ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုန်လာဥဈေးကွက် ဈေးနှုန်းအခြေအနေ

     ဆောင်းရာသီသို့ ရောက်ရှိလာချိန်တွင် သီးနှံမျိုးစုံ ထွက်ရှိနေသည့်သီးနှံများထဲမှ မုန်လာဥ သီးနှံလည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ မုန်လာဥသည် အဖြူသီးနှင့် အနီသီးနှစ်မျိုးရှိပြီး၊ အဖြူသီး ကို မြစ်ဝကျွန်ပေါ်များတွင် စိုက်ပျိုးကြပြီး၊ မုန်လာဥအနီကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြ ပါသည်။မုန်လာဥအဖြူကို ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်မြေနုကျွန်နှင့် ပုသိမ်ခရိုင်‌ ရေကြည် မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးကြပါသည်

     လက်လီ/လက်ကားဈေးနှုန်းအနေဖြင့် အသီးကြီးထွားမှုအပေါ်မူတည်၍(၁၃ဝဝိ/-၂၀ဝဝိ/-)ဈေးရှိပြီး၊ ဈေးကွက်အနေဖြင့် ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ရာသီစာပဲချဉ်ပေါင်ရွက်များ စတင်ဝင်ရောက်လျက်ရှိ

  ဆောင်းရာသီကာလဖြစ်သော နတ်တော်လဆန်းအတွင်း မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့်ရာသီစာ ပဲချဉ်ပေါင်ရွက်(ခေါ်)ပဲကစာလီများ စတင်ဝင်ရောက် လျက် ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာ့ရိုးရာအသုပ်အစားအစာတစ်မျိုးဖြစ်သည့် ပဲချဉ်ပေါင်ရွက်(ခေါ်)ပဲကစာလီများမှာ မန္တလေးမြို့ ၄၁လမ်း၊ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်အတွင်း တစ်ပိဿာလျှင် လက္ကားစျေး ၁၈၀၀၀ ကျပ်နှင့် ၂၀၀၀၀ ကျပ်၊ လက်လီစျေး ၂၂၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ်စျေး၊ တဆယ်ကျပ်သားလျှင် ၂၅၀၀ ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း ကုန်စိမ်း ရောင်းချ သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာပဲမြစ်ဈေးကွက်

    မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ ရာသီစာပဲမြစ်များ ဝင်ရောက်လျက်ရှိပါသည်။ တံတားဦးမြို့နယ်၊ မကျီးတော‌ကျေးရွာမှ ထွက်ရှိသော ပဲမြစ်သည် စားသုံးသူများ အကြိုက်ဆုံးဖြစ်ပါသည်။ ဆောင်းဦးရာသီကာလတွင် ထွက်ရှိသော ပဲမြစ်ကိုပြုတ်၍ စားသုံးခြင်း၊ အုန်းနို့စမ်း၍စားသုံးခြင်း၊ မြေပဲထောင်း နှမ်းထောင်းများနှင့်လည်းသုတ်၍ သရေစာ အဖြစ်အများဆုံးရောင်းချပြီး စားသုံးကြပါသည်။ ယခုနှစ် ပဲမြစ်စတင်ထွက်ပေါ်သည့် အချိန်တွင် မန္တလေးမြို့တွင်းဈေးကွက်တွင် ကျောက်ဆည်နှင့် မြစ်သားနယ်များမှထွက်သည့် ပဲမြစ် ၁ ပိဿာ ၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်၊ တံတားဦး၊ မကျီးတောနယ်မှ ထွက်ရှိသည့် ပဲမြစ် ၁ ပိဿာ ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ယခုလိုရာသီကာလအတွင်း ကျောက်ဆည်နှင့် မြစ်သားနယ်မှ ၁ ပိဿာ ၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ တံတားဦး၊ မကျီးတော ၁ ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ဈေးနှုန်းများနှင့် စတင်ခဲ့သည့် အတွက် ယခင်နှစ်ကထက်စာလျှင် ယခုနှစ်သည် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ ယခုလို ဆောင်းရာသီကာလတွင် မန္တလေးမြို့မှတစ်ဆင့် ရပ်နီးရပ်ဝေးမိတ်ဆွေအပေါင်းအသင်းများကို ရာသီစာလက်ဆောင်အဖြစ်ပေးရန်အတွက် ရောင်းဝယ်မှုအားကောင်းကြောင်း လေ့လာသိရှိရပါ သည်။

DOCA(မန္တလေး)

