Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၁.၂၀၂၆) ရက် နေ့ နံနက်(၀၉:၄၀)နာရီအချိန်တွင် သဲကော်လရှင်အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၂၂/က)၊ ရွှေဝါ(၁)လမ်း၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျိုက်မရောမြို့နယ်တွင် မုန်လာဥတစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ

    ကျိုက်မရောမြို့နယ်၊ ကဇွန်းကုန်းကျေးရွာ၌ ရာသီပေါ်သီးနှံနှင့် မုန်လာဥပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရာ မုန်လာဥပင်များ အောင်မြင် ဖြစ်ထွန်းလျှက်ရှိပြီး ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေများရရှိကာ အဆင်ပြေ လျှက်ရှိကြောင်း မုန်လာဥအများအပြား စိုက်ပျိုးသူ ဒေါ်အုန်းရင်က ပြောသည်။

          မုန်လာဥအပင်များကို အစေ့မှ တန်းစိုက်ပြီး ၄၅ ရက်ကြာလျှင် အပင်ငယ်များ ဖြစ်လာပြီး အပင်ငယ်ကြားရှိ မြက်ပင်များကို နုတ်ပေးရကြောင်း၊ မြက်ပင်များရှင်းလင်း နိုင်မှသာ မုန်လာဥ ပင်များကြီးထွားသန်မာပြီး အထွက်နှုန်းလည်း ကောင်းမှာဖြစ်ကြောင်း သိရသည်။ မုန်လာဥပင် ကို ရက်ပေါင်း (၅၀) ပြည့်လျှင် စတင်တူးဖော်ရပြီး ဈေးကွက်တွင် ဈေးကောင်းရသဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်းလဲ သိရသည်။ မုန်လာဥဈေးကောင်း ၍ မုန်လာဥတစ်စီးလျှင် (၂၀၀၀) ကျပ်ပေးရကြောင်း မုန်လာဥစိုက်ပျိုးရောင်းချသူ ဒေါ်အာစီမာဘီ ထံမှ သိရသည်။

          မုန်လာဥကို အခြားသော ငါး၊ ငါးခြောက်စသည်တို့နှင့် ရောချက်စားပါက အလွန် အရသာရှိပြီး ထမင်းလည်းမြိန်သဖြင့် ရောင်းအားကောင်းသော သီးနှံတစ်ခုဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

Online စနစ်ဖြင့် အလှကုန်နှင့် အိပ်ယာခင်းအမျိုးမျိုး လက်လီ/လက်ကားရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)အတွင်းရှိ Online စနစ်ဖြင့် အလှကုန်နှင့် အိပ်ယာခင်းအမျိုးမျိုး လက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှုပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက် ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ရောင်းသူ နဲ့  ဝယ်သူတို့  ယုံကြည်မှုတိုးပွားဖို့  https://www.ecomreg.gov.mm/ မှာ Online Sale မှတ်ပုံတင်ကြစို့

     ယနေ့ မျက်မှောက်ကာလသည် IT ခေတ် ဖြစ်သဖြင့် စားသုံးသူများအနေဖြင့်  မိမိ လိုအပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုအပ်တော့ဘဲ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဝယ်ယူနိုင်ကြပြီဖြစ်ရာ လွယ်ကူမြန်ဆန်အဆင်ပြေသည့် အကျိုးကျေးဇူး များစွာ ရှိသကဲ့သို့ မလုံခြုံသည့် လိမ်လည်ခံရမှုများနှင့်လည်း ပြည့်နှက်လျက်ရှိနေပါသည်။

          စားသုံးသူပြည်သူများ အနေဖြင့်  Online မှ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူ အသုံးပြု ရာတွင်ကြိုတင်ငွေပေးချေပြီးနောက်ပစ္စည်းလက်ခံရရှိမှုမရှိခြင်း၊ကြော်ငြာသည့်ကုန်စည်နှင့် ရောက်ရှိ လာသည့် ကုန်စည်အရည်အသွေးကွဲလွဲခြင်း၊ မြေပြင်တွင်အမှန်တစ်ကယ် လုပ်ငန်းဆောင်ရွက်မှု မရှိခြင်း ၊ တာဝန်ယူ/တာဝန်ခံမှု နှင့် အာမခံချက်များ မရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရ သကဲ့သို့ မှန်ကန်စွာဆောင်ရွက်သည့်လုပ်ငန်းရှင်များအနေဖြင့်လည်း  စားသုံးသူများ၏ သံသယ နှင့် မယုံကြည်မှုများကို ခံစားနေကြရပါသည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့်   အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိပြီး စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန်ဟူသော အချက်သည် စားသုံးသူအခွင့်အရေး(၈) ချက်တွင် တစ်ချက်အပါအဝင်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း Online Sale မှတ်ပုံတင် ထားသည့် လုပ်ငန်းများသည် မြေပြင်တွင် အမှန်တစ်ကယ်ဆောင်ရွက်နေခြင်း ရှိ/ မရှိနှင့် အထောက် အထားအချက်အလက်များ မှန်ကန်ကိုက်ညီမှု ရှိ/မရှိ များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိနေပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် Online မှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင်  လိမ်လည်ခံရမှုမရှိစေရေးအတွက် မိမိဝယ်ယူမည့် Online Shop သည်  Online Sale မှတ်ပုံတင်ထားခြင်း ရှိ/မရှိ eComReg System Website တွင် ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူသင့်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ လုပ်ငန်းကို Online Sale မှတ်ပုံတင် ထားခြင်းဖြင့်တရားဝင်လုပ်ငန်းအဖြစ်ကြေငြာနိုင်ခြင်း၊ စားသုံးသူများ၏ယုံကြည်မှု ရရှိခြင်းတို့ကြောင့် ဈေးကွက်သစ်များ ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ်ပါသဖြင့် ရောင်းသူနဲ့ဝယ်သူတို့ ယုံကြည်မှုတိုးပွားဖို့ https://www.ecomreg.gov.mm/ မှာ Online Sale မှတ်ပုံတင်ကြစို့ လို့ အသိပေး တိုက်တွန်း လိုက်ရပါတယ်။

