ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြင့်တက်သောမြင်းခြံမြို့၏ပိန္နဲသီး

    မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ သစ်သီးဆိုင်များ၌ သစ်သီးဝလံမျိုးစုံ ရောင်းချလျက်ရှိရာ  ပိန္နဲသီးများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ပိန္နဲသီးများကို မန္တလေးမြို့နှင့် ပုပ္ပါးမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ပိန္နဲသီးတစ်လုံးလျှင် (၂၀၀၀၀)ကျပ်ခန့်၊ လက်လီဈေးကွက်၌  ပိန္နဲသီးအဆံ (၃) ဆံလျှင်(၁၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျှက် ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပိန္နဲသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ပိန္နဲသီးများအထွက်နှုန်းနည်းလာ၍ ရာသီကုန်ဆုံးခါနီး ပြီဖြစ်သောကြောင့် ဈေးနှုန်းမြင့် တက်ခြင်းဖြစ်ကြောင်း၊ ဈေးကွက်၌ လက်လီစားသုံးသူ များပြားကြောင်း ပိန္နဲသီး ရောင်းချသူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ စားသုံးမှုအနေဖြင့် အသီးနုများကို ပိန္နဲသီး ဝက်သားချက်၊ ပိန္နဲဆူးပုတ်ချက်၊ ပိန္နဲပုဇွန်ချက်စသည်ဖြင့်စားသုံးကြကြောင်း၊ အသီးမှည့်များ ကိုလည်း ရာသီစာ အဖြစ်လူအများစားသုံးခြင်း၊ အချိုပွဲများတွင်တည်ခင်း ဧည့်ခံကြောင်း၊ ပိန္နဲသီးသည် လူကြိုက်များတဲ့ သစ်သီးတစ်မျိုးဖြစ်၍ ဈေးကွက်တွင် ရောင်းအား ကောင်းကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ဈေးနှုန်းမြင့်တက်လာသော မြင်းခြံမြို့၏ ပန်းသီးဈေးနှုန်း

    မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ သစ်သီးဆိုင်များတွင် ရောင်းချနေသော ပန်းသီးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူပြီး ဒေသတွင်းဖြန့်ဖြူး ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ရောင်းချနေသော ပန်းသီး ၁၀ လုံးလျှင် (၃၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပန်းသီး(၁၀)လုံးလျှင် (၃၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းမြင့် တက်ခဲ့ ခြင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသော ပန်းသီးများ အထွက်နှုန်း လျော့နည်းလာ သောကြောင့် ဈေးနှုန်းများမြင့်တက် ခြင်းဖြစ်ကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝပြီး အရွယ်တင် နုပျိုစေသောကြောင့် ပန်းသီးစားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊  သစ်သီးရောင်း ချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ပန်းသီးစားသုံးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အရိုးအဆစ်ကို သန်မာစေသောကြောင့် ပန်းသီးများကို တစ်နေ့တစ်လုံး ပုံမှန်စားသုံးသင့်ကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၊ ညောင်ဦးမြို့မဏိစည်သူဈေးရှိအခြေခံစားကုန်ဈေးနှုန်းများ

    ညောင်ဦးမြို့နယ်အတွင်းရှိ မဏိစည်သူဈေးတွင် သစ်သီးဝလံဟင်းသီးဟင်းရွက်၊ မုန့်မျိုးစုံ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အသားငါးမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် (၇၅၀၀-၇၆၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာ လျှင် (၇၁၂၀-၇၃၆၅) ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၃၈၀၀-၁၄၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၂၅၀-၁၃၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၆၄၀၀ - ၆၅၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) တစ်ပိဿာလျှင် (၃၄၀၀၀-၃၅၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၉၀၀၀-၃၀၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် တစ်ပိဿာလျှင်(၁၉၀၀၀-၂၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀-၄၂၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၆၅၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် ပေါ်ဆန်းမွှေးဆန် ဈေးများမှာ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စားအုန်းဆီ၊ ပဲဆီသန့်၊ ကြက်သွန်နီနှင့် ကြက်သားဈေး များမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏စားဖိုဆောင်အုပ်စုဝင်ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

