ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တန်ဆောင်းမုန်းလရှိ ဇီးဖြူသီးစျေး

          မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ မှထွက်သည့်ဇီးဖြူသီးများတန်ဆောင်းမုန်းလအတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅  ခုနှစ်  နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ  ဇီးဖြူသီး ၁၀လုံးလျှင်အလုံး(ကြီး)၁၄၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊အလုံး(လတ်) ၁၀၀၀ကျပ်နှင့် ၁၃၀၀ကျပ်၊ အလုံး (သေး)၈၀၀ကျပ်နှင့် ၉၀၀ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာ ခြားမှုရှိကြောင်း သိရှိရပါသည်။ ဇီးဖြူသီးမှာအချဉ်သုတ်၍ ရောင်းချသူများမှ သုံးစွဲမှုများပြားသည့် အတွက်အရောင်းသွက်လျက်ရှိကြောင်း မန္တလေးစျေးချိုတော်ရှိ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

 

တန်ဆောင်းမုန်းလဘိုစားပဲသီးတောင့်စျေးမြင့်တက်လျက်ရှိ

                  ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တန်ဆောင်မုန်းလအတွင်း ဘိုစားပဲသီးကုန်စိမ်းများ ဝင်ရောက်မှု အနည်းငယ် လျော့ကျ လျက်ရှိပြီး၊ပါက်စျေးအနည်း ငယ်မြင့်တက်သွားကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက် လျှက်ရှိသည့် ဘိုစားပဲသီး တောင့်များအား အစိမ်းရောင်နှင့် ခရမ်းရောင်ပဲသီးတောင်များ တွေ့ရှိရ ပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့် ၄၁လမ်းစျေးရှိကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင် ဘာလပထမပတ်အတွင်း ဖြစ်ပေါ်နေသည့် ဘိုစားပဲသီးတောင့်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၅၀၀ကျပ်၊လက်လီစျေး၇၀၀၀ကျပ်နှင့်၈၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက် ရှိပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်စျေးထက်အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာကုန်စည်အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

  ဆောင်းဦးရာသီငရုတ်သီးစိမ်းစျေးငြိမ်လျက်ရှိ

          ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ဆောင်းဦးရာသီပန်းငရုတ်ပွနှင့် ငရုတ်သီးစိမ်းများ ဝင်ရောက်လျှက်ရှိပြီး၊ ပြောင်းလဲမှု မရှိဘဲစျေးငြိမ်နေကြောင်းသိရှိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ် သီး စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊ အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက်ရှိသည့် ငရုတ် သီး စိမ်းအမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီး များတွေ့ရှိရပြီး၊ အလေးချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ် အစား အလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်း စျေးကွက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး) စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး ၈၀၀၀ ကျပ် နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင် ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ကချင်သီးငရုတ်မှာ လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၇၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

 

ဆောင်းရာသီနဂါးမောက်သီးစျေးအနည်းငယ်တက်

                စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားပြီး၊ဆောင်ရာသီနဂါးမောက် သီးစျေးမှာ အနည်းငယ်မြင့်တက် သွားကြောင်းသိရှိရပါသည်။စျေးကွက်တွင်နဂါးမောက်သီး အတွင်း သားအဖြူရောင်၊ခရမ်းရောင်နှင့်မရမ်းရောင်တို့တွေ့ရှိရပြီး၊ အလုံးအရွယ်အစားအလိုက် စျေး ကွာခြား မှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ(လုံးကြီး) (အတွင်းသားဖြူ)၂၀၀၀၀ကျပ်နှင့် ၂၈၀၀၀ ကျပ်၊ (လုံးလတ်)၁၂၀၀၀ကျပ်နှင့်၁၅၀၀၀ကျပ်၊ (လုံးသေး) ၇၀၀၀ကျပ်နှင့် ၈၀၀၀ကျပ် စျေး၊ အတွင်းသားခရမ်းရောင်နှင့် မရမ်းရောင်စျေးတို့မှာ အလုံးကြီး ၁၃၀၀၀ ကျပ်နှင့် ၁၆၀၀၀ ကျပ်၊ အလုံးသေး ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ကျပ်တို့ဖြင့် ရောင်းချ လျှက် ရှိကြောင်း ရတနာပုံစျေးရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

