင့် အာမခံကုမ္ပဏီတွေ အကြားမှာ ပိုမို နက်ရှိုင်းသည့် ဆက်ဆံမှု နားလည်မှုကို ဖြစ်စေပြီး၊ လုပ်ငန်းတွင် ကြုံရတတ်သည့် စီးပွားရေးဆိုင်ရာ စွန့်စားမှုများကို အကာအကွယ်နှင့် အထောက်အကူ ဖြစ်စေသည့် အာမခံချက်ရှိ‌သော တိုးတက်မှုတွေ ရရှိစေနိုင်မည် ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

 

          ထို့နောက် First National Insurance General Co,Ltd၊ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာက နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေမတည်‌ လှူဒါန်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး  First National Insurance (General) Co., Ltd.  Company Profile အား Assistant General Managerက ရှင်းလင်းတင်ပြခဲ့ပြီးနောက် MOU လက်မှတ်ရေးထိုး၍ Cooperate Gift လဲလှယ်ခဲ့ကြကြောင်းသိရသည်။

DOCA (ဧရာဝတီ)

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို (၁.၁၂.၂၀၂၅) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန် ရှိသူများနှင့် အတူ တက်ရောက်ခဲ့သည်။

          ဦးစွာ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးက မြေအသုံးချမှုအခြေအနေ၊ ဖျာပုံခရိုင်အတွင်းမိုးရွာသွန်းမှု အခြေအနေ၊ ဆန်၊ ဆီဖူလုံမှုအခြေအနေ၊ အဓိကသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မိုးစပါး စိုက်ပျိုးပြီးစီးမှု၊ မိုးစပါးမျိုးကွဲအလိုက်စိုက်ပျိုးပြီးစီးမှု၊ မိုးစပါးနွေစပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ဆောင်ရွက်ထားရှိမှု၊ မျိုးစေ့ချကိရိယာ(Drum Seeder)များဖြန့်ဝေနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာများ ဖြန့်ဖြူးမှုအခြေအနေများ၊ ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်စိုက်ပျိုးမှုအခြေအနေများ၊ ကော်ဖီသီးနှံဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးထားရှိမှု၊ တိုင်းဒေသကြီးပြင်ပသို့ ဆန်တင်ပို့မှု အခြေအနေ များ၊ မွေးမြူရေးလုပ်ငန်းများ၊ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ တင်ပို့မှု၊ ရောင်းချရမှု အခြေအနေ များ၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရှင်းလင်း တင်ပြခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ဧကပြည့်မီရေး ပန်းတိုင် အထွက် နှုန်းရောက်ရှိရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လုပ်ကိုင်နိုင်ရေးအင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း  တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင်  ထယ်ရေးနက်နက် ထွန်ရေး ညက်ညက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ) ဖြင့်ဆောင်ရွက်သော တောင်သူများကို သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ ပဲပုပ်သီးနှံ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး

     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဦး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပဲပုတ်စိုက်ပျိုးထုတ်လုပ်မှု၊ တစ်ဧကအထွက်နှုန်းနှင့်အောင်မြင် ဖြစ်ထွန်းမှု အခြေအနေများမေးမြန်းခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ များပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေးနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ဆီဖူလုံရေးအတွက်  နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်း ကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုး ခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ် နိုင်မည်ဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင်  ကြဲခင်းများ ပပျောက်ရေးအတွက် မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန် လိုအပ် မည်ပါကြောင်း၊ တစ်သီးမှနှစ်သီး နှစ်သီးမှသုံးသီးအထိ စိုက်ပျိုး၍ သီးနှံစိုက်စွမ်းအား တိုးတက် စေရေးအတွက် လိုက်ပါဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သီးနှံများအောင်မြင် ဖြစ်ထွန်း စေရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးကြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး များသည် တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များနှင့် ဆီထွက် သီးနှံ(ဆောင်းနေကြာ) မျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

 

 

တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်တွင်ပြုလုပ်သည့်၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားတက်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များပေးအပ်ခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီ ဖြစ်ပါ ကြောင်း၊ မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံဧက(၁၆)သိန်းကျော်၊ ဆီထွက် သီးနှံဧက (၄)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေး အတွက် နေကြာတိုးချဲ့စိုက်ပျိုးခြင်းအပြင် ပဲပုပ်ပဲကြီးရောနှော စိုက်ပျိုးခြင်းကိုလည်း ရည်မှန်းချက်ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဆောင်းမြေပဲတွင် တစ်ဧကတင်း(၇၀)နှုန်းဖြင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိခဲ့သော်လည်း မိုးမြေပဲတွင် ပန်းတိုင်အထွက်နှုန်းကို မရောက်ရှိ သေးပါကြောင်း၊ တိုင်းဒေသကြီးဆီဖူလုံမှုရှိစေရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များ၊ တောင်သူများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်နေ လူဦးရေ များပြားပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းတစ်ခုခုကိုအဓိက လုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊  ဆီဖူလုံရေးအတွက်  နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက် အကူပြုလျက်ရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ နေကြာ စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည့်အပြင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်း၊ ပီလောပီနံသည် ဈေးနှုန်းတည်ငြိမ်မှုရှိသောကြောင့်  ပီလောပီနံစိုက်ဧကများတိုးချဲ့နိုင်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် တိုးမြှင့် ထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေးကိုလည်း ဆွေးနွေး ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းမွှေးအား ပြည်ပသို့တင်ပို့နိုင်ရေး Export Zone အတွင်း  ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေး ကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ်လွတ် ရေကြည် ပေါ်ဆန်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ဆန်းအရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆီထွက်သီးနှံများ အောင်မြင် ဖြစ်ထွန်း အောင် ကြိုးပမ်းစိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနများ ဖော်ထုတ်ကြ ရမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ခဲ့ ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ( Drum Seeder)ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆီထွက် သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

          ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆီထွက် သီးနှံ မြေပဲ၊ နှမ်း၊ နေကြာမျိုးစေ့များအား တောင်သူများထံပေးအပ်လျက်ရှိပါကြောင်း၊  ဆီထွက် သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီး  အတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် နေကြာ စိုက်ဧက(၂)သိန်း(၂) သောင်း(၆)ထောင်အား စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ နေကြာစတင်စိုက်ပျိုး သည့်အချိန်မှ အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် နိုဝင်ဘာလတွင် အကောင်းဆုံးဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းများပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဟင်္သာတမြို့နယ်သည် ပဲပုပ်-ပဲကြီး ရောနှောစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းသည်ကိုလည်း တွေ့ရပါကြောင်း၊ ဆီဖူလုံရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုပါကြောင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ ( Drum Seeder) ပေးအပ်ခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၀၂၅-၂၀၂၅ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(နည်းပညာ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

       ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေ များသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များပေါများပြီး မိုးကာလတွင် သွားလာမှုများ အကန့်အသတ်ဖြင့်ရှိပါကြောင်း၊ တိုင်းဒေသကြီးနေပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရှာဖွေပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အသေးစား လုပ်ငန်း ကိုအခြေခံသည့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် အခြေခံ၊ အဆင့်မြင့်စက်ချုပ်သင်တန်းများအပြင် စီးပွားလုပ်ငန်းတွင် အထောက်အကူပြုမည့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊  အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် သင်တန်းများဖွင့်လှစ်ပေးနေသည်ကို တွေ့ရပါကြောင်း၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်း လုပ်ငန်းများကို (က) ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းစေရန်၊ (ခ) ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ (ဂ) အမျိုးသမီးများနှင့်လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့်ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ (ဃ) ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ (င) အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်၊ (စ) ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက် (၆)ခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းများဖြင့် မိသားစုများ၏ လူမှုစီးပွားဘဝ ဝင်ငွေများတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်း‌ဝင်ငွေတိုးတက်လာပါက တိုင်းဒေသကြီး၏ GDPလည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အမှာစကားပြောကြားခဲ့ပါသည်။

      ဆက်လက်၍  ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းသင်တန်းဖွင့်လှစ်ခဲ့သည့် လုပ်ငန်းများအကြောင်း ရှင်းလင်း တင်ပြခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

သာကေတမြို့နယ်ရှိ Healhty Unit  ဆေးကုမ္မဏီအား   အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး (၂.၁၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  အမှတ် ၅၃/၆၂၊ မြန်မာ့ဂုဏ်ရည်လမ်း၊ သာကေတမြို့နယ်ရှိ Healhty Unit ဆေးကုမ္မဏီအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးကုမ္မဏီများတွင် ‌ဆေးဝါးများ၏ ဈေးနှုန်းတက်/ကျ အခြေအနေ၊ ဆေးပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး  သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ သုံးစွဲရန်မသင့်တားမြစ်ထားသော ‌ဆေးဝါးများရောင်းချခြင်း မရှိစေရန်နှင့်ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

တောင်ငူမြို့ရှိ ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ထားရှိရေး ကွင်းဆင်းအသိပေး

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း (၁) ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် တောင်ငူမြို့ပေါ်ရှိ Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ထားရှိသည့် ဆန်စက်များ၊ ဆန်ပွဲရုံများ၊ သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများကို www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် စာရင်းထည့်သွင်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။

   ထို့နောက် ဆန်အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ၊ ဆန်စီးဝင်/ စီးထွက်မှု အခြေအနေနှင့် (My-Ro) တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေး၊ မှတ်ပုံတင်ဆောင်ရွက်ထားခြင်း မရှိသေးသည့် ဆန်စက်များ၏ လုပ်ငန်းရှင်များကိုလည်း အမိန့်အမှတ်(၈၂/၂၀၂၄)တွင် ထုတ်ပြန်ထားသော ဆန်တန်ချိန်(၂၅)တန်နှင့် အထက်(သို့မဟုတ်)စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ထားရှိသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များ (My-Ro)တွင် မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် လိုအပ်ကြောင်းတို့ကိုလည်း ကွင်းဆင်း ဆောင်ရွက် ခဲ့ပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များအနေဖြင့် စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်ခြင်း များရှိကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အိမ်မဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားပြုလုပ်

 

 

          ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်  ၂၀၂၅-၂၀၂၆ခုနှစ် မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ဆီထွက် သီးနှံနေကြာ၊ ပဲပုပ်နှင့် မျိုးစေ့ချကိရိယာ(Drum Seeder) များ ပေးအပ်လျက်ရှိပါကြောင်း၊ ဆီဖူ လုံရေးအတွက်  နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့် စိုက်ပျိုး ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်၊ ပဲကြီး ဧက(၁)သိန်းကိုလည်း  တိုးတက် စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ဒုတိယသီးနှံ နွေစပါးကို စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင် ကြဲခင်းစနစ်များ ပပျောက်စေရေးအတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များ ထုတ်လုပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ငရုတ်ကောင်း၊ ကော်ဖီ စသည့် သီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်း‌အောင်မြင် လျက်ရှိပါကြောင်း၊ တောင်သူများ အနေ ဖြင့်လည်း စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့အ‌နေဖြင့် တောင်သူများလိုအပ်သော သွင်းအားစု၊ နည်းပညာပံ့ပိုးမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါကြောင်း အမှာစကား ပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့‌ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