    မြင်းခြံမြို့၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အေးမြသီတာဈေးများတွင် ၂၀၂၅ ခုနှစ်၊ ‌ဒီဇင်ဘာလ၌ ရောင်းချနေသော  စားဖိုဆောင်သီးနှံအုပ်စုဝင်ဖြစ်သော ကုန်စိမ်းသီးနှံဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀-၃၅၀၀) ကျပ်၊ အာလူးသီးအကြီး တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်၊ အာလူးသီးအလတ်တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ အာလူးသီးအသေး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ခရမ်းသီး သီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရုံးပတီသီးတစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ရွှေဖရုံသီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ မျှစ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဂျင်းတက်တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် (၁၄၀၀၀-၁၆၀၀၀)ကျပ်၊မုန်လာဥနီတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊  ဂေါ်ရခါးညွန့်လက်ဆုပ်တစ်စီးလျှင် (၉၀၀) ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ ၊ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၅၀၀-၁၈၀၀)ကျပ်၊ ပန်းမုံလာပွင့် (အလတ်) တစ်ပွင့်လျှင် (၂၀၀၀) ကျပ်နှင့် ဂျူးမြစ်တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်လ နှင့်နှိုင်းယှဉ်ပါ ယခုလတွင် ခရမ်းချဉ်သီး၊ ရွှေဖရုံသီးနှင့် ဂျင်းဈေးနှုန်းမှာ အနည်းငယ် မြင့်တက်ခဲ့၍ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ဂေါ်ရခါးသီး၊ ပဲ‌တောင့်ရှည်နှင့် ဂျူးမြစ်များမှာ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မုန်လာဥနီ၊ရုံးပတီသီးနှင့် ခရမ်းသီးဈေးများမှာ ဈေးတည်ငြိမ်လျက် ရှိကြောင်းသိရှိရသည်။ ကုန်စိမ်း သီးနှံများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့်  မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ မှာယူ ရောင်းချကြောင်း၊ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်တွင် နေကြာစေ့ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ

  မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများကိုမြို့နယ်(၄)မြို့နယ်လုံး စိုက်ပျိုး ကြကြောင်း၊  မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနေကြာစိုက်ဧက   ( ၁၅၄၇) ဧက စိုက်ပျိုး နိုင်ခဲ့ ထွက်ရှိသောနေကြာသီးနှံများကို ဒေသတွင်းဆီကြိတ်စက်များမှ အများဆုံးဝယ်ယူကြကြောင်း သိရပါသည်။

   ယခုဒီဇင်ဘာလပထမပတ်တွင် နေကြာစေ့တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ၊နေကြာဆီ တစ်ပိဿာ လျှင်(၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၄၀၀-၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိသာလျှင်(၃၀၀-၅၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းလာပြီး၊  တိရိစ္ဆာန်အစာဈေးမြင့်တက်၍ နေကြာဖတ်တစ်ပိသာလျှင် (၃၀၀)ကျပ်ခန့်ဈေးနှုန်းမြင့် တက်လာကြောင်း၊ နေကြာဆီ ဈေးနှုန်းမှာ အရောင်းအဝယ်အေး၍ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါ သည်။

DOCA(မန္တလေး)

တိရိစ္ဆာန်အစာဈေးမြင့်၍ ပဲဖတ်၊နှမ်းဖတ်နေကြာဖတ်များဈေးကောင်းလျက်ရှိ

   မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်း ဆီစက်များမှ တိရိစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ်မှုများလာပြီး ပဲဖက်၊ နှမ်းဖက်၊ နေကြာဖတ်များ ဈေးကောင်းရလာကြောင်းသိရပါသည်။ ဆီကြိတ်ဖတ်များကို ဒေသတွင်း တစ်နိုင် တပိုင်မွေးမြူရေးလုပ်ငန်များအပြင် မန္တလေးမြို့ တိရိစ္ဆာန်အစာတောင့်စက်ရုံများမှလည်း ဝယ်ယူလျက်ရှိ ကြောင်းသိရပါသည်။

   ယခု ဒီဇင်ဘာလပထမပတ် မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲဖတ်နှမ်းဖတ် ဈေးနှုန်း များမှာ ပဲဖတ်တစ်ပိဿာလျှင် (၆၇၀၀-၆၈၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၄၄၀၀-၄၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၃၄၀၀-၃၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ပဲဖတ်တစ်ပိဿာလျှင်(၄၅၀-၅၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်(၃၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှ မန္တလေးမြို့တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူမှုများလာခြင်းကြောင့်ဖြစ်သည် ဟု ဆီစက်လုပ်ငန်းရှင် တစ်ဦးထံမှသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာပဲမျိုးစုံဈေးကွက်တွင် စားတော်ပဲ အရောင်းအဝယ်အေးလျက်ရှိ