 

  ဆောင်းရာသီပန်းငရုတ်သီးပွစျေးကွက်

            ကုန်စိမ်းစျေးကွက်သို့ ဆောင်းဦးရာသီချိန်အတွင်း ပန်းငရုတ်သီးပွနှင့် ငရုတ်သီးစိမ်းများ ဝင်ရောက်မှု အနည်းငယ်လျော့နည်းသွားသော်လည်း စျေးငြိမ်နေကြောင်း သိရှိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ငရုတ်သီးစိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၀ တင်း၊အထွက်ပေါင်း ၂၇၆၄၉၄၁၀ တင်း ထွက်ရှိကြောင်း သိရှိရပါသည်။အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့် ငရုတ်သီး စိမ်းများဝင်ရောက်လျက်ရှိပြီး၊စျေးငြိမ်နေကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းငရုတ်ပွ များကို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ခရမ်းရောင်၊ မရမ်း ရောင်နှင့်လိမေ္မာ်ရောင်တို့ တွေ့ရှိရ ပြီး၊ အလေးချိန်ဖြင့် ရောင်းချခြင်းနှင့် အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ခုနှစ် နိုဝင် ဘာလပထမပတ်အတွင်းဖြစ်ပေါ်သည့်ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၅၅၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး  ၇၅၀၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ပန်းငရုတ်ပွ တစ်ခုချင်း စျေး အနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချ လျက်ရှိပြီး၊ အောက်တိုဘာလ နောက်ဆုံး ပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပေါက်စျေးကွာခြားမှုမရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုး အစား အလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀) စီးအကြား ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

 

  ဂန္ဓမာပန်းစျေးအနည်းငယ်တက်

              တန်ဆောင်းမုန်းလပြည့်ကျော်ကာလအတွင်းမန္တလေးပန်းစျေးကွက်အတွင်း ဂန္ဓမာပန်းအမျိုး မျိုးဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှထွက်ရှိသည့်ဂန္ဓာမာပန်းများဝင်ရောက်လျှက်ရှိပြီး၊တန်ဆောင်မုန်းလပြည်ကျော်အခါသမယတွင်အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းအများဆုံး တွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုးတစ်ပွင့် (၁၀ခက်ပါ) တစ်စီး လျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့်ပုလဲဖြူ တစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျှက်ရှိကြောင်းမန္တလေးမြို့၊ သိရီမာ လာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)                                                                                               

