Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား၂၀၂၆ ခုနှစ်၊ စက်တင် ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ငွေအိုး” ဆေးနှင့်ဆေးပစ္စည်းဆိုင်အား  ဈေးနှုူန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချနေသည့် ဈေးနှုန်းများမြင့်တက်ခြင်းရှိ/ မရှိနှင့် ဆေးလက်ကျန်တို့အား အဓိကစစ်ဆေးခဲ့ကြောင်း၊ ဆက်လက်၍ ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ စံမညီဆေးဝါးများကို ရောင်းချခြင်းမပြုရန် လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်း၊ ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိ/မရှိတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်းများ ပြလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး မြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်း

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၂)ဦးတို့သည် ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များအား ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(MyRo)- www.myro.com.mmတွင်မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားကာ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီကားရောက်ရှိမှုနှင့် လက်လီအရောင်းဆိုင်များအား      ပုံမှန်ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုနှင့် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား   အချိန်အတွယ်မှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့အကောက်ခွန်(ကင်းစခန်း)၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

    (၂၃.၉.၂၀၂၆) ရက်နေ့တွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) ၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းအား မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ တမူးမြို့မှ ဦးလှိုင်ဝင်းကျော် ( လ/ထအကောက်ခွန်မှူး ) မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ပူးပေါင်း၍  ကလေးမြို့အကောက်ခွန် (ကင်းစခန်း) တွင် မီးရှို့ဖျက်ဆီးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         မီးရှို့ဖျက်ဆီးရာတွင် တမူးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ကလေးမြို့ အကောက်ခွန် (ကင်းစခန်း) တွင် ( ၂−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်း အရေးယူဆောင်ရွက်ခဲ့ပြီး ( ၃၁−၈−၂၀၂၆ ) ရက်နေ့တွင် သိမ်းဆည်းမိန့်ထုတ်ပြန်ထားပြီးဖြစ်သည့် အများပြည်သူသုံးစွဲရန်မသင့်သော ပိတ်ပင်တားမြစ် ကုန်ပစ္စည်းဖြစ်သည့် Brand; ESSE Speical Gold Cigaretes, ( 1×10U×50 Ctn ), ( 26 ) Pkgs, 1300 Ctn, C/O – S/Krea ခန့်မှန်းတန်ဖိုးအနေဖြင့် ကျပ် ( ၃၂,၅၀၀၀,၀၀၀ ) အား နံနက် ( ၁၀:၀၀) နာရီအချိန်မှ စတင်၍ ( ၁၂:၄၃၀ ) နာရီအချိန်ထိ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်၊ နတ်(ပျဉ်း)အုပ်စု၊ နတ်ကြီးကုန်းကျေးရွာသို့ မိတ်ဖက်အဖွဲ့များဖြင့် အသိပညာပေးဟောပြော

        (၂၃.၉.၂၀၂၆ ) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကလေးမြို့ရှိ မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့သည် ကလေးမြို့နယ်၊ နတ်(ပျဉ်း)အုပ်စု၊ နတ်ကြီးကုန်းကျေးရွာနေ ပြည်သူ ( ၃၀ ) ဦးအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

      အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ဌာနများအလိုက် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြပြီး ချေးငွေရယူနိုင်မှုအခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းနိုင်မှုအခြေအနေများစသည်ဖြင့် ကျေးရွာနေပြည်သူများအနေဖြင့် ရယူနိုင်သည့် အခွင့်အလမ်းများကို ပြောကြားခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု−ဦးစီးမှူး ) သည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး ( ၈ ) ချက်နှင့် ကုန်အညွှန်းအမှတ်အသားများကြည့်ရှု၍ ရွေးချယ်ဝယ်ယူတတ်စေရန်နှင့် မိမိတို့အခွင့်အရေးများဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဖြန့်ဝေပေးနိုင်ရန်အတွက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်တွင် တရားမဝင်ကုန်သွယ်မှုစစ်ဆေးရေးအဖွဲ့ Mobile Team ကွင်းဆင်းစစ်ဆေး