DOCA(ရှမ်း)

Honey Bakery အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ   ကျိုင်းတုံမြို့၊ ရပ်ကွက် (၅) အတွင်းရှိ Honey Bakery အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် Honey Bakery အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင် အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) ကျင်းပခြင်း

     မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၆) အစည်းအဝေးကို (၆.၁.၂၀၂၆) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌများမှ virtual စနစ်ဖြင့် တက် ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတက်ရောက်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ ပြည်ထောင်စုနယ်မြေအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး နေပြည်တော်စားသုံးသူရေးရာကော်မတီဝင်ဌာနများဖြစ်သည့် နေပြည်တော် ရဲတပ်ဖွဲ့မှူး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေအရာရှိတို့  တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၃:၀၀)နာရီတွင်စတင်ခဲ့ရာ ညနေ( ၁၆:၃၀)မိနစ်တွင်ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။  

  DOCA(ပြည်ထောင်စုနယ်မြေ)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီဇင်ဘာလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

                    စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဉပဒေများ၊ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ   အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူအကျိုးစီးပွား နစ်နာ ဆုံးရှုံးများ တိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန တွင် အသိပညာပေးဟောပြောခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ခရိုင်စားသုံးသူရေးရာဉီးစီးဌာနတွင် လည်းကောင်း၊ ကလေးမြို့၊ တပ်ဉီးသီတာရပ်ကွက်၊ အထက(၇) တွင် အသိပညာပေးဟောပြောခြင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကျွန်းလှမြို့၊ သဖန်းဆိပ်ကျေးရွာရှိ အ.လ.ကကျောင်းတွင် လည်းကောင်း၊ ကျွန်းလှမြို့၊ တင်းတိန်ရံကျေးရွာရှိ အလကကျောင်းတွင် လည်းကောင်း၊ ကျွန်းလှမြို့၊  လိတ္တူကျေးရွာရှိ အ.လ.ကကျောင်းတွင် လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ခရိုင် စားသုံးသူရေးရာ ဉီးစီးဌာနတွင် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံး အနေဖြင့် စစ်ကိုင်းမြို့၊ တိန်ကုန်းရပ်ကွက်ရှိ အသေးစားစက်မှုလုပ်ငန်းဉီးစီးဌာန တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အသိပညာပေးဟောပြောခြင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း စုစုပေါင်း(၉) ကြိမ်နှင့်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူ အခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

                  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍တာဝန်ယူမှု၊တာဝန်ခံမှုရှိသောလုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်း ဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံး အနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံး အနေဖြင့်(၃)ကြိမ်၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၃)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက် ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကိုရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီးစီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်တွင် တရားမဝင်ဆင်းကတ်ရောင်းချမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်အတွင်း တရားမဝင်ဆင်းကတ်များ ရောင်းချမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်ကွက်ရှိ ဦးနေသူရိန်၏ “AEC Mobile” ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ပရိက္ခရာတန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဒေါ်သဉ္ဇာစိုး၏ “ရွှေစည်ဟိန်း” ဆင်းကတ် အမျိုးမျိုးရောင်းချသည့်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်မေဖြိုးနိုင်၏ “ဖြိုးဖြိုးမိုဘိုင်း” ဖုန်းအမျိုးမျိုးရောင်းချမည့်ဆိုင်များသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဆင်းကတ်အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များအပါအဝင် ဆင်းကတ်ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/ မရှိ သက်ဆိုင်ရာအော်ပရေတာနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် ဆင်းကတ်အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များမှ ဆင်းကတ်ရောင်းချခြင်းမပြုစေရန် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့် ဆင်းကတ်များကို ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှုရှိ/ မရှိ၊ ဆင်းကတ်ရောင်းချသူများမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် မှန်ကန်စွာဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့နှင့် ပတ်သက်၍ လိုက်နာရမည့် အမိန့်ကြော်ညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်ရာများတွင် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မြိတ်မြို့၊ ရေပုန်းရပ်၊ အမှတ်(၁၁)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ရေပုန်းရပ်၊ အမှတ်(၁၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတို့အား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မိမိဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြောကြားပြီး  စားသုံးသူများအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များရှိကြောင်း၊ ထုတ်ပိုးထားသောအစားအစာဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများကြည့်ရှု့စစ် ဆေးရန်၊ စားသုံးရန်ခွင့်ပြုချက်(ထောက်ခံချက်)ရရှိထားသော စားသောက်ကုန်များသာဝယ်ယူရန် နှင့်နစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင်နစ်နာသူကိုယ်တိုင်ဖြစ်စေ၊ မိမိနှင့်ဆက်စပ်နေသူဖြစ်စေတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

                    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်း ဖြန့်ဖြူးသည့်လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ်(Pre Market Surveillance ) စစ်ဆေးဆောင်ရွက်ရ မည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေး တို့အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်း များအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း (၅)ခုစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့်လုပ်ငန်း (၅)ခုသည် ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိကြောင်းသိရှိရပါသည်။

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများ ဝယ်ယူအသုံးပြု သည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင် စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူ များ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