  အရောင်းသွက်သည့်တန်ဆောင်မုန်းပုရစ်

            မန္တလေးစျေးကွက်အတွင်းသို့ မြစ်ကြီးနား၊ရွှေကူ၊ကသာ၊မတ္တရာနှင့်ဆည်တော်လေးဒေသတို့မှ တန်ဆောင်းမုန်းပုရစ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပုရစ်စျေးကွက်အနေဖြင့် မိုးပုရစ်နှင့်ဆောင်းပုရစ်နှစ်မျိုးရှိရာ မိုးပုရစ်မှာ အထီးနှင့်အမ စျေးကွာခြားမှုမရှိဘဲရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဆောင်းပုရစ်မှာ သီးတင်းကျွတ်လဆန်းပိုင်း မှစ၍ စတင်ဝင်ရောက် လျက်ရှိပြီး၊ပုရစ်အမများတွင် ဥပါဝင်မှုများသဖြင့်  လူကြိုက်များသကဲ့သို့ စျေး အနည်းငယ်မြင့်ကြောင်းသိရှိရပါသည်။ မန္တလေး‌မြို့၊ရေကြည်ညောင်ပင်စျေးရှိဆောင်းပုရစ်စျေးကွက် တွင်  ၂၀၂၅  ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း လက္ကားစျေးမှာ  ပုရစ်အကောင်ကြီး (၂၀၀ပါ) တစ် ထုပ်လျှင်   ပုရစ်(အမ) ၅၅၀၀၀ ကျပ်နှင့် ၅၈၀၀၀ ကျပ်၊ ပုရစ်(အထီး) ၂၅၀၀၀ ကျပ်နှင့် ၂၇၀၀၀ ကျပ်၊   သဲပုရစ် ခေါ်ပဲပုရစ်(အကောင်သေး) (၂၀၀ပါ)တစ်ထုပ်လျင် ၁၅၀၀၀ကျပ် နှင့် ၁၆၀၀၀ ကျပ်၊ လက်လီ စျေးမှာ ပုရစ်အကောင်ကြီး(၁၀၀)လျှင်ပုရစ်(အမ) ၂၈၀၀၀ကျပ်နှင့်၃၀၀၀၀ကျပ်၊ပုရစ်(အထီး)၁၄၀၀၀ ကျပ် နှင့် ၁၅၀၀၀ ကျပ်၊ သဲပုရစ်(အကောင်သေး)(၁၀၀)လျှင် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်စျေးနှင့်နှိုင်းယှဉ်ပါက ပုရစ်ဝင်ရောက်မှုများပြားလာသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရပါတယ်။   

DOCA(မန္တလေး)                                                                                               

ဆီမီးတောက်ပန်း(သို့)အဆိပ်ပန်း

          ဆီမီးတောက်ပင်ကို အဆိပ်မြေပင်ဟုခေါ်ကြသည်။အဆိပ်ရှိသည့် အပင်ဖြစ်သည့် အတွက် ကြောင့် အခြားသောအဆိပ်ရှိ အင်းဆက်ပိုးမွှားများအကိုက်ခံရပါက၎င်း အရွက်ကို ခြေ၍တို့ပေး လျှင်ပျောက် သည်ဟုဆိုကြသည်။ဆီမီးတောက်ပင်သည် နွယ်ပင်မျိုးဖြစ်သည်။ အရွက်ချွန်ချွန် လေးများနှင့် ၎င်း၏အပွင့်သည် မီးတောက်၊ မီးစွယ်၊ မီးညွှန့်နှင့် သဏ္ဍန်တူပွင့်ဖတ်(၆)ခုပါရှိပါသည်။ ဆီမီးတောက်ပန်းပွင့်အရောင်မှာ အနီရောင်နှင့် အဝါရောင်ရောနှောနေသည်။ အဖိုပင် အမပင် ဟူ၍ရှိပြီး အမပင်ဥသည် လုံးပြီး အဖိုပင်ဥသည် ရှည်သည်။ မြန်မာနိုင်ငံ သမပိုင်းတွင်ဒေသတွင် သဘာဝအလျှောက် ပေါက်ပင်ဖြစ်သည်။ ဆီမီးတောက်ပင်၏ အရွက်၊ အမြစ်၊ ဥတို့ကို ဆေးဝါး အဖြစ်အသုံးပြုကြသည်။ လေကိုနိုင်သည်။ဆီးရွှင်စေသည်။ကိုယ်ဝန်ပျက်စေတက်သည်။၎င်းအရွက်ကိုအမှုန့်ပြုလုပ်၍အနာပေါ်ဖြူးပေးလျှင်အနာတွင်းရှိ ပိုးများသေ၍ အနာပျောက်ကင်းနိုင်ပါသည်။ဆီမီး တောက်ဥသည် အဖြူရောင်ရှိပြီး ထွန်သွားပုံသဏ္ဍန်ရှိ၍ နူးညံ့ပြီး ခါးသောအရသာရှိ၏။ စပ်၏။ ပူ၏။ ဆီမီးတောက်မြစ်ကို ပြောင်စင်အောင်ဆေးကြော၍  ရေနှင့်ကြိတ် သွေးပြီး ချက်နှင့် ယောနိပေါ်တွင် လိမ်းကျံပေးပါက ကလေးမီးဖွားလွယ်၏။ သားဖွားပြီးနောက် အချင်းမကျလျှင် ကလေး၏ လက်၊ ခြေတို့၌ လိမ်းကျံ ပေးပါက မိခင်အချင်း အမြန်ကျစေသည်ဟု ဆေးပညာဗဟုသုတမှ လေ့လာသိရှိရပါသည်။ ဆီမီးတောက်ပန်းကလေးများ ပွင့်ချိန်ဆိုလျှင် အလွန်လှပပါသည်။ လှသလောက်အဆိပ်ရှိသည့် ပန်းဖြစ်၍အဆိပ်ပန်း ဟုခေါ်ကြသည်။တောင်တောင်များတွင် အလေ့ကျပေါက်ပြီး တချို့နေအိမ်များတွင် အဆိပ်ဖြေပင် အဖြစ်စိုက်ပျိုးကြသည်။