      ( ၂၂.၉.၂၀၂၆ ) ရက်နေ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဦးဆောင်၍ တရားမဝင်ကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မိတ်ဖက်ဌာနများသည် ကလေးမြို့ပေါ်ရှိ ကားအရောင်းစင်တာ၊ ကားဂိတ်များ၊ ဂိုထောင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် ပွင့်လင်းမြင်သာမှုရှိစေ၍ သယ်ဆောင်သည့်လမ်းကြောင်းတွင်သာမက သိုလှောင်သည့် အဆောက်အဦများရောင်းချသည့် ဈေးဆိုင်များအထိပါ စစ်ဆေးအရေးယူနိုင်မည့်နည်းလမ်းများ ဖော်ထုတ်စစ်ဆေး အရေးယူနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင်းရှိ အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ဝန်ဆောင်မှု လုပ်ငန်းအား မြေပြင်ကွင်းစစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မာချိုနှင့် ဝန်ထမ်း (၂)ဦးတို့သည် မုံရွာမြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား (၂၃.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုံရွာမြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့်  Star Net  Wi-Fi အင်တာနက် လုပ်ငန်းလုပ်ကိုင်နေသည့် ဆိုင်အားကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း  သတင်းရရှိ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က(၅)အထက်တန်းကျောင်းတွင် ကျောင်းသာကျောင်းသူများအားအသိပညာပေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးရှိ မုံရွာခရိုင်ဦီးစီးမှူး၊ ဒေါ်မိုးသီတာလင်း (ဦးစီးအရာရှိ)၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် (၂၃.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ အ.ထ.က (၅) အထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ဆရာ/ ဆရာမ (၅)ဦးခန့်နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၅)ဦီးခန့်အား  ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက်  အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်‌သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်မည့် နေရာများဖြစ်သည့် သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mmမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကျင်းပ

           ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီအစည်းအဝေး(၁/၂၀၂၆)ကို ရွှေဘိုခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  (၂၂.၉.၂၀၂၆)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူးရုံးမှတာဝန်ရှိများ စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      အဆိုပါအစည်းအဝေးတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဈေးကွက်အတွင်းရောင်းချသည့် ကုန်ပစ္စည်းများ  စားသုံးရန်သင့်/ မသင့်ကို ရှောင်တခင်စစ်ဆေးပြီး စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကို မရောင်းချရန်ပြောကြားရမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများကို သေချာစွာစိစစ်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ထဲထဲဝင်ဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသည့်ဝန်ထမ်းများအနေဖြင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘများနှင့် စားသုံးသူပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

  ဆက်လက်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးဇော်မင်းသိန်းက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း၊  အမှာစာများအားဖတ်ကြားခြင်းနှင့် အထက်ဌာနလမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထို့နောက် တက်ရောက်လာကြသော ရွှေဘိုခရိုင်၊ စားသုံးသူရေးရာကော်မတီအဖွဲဝင်များက ဖြည့်စွက်ဆွေးနွေးမှုများအပေါ် ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို (၁၂:၂၀) နာရီ မိးနစ်ဆယ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ ဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်လေးနွယ်(ဦးစီးမှူး)နှင့် ဝန်ထမ်း (၂)ဦးတို့ ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/မ(၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၆၂)ဦး၊ စုစုပေါင်း (၆၄)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိ‌ကောင်းစရာများ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

             အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မြင့်ထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံအဆင့်ဆင့်ကို ပြောကြားပြီး၊ စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉ ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ချက်ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်းနှင့် ဆီစားသုံးခြင်း၏ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒေါ်ခင်လေးနွယ်(ဦးစီးမှူး)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်များတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊   စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခု ဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံမှ Call Center နံပါတ် 1535 ဖြင့် နေပြည်တော် (ရုံးချုပ်)သို့ နမူနာခေါ်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News