ကုန်းကန်စွန်းဥနှင့် ရေကန်စွန်းဥ(ခ) ယာကွန်ဥ အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်

   ကုန်းကန်စွန်းဥထွက်ရှိရာ ဒေသများဖြစ်ကြသည့် တောင်ကြီး၊ ပင်းတယ၊ ကလော၊ အောင်ပန်းနယ်များမှ ထွက်ရှိသည့် ကန်စွန်းဥ (၂) မျိုးရှိသည်။ ရွှေဝါရောင်နှင့် ငချိတ်ရောင် တို့ဖြစ်ပြီး ရေကန်စွန်းဥခေါ် ယာကွန်ဥမှာ မိုးကုတ်မြို့နယ်မှ ထွက်ရှိကြောင်း သိရ၍ မိုးအကုန် ဆောင်းအကူးတို့တွင် ထွက်ရှိသည်။ ကန်စွန်းဥများကို မန္တလေးပွဲရုံများမှတစ်ဆင့် အနယ်နယ် အရပ်ရပ်ဈေးများသို့ ရောင်းချကြသည်။ ကုန်းကန်စွန်းဥများကို ပြုတ်၍၊ ဖုတ်၍၊ ယိုလုပ်၍ စားသုံးကြသည်။ အုန်းလုံးကြော်အဖြစ် ပြုလုပ်၍လည်း စားသုံးကြသည်။ ယခင်နှစ်က ကန်စွန်းဥ တစ်ပိဿာလျှင်(၂၅၀၀) ကျပ်၊ ငချိတ်ကန်စွန်းဥ  (၃၀၀၀) ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာ (၄၀၀၀) ကျပ်၊ ငချိတ်တစ်ပိဿာမှာ (၅၀၀၀) ကျပ်အထိ ရှိသည်။ ကုန်းကန်စွန်းဥသည် ခန္ဓာကိုယ်ရှိ အနာရောဂါများအတွက် သင့်လျော်သည်။

          ရေကန်စွန်းဥ (ခ) ယာကွန်ဥမှာ ယခင်နှစ်က တစ်ပိဿာလျှင်(၁၅၀၀၀) နှင့် (၁၆၀၀၀) ကျပ်အထိ ရောင်းချကြောင်း တွေ့ရှိရပြီး ယခုနှစ်တွင် (၁၂၀၀၀) မှ (၁၅၀၀၀) အထိ ရောင်းချ ကြသည်။ ရေကန်စွန်းဥ စားသုံးရာတွင် ကုန်းကန်စွန်းဥကဲ့သို့ ပြုတ်၍ သော်လည်းကောင်း၊ ဖုတ်၍သော်လည်းကောင်း စားသုံးရန်မဟုတ်ဘဲ အစိမ်းကို အခွံနွှာပြီး စားရသည်။ ရေကန်စွန်းဥ မှာ ပဲစိမ်းစားဥကဲ့သို့ အရည်ရွှမ်းပြီး အလွန်ချိုသည်။ ရေကန်စွန်းဥမှာ သွေးသားနှင့် ပတ်သက် သည့်ရောဂါများ၊  ကင်ဆာရောဂါများ၊ ဝေဒနာရှင်များအတွက် ကျန်းမာရေး ဓါတ်စာအဖြစ် စားသုံးကြကြောင်း တွေ့ရှိရသည်။ ကန်စွန်းဥများကို တောင်ကြီးဒေသ ထွက်ကုန်များနှင့် ရောနှော၍ တစ်နှစ်လျှင် ကား(၇) စီးခန့် ဝင်ရောက်လျှက်ရှိကြောင်း ပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့၊ ရာသီစာ လိမ္မော်သီး ဈေးကွက်

 မိတ္ထီလာမြို့မဈေးတွင် အသား/ငါး ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံမျိုးစုံ ရောင်းချလျှက် ရှိပြီး နေ့စဉ်ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျှက်ရှိပါသည်။ ယခုဆောင်းရာသီကာလတွင် ရာသီစာ ဇီးသီး၊ထောပတ်သီး၊ပန်းသီး၊ မက်မန်းသီးနှင့် ရှမ်းတောင်ဒေသထွက် လိမ္မော်သီးများလည်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပါသည်။ လိမ္မော်သီးမှာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက် သည့် ရာသီစာ အသီးတစ်မျိုးဖြစ်သည်။