DOCA (မန္တလေး)

ဇော်စိမ်းပန်းဈေးကွက်

            ဇော်စိမ်း၊ ဇော်ကျား၊ ဇော်လုံး စသည့်ပန်းပင်များမှာ အမျိုးအစားတူညီကြပြီး မြန်မာလူမျိုး တို့နဲ့ ရင်နှီးသော ပန်းပင်များဖြစ်ပါသည်။ ဇော်စိမ်းကို အချို့သောဒေသများမှာ ကျောက်စိမ်းပင်၊ ကျောက်စိမ်းပန်း၊ နှစ်တစ်ရာပန်း ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်တတ်သလို ဘုရားပန်းထိုးရန်အတွက် မိမိ၏ နေအိမ်ခြံဝန်းအတွင်း၌လည်း အလွယ် တကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်များဖြစ်ပါသည်။ ယနေ့ခေတ်မှာတော့ ဇော်စိမ်းကို Lucky Bamboo လို့ခေါ်တဲ့ ကံကောင်းလာဘ်ရွှင်စေတဲ့ အိမ်တွင်းအလှစိုက်အပင်အဖြစ်နဲ့ စိုက်ပျိုးနေကြပြီဖြစ်ပါသည်။ ဇော်စိမ်းပင်တွေဟာ သဘာဝအရ အကြမ်းခံပြီး အိမ်တွင်း အိမ်ပြင် အလွယ်တကူစိုက်ပျိုးနိုင်သည့်  အပင်များဖြစ်ပါသည်။ မြေအမျိုးအစားနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါသည်။ အပင်ပိုင်း မျိုးပွားနည်းနဲ့ကိုင်း၊ အတက်တို့ကိုမြေကြီးထဲထိုးစိုက်ထားရုံနဲ့ ရှင်သန်ကြီးထွားနိုင်ကြပါသည်။ 