  မိတ္ထီလာမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း စားတော်ပဲကို ဒေသတွင်းစိုက်ပျိုးမှုမရှိ၍ ဈေးကွက်အတွင်းစားတော်ပဲများကို မန္တလေးမှအဝင်များပြီး  တစ်ပတ်လျှင် အိတ်(၃၀-၅၀)ဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

   ဈေးကွက်အတွင်း ယခု ဒီဇင်ဘာလပထမပတ်တွင် စားတော်ပဲတစ်ပြည်လျှင် (၈၅၀၀-၉၀၀၀) ကျပ်၊ စားတော်ပဲ တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် စားတော်ပဲဈေးမှာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ စားတော်ပဲကို စားသောက်ဆိုင်များနှင့် ပဲပြုတ်ရောင်းချသူများမှဝယ်ယူကြပြီး ယခုလတွင်ပဲပြုတ်ရောင်းချသူများမှာ အရောင်းအဝယ်ပါး၍ ဈေးကွက်တွင်စားတော်ပဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း ပဲမျိုးစုံ ဈေးကွက် မှသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပဲလွမ်းပြာ၊ပဲလိပ်ပြာ၊ ပဲကြား၊ စွန်တာနီ၊ပဲနီလေး ဈေးနှုန်းဈေးကွက်အခြေအနေ

   မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် ပဲလွမ်းပြာ၊ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲများကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့်သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များမှလည်း ရာသီချိန်တွင် ဝင်ရောက်လျက်ရှိပြီး ယခုဒီဇင်ဘာ လဆန်းတွင်  ဒေသတွင်းထွက်ရှိမှုမရှိသေး၍ မန္တလေးမှ ပဲလွမ်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီ၊ နှင့်ပဲနီလေးများဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။  

   မိတ္ထီလာဈေးကွက်၌ ဒီဇင်ဘာလပထမပတ်တွင် ပဲလွန်းပြာ၊ ပဲလိပ်ပြာ၊ ပဲကြား၊  စွန်တာနီပဲ ပဲနီလေးဈေးနှုန်းများမှာ ပဲလွန်းပြာတစ်တင်းလျှင်(၁၀၀၀၀၀)ကျပ် ၊ ပဲလိပ်ပြာ တစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ ပဲကြားတစ်တင်းလျှင်(၅၀၀၀၀)ကျပ်၊ စွန်တာနီပဲတစ်တင်းလျှင် (၁၆၀၀၀၀)ကျပ်၊ပဲနီလေး တစ်ပိဿာလျှင်(၉၅၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူ နှိုင်းယှဉ် လျှင်အရောင်းအဝယ်အေးသဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း ပဲလွန်းပြာကို ပဲပြုတ်လုပ်ငန်း၊ မုန့် လုပ်ငန်းများ၊ ပဲလိပ်ပြာနှင့်ပဲကြားကို ပဲလှော်လုပ်ငန်းများနှင့် စွန်တာနီပဲကို ပဲကြော်လုပ်ငန်းများမှ အများဆုံးဝယ်ယူကြောင်းသိရပါသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော ဆေးဘဲဥဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အတွင်းရှိ မီးဖိုချောင်သုံးသီးနှံများနှင့် ကြက်ဥ၊ ဘဲဥ၊ငုံးဥနှင့် ဆေးဘဲဥများကိုလည်း နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေး ကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဒေသအတွင်းလက်လီ/လက် ကား ဝယ်ယူသူများ၊ မြို့နယ်မှတစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ ရောင်းချနေကြောင်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဆေးဘဲဥများကို ရန်ကုန်မြို့မှတဆင့်ဝယ်ယူပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ဆေးဘဲဥများသည် ရာသီမရွေးထွက်ရှိပြီး စားသုံးသူများ လည်းများပြားကြောင်း သိရှိရပါသည်။‌မြိတ်မြို့ပေါ်ရှိအသုပ်ဆိုင်များတွင် ဆေးဘဲဥသုပ်များကို အများ အပြားရောင်းချကြ၍ လူကြိုက်များလှကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆေးဘဲ ဥဈေးနှုန်းမှာ တစ်လုံးလျှင် (၇၅၀)ကျပ်ရှိကြောင်း ဆေးဘဲဥရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ သံပရာသီးဈေးနှုန်းမြှင့်တက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အ‌ရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ယခုဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် သံပရာသီးတစ်လုံးလျှင် (၄၀၀)ကျပ်ထိရှိပြီး ဈေးနှုန်းမြှင့်တက်နေကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း