နိုဝင်ဘာလဆန်းမှစ၍ လိမ္မော်သီးများ ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လျှက်ရှိပြီး  စားသုံးသူများကြိုက်နှစ်သက်ကြသည့်အတွက် အရောင်းအဝယ်သွက်ကြောင်း ၊လိမ္မေ်သီး  (၂၅)ကျပ်သားလျှင် (၂၀၀၀)၊ (၅၀)သားလျှင် (၃၅၀၀)ကျပ် ၊ ပိဿာလုံးဈေး (၇၀၀၀)ကျပ်ဖြင့်  ရောင်းချလျှက်ရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ သံပုရာသီးဈေးကွက်

  မိတ္ထီလာမြို့မဈေးကြီးနှင့် ကုန်စိမ်းဈေးအတွင်း သံပုရာသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် သီးနှုန်းကျဆင်းသွားသည့်အတွက် သံပုရာသီးဈေးနှုန်းများ  အနည်းငယ်မြင့်တက် လျှက်ရှိကြောင်းသိရသည်။သံပုရာသီးကို ဖျော်ရည်၊သံပုရာချဉ်၊အသုပ်မျိုးစုံနှင့် အချဉ်ကြိုက်နှစ်သက် သူများအနေဖြင့် သံပုရာသီးကို မျိုးစုံလုပ်စားကြသဖြင့် အိမ်တိုင်းတွင် မရှိမဖြစ်ဆောင်ထားသော စားဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည်။

   ယခင်မိုးရာသီကာလတွင် သံပုရာသီး(၁)လုံးလျှင် (၁၀၀)ကျပ်နှုန်းသာ ဈေးရရှိပြီး ၊ ယခု ဆောင်းရာသီကာလ ဒီဇင်ဘာလပထမပတ်တွင်သံပုရာသီး(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၃)လုံးလျှင် (၅၀၀) ကျပ် နှုန်းဖြင့် ဈေးအနည်းငယ်မြင့်တက်လျှက်ရှိပါသည်။

DOCA(မန္တလေး)

 

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ ဆန်ဈေးနှုန်းများ

          ရွှေဘိုခရိုင်အတွင်းတွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါး/ ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ တတိယပတ်တွင် ရန်ကုန်သို့ (၄၅၇၄၀)အိတ်၊ မန္တလေးသို့ (၄၃၂၃၀) အိတ်၊ နေပြည်တော်သို့ (၅၇၅)အိတ်၊ပဲခူးတိုင်းသို့ (၄၈၂၀)အိတ်၊ မကွေးတိုင်းသို့ (၁၃၂၅)အိတ်၊ ရှမ်း(တောင်)သို့ (၁၂၁၆၅)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၁၀)အိတ်၊ မွန်ပြည်နယ်သို့ (၅၃၃၅)အိတ်၊ ကရင်ပြည်နယ်သို့ (၃၇၂၅)အိတ် ၊မူဆယ်သို့ (၁၈၀)အိတ်၊တနင်္သာရီတိုင်းသို့ (၂၀၀)အိတ် စုစုပေါင်း အိတ်ရေ ၁၂၀၃၀၅ တန်အားဖြင့် ၆၀၁၅တန် စီးထွက်ခဲ့ပါသည်။

          ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၄၀၇၈၈)အိတ်၊ မန္တလေးသို့ (၄၇၇၄၈) အိတ်၊ နေပြည်တော်သို့ (၁၆၀)အိတ်၊ ပဲခူးတိုင်းသို့ (၄၂၇၀)အိတ်၊ မကွေးတိုင်းသို့ (၁၅၇၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၀၇၉၃)အိတ်၊ ကချင်ပြည်နယ်သို့ (၂၁၀၀)အိတ်၊ မွန်ပြည်နယ်သို့ (၄၆၆၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၂၆၀)အိတ် ၊မူဆယ်သို့ (၆၉၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၁၁၅၀၃၉ တန်အားဖြင့် ၅၇၅၂တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၂၆၆၊ တန်အားဖြင့် ၂၆၃တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၅၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၉၀၀၀၀မှ ကျပ် ၂၀၀၀၀၀ ၊  ဧရာမင်းစပါး တင်း 100 လျှင် ကျပ် 2၈00000 ၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀မှ ကျပ် ၁၃၅၀၀၀၊ ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1၄00000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 6၀000မှ ကျပ် ၆၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ ပိန်းဥဈေးကွက်