           အပင်ရဲ့ပတ်လည်မှာ အမြစ်တွေ ကြီးထွားပွားများနိုင်ဖို့အတွက် သင့်တင့်တဲ့နေရာရနိုင်မယ့် ပန်းအိုးဖြစ်ဖို့လိုပါသည်။ ပြီးရင်မိမိမှာရှိတဲ့ အပင် (သို့မဟုတ်) ကိုင်းကို အိုးထဲထည့်စိုက်ပြီး စိုက်ပျိုး နိုင်ပါသည်။ မိမိအိမ်မှာ ကံကောင်းလာဘ်ရွှင် စေဖို့(သို့မဟုတ်) ဘုရားပန်းကပ်လှူဖို့အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားနိုင်ပါသည်။ ဒါ့အပြင် လေသန့်ပင်အမျိုးအစားထဲမှာလည်း ပါဝင်တာကြောင့် အိမ်တွင်းအလှစိုက်အပင်အနေနဲ့လည်း စိုက်ပျိုးနိုင်ပါသည်။ နွေရာသီတွင် အပူချိန်အလွန်ပြင်းသဖြင့် ဘုရားပူဇော်ရာတွင် အပွင့်ပန်းများ အစား တာရှည်ခံသည့် ဇော်စိမ်း(ခေါ်)အုန်းစိမ်းပန်းများဖြင့် ပူဇော်ကြသဖြင့် ၎င်းပန်းများမှာ အရောင်းသွက်လျက်ရှိပါသည်။ဇော်စိမ်းပန်းတွင် ပလပ်စတစ်အလှပန်းပွင့်များဖြင့် မွမ်းမံထားသော ပန်းများမှာ ၅ ပင်စည်း တစ်စည်းလျှင်(၂၀၀၀)ကျပ်၊ ရိုးရိုးဇော်စိမ်း/ဇော်ကြားပန်းများမှာ ၅ ပင်စည်းတစ်စည်း (၁၅၀၀) ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့၊ မြို့ဟောင်းဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရပါသည်။

DOCA (မန္တလေး)

 

                                                         

ရေမုံညှင်း

           ရေမုံညှင်းဆိုသည်မှာ  ဆောင်းရာသီတွင် ထွက်ပေါ်တတ်သော မုံလာ၊ မုံညှင်းစိမ်း၊ မုံညှင်းဖြူ မျိုးနွယ်ပင်မျိုး မဟုတ်ပေ။မိုးရာသီမှာသာ ထွက်ပေါ်တတ်သော အလေ့ကျ အများအပြား ပေါက်ရောက်တတ်သောအပင်မျိုးဖြစ်၍ မိုးကုတ်ဒေသတွင် အများအပြား ပေါက်ရောက်ရှင်သန် ပါသည်။ အညာဒေသမှာ ကန်စွန်းရွက်ပေါက်ရောက်ရှင်သန်သည့် အတိုင်း မိုးကုတ်ဒေသတွင် မုံညှင်းများပေါများစွာ ပေါက်ရောက်ပါသည်။ မိုးကုတ်ဒေသတွင် အစား အစာများထဲတွင် ရေမုံညှင်းဟင်းလျာသည်လည်း ပါဝင်ပါသည်။ ရေမုံညှင်းရွက်သည် ကြွပ်ဆတ်ဆတ်ရှိပြီး  အနံ့စူးစူးရှိပါသည်။ ရေမုံညှင်းတွင် သတ္တုဓာတ်ကြွယ်ဝသော အစိမ်းရောင် အပင်၊ အရသာမှာ ပူရှိန်းရှိန်းရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော အပင်မျိုးဖြစ်သည်။ ကင်ဆာကို ကာကွယ်နိုင်ခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ အရိုးကျန်းမာစေခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ ကိုယ်ခံအားကို ကောင်းစေကြောင်း လေ့လာသိရှိရသည်။ ရေမုံညှင်းကို စဉ်းပြီး ရေပြောင်စင်အောင်ဆေးကာ ကြက်သွန်ဖြူ၊ဂျင်း ဆီသပ်၍ ခရမ်းချဉ်သီးတစ်လုံးလှီးထည့်ကာဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်း မှုန့်ထည့်မွှေပြီး ရေမုံညှင်းထည့်၍ ကြော်လိုက်လျှင် ထမင်းမြိန်စေသော ရေမုံညှင်းကြော် ဟင်းလျာ တစ်ခွက် ရမည်ဖြစ်ပါသည်။ ဝိတ်ချသူများအတွက် အထူးကောင်းမွန်သော ရေမုံညှင်းရွက်ကြော်သည် မိုးကုတ်ဒေသအစားအစာတစ်ခုဖြစ်ပြီး ရေမုံညှင်းတစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း