  ဆောင်းရာသီကာလတွင် ရာသီဥတုအေးချမ်းသလို ဒေသထွက်ရာသီစာများလဲ ပေါပေါများ များထွက်ရှိသောကာလဖြစ်သည်။ ယခုလို ချမ်းအေးနေချိန်တွင်နေအိမ်များ၌ ရာသီစာ ပိန်းဥ၊ ကန်စွန်းဥ၊ ထန်းပင်မြစ်၊ပဲမြစ်များကို ပြုတ်၍ ဆီ၊ဆားများဖြင့်သုံးဆောင်ကြသည့် ချစ်စရာ ကျေးရွာ ဓလေ့တစ်ခုဖြစ်ပါသည်။

          ရာသီစာပိန်းဥများ ကို နိုဝင်ဘာလ ပထမပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း (ကလော၊ တောင်ကြီး၊ အောင်ပန်း) ဒေသများမှ ဝင်ရောက်လျှက်ရှိပြီး စားသုံးသူများမှ ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ပိန်းဥဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၅၀)သားလျှင် (၁၅၀၀)ကျပ်နှုန်းနှင့် ပိဿာလုံးဈေး (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိ ပါသည်။

DOCA(မန္တလေး)

နံနံပင်ဈေးကွက် အမြင့်ဈေးဖြင့် ငြိမ်လျှက်ရှိ

    မိတ္ထီလာမြို့နယ်တွင် စပါး၊ပဲစဉ်းငုံ၊ဆီထွက်သီးနှံများအပြင် ကုန်စိမ်းသီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ နံနံပင်နှင့်နံနံစေ့ကို အစားအသောက်တော်တော်များများတွင် ထည့်သွင်းချက်ပြုတ်သော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ နံနံပင်က ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အရေးပါသော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိုဝင်ဘာလဆန်းမှစ၍ နံနံပင်ဈေးနှုန်းမှာ သိသိသာသာမြင့်တက်လာ ပြီး ဒီဇင်ဘာလပထမပတ်မှကာလတူနှိုင်းယှဉ်ပါက နံနံပင်ဈေးနှုန်းမှာ တစ်စီးလျှင် (၆၀၀)ကျပ် အမြင့်ဈေးဖြင့် ငြိမ်လျှက်ရှိသဖြင့် နံနံပင်စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးငြိမ်နေ

   မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဆန်း၌ ကြက်သွန်နီဈေးငြိမ်နေကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးသော မလှိုင်၊ မိတ္ထီလာမြို့များမှ ကြက်သွန်နီတင်ပို့မှု မှာ ယခုရက်ပိုင်း ပြည်တွင်းဈေးကွက်များသို့သာ တင်ပို့နိုင်ကြောင်းသိရသည်။ မိတ္ထီလာ၊ မလှိုင်မြို့ နယ်များမှ ကြက်သွန်နီကို ပြည်တွင်းဝယ်လက်များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ တောင်ကြီးမြို့များသို့ အများဆုံးတင်ပို့ကာ ပြည်ပဝယ်လက်အနေဖြင့် ရန်ကုန်၊ မော်လမြိုင်၊ တာချီလိတ်၊ မိုင်းလားမြို့များ သို့ တင်ပို့ကြပါသည်။ယခုတစ်ပတ်အတွင်းပြည်တွင်းဈေးကွက်များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ တောင် ကြီးမြို့များသို့ (၁၂) ဘီးကား၊ (၆) ဘီးကားများဖြင့် အခြားကုန်များနှင့်ရောနှောတင်ပို့ရာ ကုန်တင်ခ အနေဖြင့် တစ်ပိဿာလျှင် မိတ္ထီလာ-ရန်ကုန်မှာ (၂၀၀) ကျပ်၊ မိတ္ထီလာ-ပဲခူးမှာ (၂၀၀) ကျပ်၊ မိတ္ထီလာ တောင်ကြီးမှာ (၁၅၀) ကျပ် ဈေးတို့ဖြင့် ဈေးငြိမ်နေကြောင်းသိရသည်။ ကြက်သွန်နီဈေးအနေဖြင့် ဝယ်လိုအားပုံမှန်ရှိသော်လည်း ပစ္စည်းအရည်အသွေးအနေဖြင့် သိုလှောင်ချိန်ကြာမြင့်လာသည့်အတွက် ကျဈေးဖြင့်ငြိမ်နေရာ ပွဲစားဝယ်ဈေးမှာ တစ်ပိဿာ (၇၀၀-၈၀၀) ကျပ်ဈေးရှိကြောင်း ကြက် သွန်နီတင်ပို့ရောင်းချသည့် ကုန်သည်များထံမှ သိရသည်။

DOCA(မန္တ‌လေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း